နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အား Facebook တွင် တိုက်ခိုက်သည့်ပို့စ် တင်သည်ဟုဆိုကာ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် တရားစွဲခံရသော ငဖာအကောင့် ပိုင်ရှင်အား ရုံးထုတ်ပြီး သက်သေနှစ်ဦးကို စစ်ဆေး

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အား Facebook တွင် တိုက်ခိုက်သည့်ပို့စ် တင်သည်ဟုဆိုကာ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် တရားစွဲခံရသော ငဖာအကောင့် ပိုင်ရှင်အား ရုံးထုတ်ပြီး သက်သေနှစ်ဦးကို စစ်ဆေး
Published 23 November 2016
သက်မင်း

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အား Facebook တွင် တိုက်ခိုက်သည့်ပို့စ် တင်သည်ဟုဆိုကာ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ)ဖြင့် တရားစွဲခံရသော ငဖာအကောင့် ပိုင်ရှင်အား နိုဝင်ဘာ ၂၃ ရက်က မြောက်ဒဂုံမြို့နယ် တရားရုံးတွင် ရုံးထုတ် စစ်ဆေးခဲ့ပြီး ရှာဖွေသက်သေနှစ်ဦးကို စစ်ဆေးခဲ့သည်။
ငဖာအကောင့်ပိုင်ရှင် ကိုဇော်ဇော်အား ရဲတပ်ဖွဲ့က ၎င်း၏ နေအိမ်သို့ သွားရောက် ဖမ်းဆီးစဉ်  လက်ကိုင်ဖုန်းအား သိမ်းဆည်းရာတွင် ရှာဖွေသက်သေအဖြစ် လက်မှတ်ထိုးပေးခဲ့သော ကိုသူရကျော်နှင့် မြောက်ဒဂုံမြို့နယ် ၄၆ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကျော်မြင့် တို့ကို ယခုရုံးချိန်း၌ စစ်ဆေးခဲ့ခြင်းဖြစ်သည်။
တရားလိုပြသက်သေ ကိုသူရကျော်က အောက်တိုဘာ ၇ ရက်က ရဲတပ်ဖွဲ့က ၎င်းအား အရေးကြီးကိစ္စရှိ၍ စခန်းသို့ ခေတ္တလာရန် ခေါ်ယူခဲ့ကြောင်း၊ ၎င်းရောက်ရှိသောအခါ တရားလိုကို နေမျိုးကျော်နှင့် ယောက်ျားတစ်ဦး၊ မိန်းမတစ်ဦးသည် စခန်းသို့ ရောက်လာခဲ့ကြောင်း၊ ကိုနေမျိုးကျော်က Facebook  ပေါ်တွင် ငဖာအကောင့်ပိုင်ရှင်က ရေးသားထားသော စာသားများနှင့် ဓာတ်ပုံများကို ရဲစခန်းသို့ အပ်နှံခဲ့ကြောင်း၊ စာသားကို မမှတ်မိကြောင်း၊ ထိုအပ်နှံသည့် ရှာဖွေပုံစံပေါ်တွင် သက်သေအဖြစ် လက်မှတ်ထိုးပေးခဲ့ကြောင်း၊ သက်သေခံ ကိုနေမျိုးကျော်၏ တိုင်စာတွင် သမ္မတအမည်အား ဖော်ပြထားခြင်း မရှိကြောင်း၊ ယခုပြသ၍ တွေ့ရှိရကြောင်းစသည်ဖြင့် ရုံးတော်တွင် ထွက်ဆိုခဲ့သည်။
ထို့ပြင် တရားလိုပြသက်သေ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကျော်မြင့်က အခင်းဖြစ်ရက်ကို မမှတ်မိကြောင်း၊ အောက်တိုဘာလအတွင်းက ဖြစ်ကြောင်း၊ နေအိမ်တွင် ရှိနေစဉ် စခန်းမှူး ရောက်ရှိလာကာ အမှုနှင့်ပတ်သက်ပြီး တရားခံအား ဖမ်းဆီးရန် လာရောက်ခေါ်ဆောင်သဖြင့် လိုက်ပါခဲ့ရာ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင် ဦးအောင်နိုင်ပါ လိုက်ပါလာခဲ့ပြီး ရဲအုပ်နှင့် အခြားတပ်ဖွဲ့ဝင်နှစ်ဦးလည်း ပါရှိကြောင်း၊ ၄၆ ရပ်ကွက်ရှိ ငဖာအကောင့်ပိုင်ရှင်၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ စွပ်စွဲခံရသူ ငဖာအား နေအိမ်တွင် တွေ့ရပြီး စစ်ဆေးမေးမြန်းပြီးသောအခါ ၎င်းထံမှ ဖုန်းတစ်လုံးအား သိမ်းဆည်းခဲ့ကြောင်း၊ လက်ကိုင်ဖုန်းအမျိုးအစား ကီးပတ် (သို့) စမတ်ဖုန်းဖြစ်သည်ကို သတိမထားမိကြောင်း၊ အရောင်ကိုလည်း မမှတ်မိကြောင်း၊ သက်သေအဖြစ် ၎င်းနှင့် ရာအိမ်မှူးတို့က လက်မှတ်ထိုးခဲ့ပြီး အပ်သူနေရာတွင် စွပ်စွဲခံရသူက လက်မှတ်ထိုးခဲ့ကြောင်း စသည်ဖြင့် ထွက်ဆိုခဲ့သည်။
ငဖာအကောင့်ပိုင်ရှင်အား ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် မြောက်ဒဂုံမြို့နယ် တရားရုံးတွင် တရားစွဲဆိုထားသော ကိုနေမျိုးကျော်သည် နေလင်းအောင် အကောင့်ပိုင်ရှင်ကိုလည်း မြောက်ဥက္ကလာပမြို့နယ် တရားရုံး၌ တရားစွဲဆိုထားသည်။