ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ်တွင် ကရိန်းကားနှင့် ၂၂ ဘီးယာဉ်တွဲကားတို့ ယာဉ်တိုက်မှု ဖြစ်ပွားပြီး ၄ ဦး သေဆုံးကာ ၆ ဦး ဒဏ်ရာရ

ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ်တွင် ကရိန်းကားနှင့် ၂၂ ဘီးယာဉ်တွဲကားတို့ ယာဉ်တိုက်မှု ဖြစ်ပွားပြီး ၄ ဦး သေဆုံးကာ ၆ ဦး ဒဏ်ရာရ
Published 22 November 2016
ဘိုဘိုမြင့်

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကျူချောင်ကျေးရွာအုပ်စု သံတံတားကျေးရွာ ရန်ကုန်-မော်လမြိုင် ကားလမ်း မိုင်တိုင်အမှတ် (၁၁၆/၅) တွင် နိုဝင်ဘာလ ၂၂ ရက်နေ့ညနေ ၄ နာရီ ၃၀ မိနစ် အချိန်က ကရိန်းကားနှင့် ၂၂ ဘီးယာဉ်တွဲကားတို့ ယာဉ်တိုက်မှု ဖြစ်ပွားရာမှ ၄ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ရန်ကုန်ဘက်မှ မော်လမြိုင်ဘက်သို့ ယာဉ်မောင်း ကျော်သူရ ၂၇ နှစ် ချောက်မြို့နယ်နေသူ အပါအဝင် ၃ ဦး လိုက်ပါလာသည့် FUSO အမျိုးအစား ကရိန်းကား အဖြူရောင်ယာဉ်သည် ကျိုက်ထိုမြို့နယ် ကျူချောင်ကျေးရွာအုပ်စု သံတံတားကျေးရွာ ရန်ကုန်-မော်လမြိုင် ကားလမ်း မိုင်တိုင်အမှတ် (၁၁၆/၅) အရောက်တွင် အရှိန်မထိန်းနိုင်ဘဲ မျက်နှာချင်းဆိုင်မှ လာသော ယာဉ်မောင်း ဇော်မျိုးထက် ၂၂ နှစ် (ဘ) ဦးသန်းထူး ကျိုက်ပွန်ရပ်ကွက် ပဲခူးမြို့နေသူ မောင်းနှင်ပြီး ကျောက်တင်လုပ်သား ၆ ဦး လိုက်ပါလာသည့် FUSO အမျိုးအစား (၂၂) ဘီးယာဉ် အနီရောင်တွဲကားအား ဝင်ရောက်တိုက်မိခဲ့ခြင်း ဖြစ်ကြောင်း ရဲမှတ်တမ်းအရ သိရသည်။
ယာဉ်တိုက်မှုကြောင့် ကရိန်းကားပေါ်ပါ ယာဉ်မောင်း ကျော်သူရနှင့် ၂၂ ဘီးတွဲကားပေါ်ပါ တေဇာအောင်၊ ဇွဲမောင်မောင်၊ စိုးလင်းကိုတို့ ၄ ဦးမှာ အခင်းဖြစ်ပွားရာ နေရာတွင် သေဆုံးသွားခဲ့ပြီး၊ ကရိန်းကားပေါ်ပါ မြတ်မိုး၊ ကောင်းထက်ဇော်နှင့် ၂၂ ဘီးယာဉ်တွဲ ကားပေါ်ပါ ယာဉ်မောင်း ဇော်မျိုးထက်၊ ညီညီဝေ၊ မျိုးကျော်သူ၊ သိန်းမင်းထွန်းတို့မှာ ထိခိုက်ဒဏ်ရာများ အသီးသီး ရရှိခဲ့ကြပြီး ကျိုက်ထိုပြည်သူ့ဆေးရုံသို့ တင်ပို့ကာ ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး ယာဉ်အား မဆင်မခြင် မောင်းနှင်ပြီး သေဆုံး/ဒဏ်ရာ အသီးသီး ရရှိစေခဲ့သူ ကျော်သူရ (သေဆုံး) အား ကျိုက်ထိုမြို့မ ရဲစခန်းမှ ယာဉ် (ပ) ၈၄/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ-၃၀၄ (က)/၃၃၈/၃၃၇ အရ အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။