ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ)အား ဘဝင်မကျကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပြောကြား

ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ)အား ဘဝင်မကျကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပြောကြား
Published 23 November 2016
စိုးမင်းထိုက်

ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ)အား ဘဝင်မကျကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က နိုဝင်ဘာ ၂၃ ရက်တွင် အမျိုးသားလွှတ်တော်၌ မီဒီယာများအား ပြောကြားသည်။
၆၆ (ဃ) နှင့်ပတ်သက်ပြီး ဝန်ကြီးဌာနအနေဖြင့် ပြင်ဆင်ရန် ရှိ မရှိအား သတင်းထောက်များက မေးမြန်းခဲ့သည်။
အဆိုပါ မေးမြန်းမှုအား ပြည်ထောင်စုဝန်ကြီးက “ဒီပုဒ်မနဲ့ ပတ်သက်ပြီး လွှတ်တော်က မေးလာရင်ပေါ့ဗျာ။ အမှန်ကတော့ ဒီဟာကြီးက တစ်မျိုးကြီးဖြစ်နေတာ။ ကျွန်တော့်စိတ်ထဲတော့ သိပ်ပြီးတော့ ဘဝင်မကျတာတော့ အမှန်ပါပဲ။ တကယ်ပြောရရင်တော့ အာမခံမပေးဘူး၊ ပေးတယ်ဆိုတာကတော့ တရားရုံးရဲ့ကိစ္စဖြစ်လို့ ဘာမှမပြောလိုပါဘူး” ဟု မီဒီယာများအား ပြောကြားသည်။
ထို့ပြင် ပုဒ်မ ၆၆ (ဃ)နှင့် ပတ်သက်ပြီး ဝန်ကြီးဌာနအနေဖြင့် ဘာလုပ်ဖို့ရှိပါသလဲဟု မီဒီယာများက ဆက်လက်မေးမြန်းခဲ့သည်။
အဆိုပါ မေးမြန်းမှုအား ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က “အဲဒါကလည်း ကျွန်တော်က လက်ရှိ ရှိနေတဲ့ ဥပဒေအတိုင်း သွားရတာပေါ့နော်။ လက်ရှိ ရှိနေတဲ့ ဥပဒေက ဒီလိုဗျ။ ၆၆ (ဃ) ထဲမှာ ပါတယ်ထင်တယ် သူက။ သက်ဆိုင်ရာဝန်ကြီးဌာနရဲ့ ဆုံးဖြတ်ချက် ယူရမယ်ဆိုတာက ဆက်သွယ်ရေးဥပဒေ အပိုဒ် ၈၀ မှာ ထည့်ထားတယ်။အဲဒီအထဲမှာ ခက်နေတာက ဒီတယ်လီဖုန်းနံပါတ်က ဒီလိုစာသားကို တင်တယ်၊ ဒီလိုဓာတ်ပုံကို တင်တယ်ဆိုတာ ဟုတ် မဟုတ်ကို စစ်ဖို့က ဘယ်သူ့တာဝန်လဲဆိုတော့ ပြည်ထဲရေး။ ပြည်ထဲရေးက စစ်တာ ဖြစ်ပါတယ်။နောက်တစ်ခုက ဒီဟာသည် ၆၆ (ဃ) နှင့်ငြိခြင်း မငြိခြင်း၊ တရားဥပဒေအရ တာဝန်ရှိခြင်း မရှိခြင်းကို ဘယ်သူက စစ်လဲဆိုရင် တရားရုံးက စစ်ပါတယ်။ အမှန်က ကျွန်တော်က ဘယ်ဟာကိုပဲ ဖြေလိုက်ဖြေလိုက် ကျွန်တော့်အနေနဲ့ကတော့ ၆၆ (ဃ) နဲ့ငြိလို့ တရားရုံးက စစ်ဆေးတာပဲဖြစ်ဖြစ်၊ ပြည်ထဲရေးက နည်းပညာအရ စိစစ်ထားသော ဒီဖုန်းနံပါတ်ဟာ ဒီစာကို ရေးတယ်ဆိုတာ မှန်တယ်ဆိုရင် ကျွန်တော့်ဘက်က ဘာမှကန့်ကွက်စရာ မရှိဘူး။ ဘာမှကို မှတ်ချက်ပေးရန် မရှိဘူး။ ဒီလိုပဲ ကျွန်တော် ထင်ပါတယ်”ဟု ပြောကြားသည်။
ဆက်သွယ်ရေးဥပဒေအား ၂၀၁၃ ခုနှစ်တွင် အတည်ပြုခဲ့ခြင်း ဖြစ်ကြောင်း၊ ယခင် အစိုးရလက်ထက်တွင် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ)ဖြင့် တရားစွဲဆိုခံရမှုမှာ ခုနစ်မှု ရှိခဲ့ပြီး ငါးဦး ပြစ်ဒဏ်ချမှတ်ခံခဲ့ရကြောင်း၊ အစိုးရသစ် တက်လာသည့် တစ်နှစ်မပြည့်သေးသည့် ကာလအတွင်း နိုဝင်ဘာ ၁၆ ရက်အထိ တရားစွဲဆိုမှု ၂၉ မှုရှိကြောင်း သိရသည်။
ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ)နှင့် ပတ်သက်၍ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာသုံးသပ်ရေး ကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်း က ၎င်း၏ ဖေ့ဘွတ်စာမျက်နှာပေါ်တွင် ယင်းပုဒ်မနှင့် ပတ်သက်ပြီး အကြံပြုချက်များ တောင်းခံထားကြောင်း သိရသည်။
 

Most Read

Most Recent