သမ္မတတာဝန် စထမ်းဆောင်သည့်နေ့မှာပင် အမေရိကန်က ပစိဖိတ်ဖြတ်ကျော် ပူးပေါင်းဆောင်ရွက်မှု ကုန်သွယ်ရေး သဘောတူညီချက်မှ နုတ်ထွက်မည်ဟု ထရန့်က ပြောကြား

သမ္မတတာဝန် စထမ်းဆောင်သည့်နေ့မှာပင် အမေရိကန်က ပစိဖိတ်ဖြတ်ကျော် ပူးပေါင်းဆောင်ရွက်မှု ကုန်သွယ်ရေး သဘောတူညီချက်မှ နုတ်ထွက်မည်ဟု ထရန့်က ပြောကြား
Published 22 November 2016

အိမ်ဖြူတော်တွင် သမ္မတတာဝန် စတင်ထမ်းဆောင်သည့် ပထမနေ့မှာပင် ပစိဖိတ်ဖြတ်ကျော် ပူးပေါင်းဆောင်ရွက်မှု Trans-Pacific Partnership ကုန်သွယ်ရေး သဘောတူညီချက်မှ အမေရိကန်က နုတ်ထွက်မည်ဟု ကြေညာမည်ဖြစ်ကြောင်း ဒေါ်နယ်ထရန့်က နိုဝင်ဘာ ၂၂ တွင် ပြောကြားခဲ့သည်။
ကွန်ဂရက်ထံမှ သဘောတူညီမှုရရန် မလိုဘဲ သမ္မတ၏ ဆုံးဖြတ်ခွင့် အာဏာဖြင့် ချက်ချင်းဆောင်ရွက်မည်ဟု သတိပေးထားသော ခြောက်ချက်အနက် TPP မှ နုတ်ထွက်ရေးသည် တစ်ချက် အပါအဝင် ဖြစ်သည်။
TPP သည် ကမ္ဘာ့စီးပွားရေး၏ ၄၀ ရာခိုင်နှုန်းကို လွှမ်းခြုံသော ၁၂ နိုင်ငံက လက်မှတ်ရေးထိုးသည့် ကုန်သွယ်ရေး သဘောတူညီချက် ဖြစ်သည်။
နယူးယောက်ရှိ ထရန့်တာဝါတွင် အစိုးရ အဖွဲ့ဝင်များ ရွေးချယ်နေသည်မှာ ၁၀ ရက် ရှိပြီဖြစ်သော ရီပက်ဘလီကင် ဘီလျံနာ ထရန့်က ဖြန့်ချိသော ဗီဒီယို သတင်းစကားတွင် ပထမရက် ၁၀၀ အတွက် ဦးစားပေး ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ချပြခဲ့ပြီး ဝါရှင်တန်ကို ပြုပြင်ပြောင်းလဲရန်နှင့် လူလတ်တန်းစားအား ပြန်လည်တည်ဆောက်ရေးအတွက် ကုန်သွယ်ရေးမှသည် လူဝင်မှုကြီးကြပ်ရေး၊ အမျိုးသားလုံခြုံရေး၊ ကျင့်ဝတ် စသည့် လုပ်ငန်းစဉ် ခြောက်ရပ်ကို ပထမနေ့မှာပင် ဆောင်ရွက်မည်ဟု ပြောကြားခဲ့သည်။
အသက် ၇၀ အရွယ် အိမ်ခြံမြေလုပ်ငန်း သူဌေးကြီး ထရန့်က “ကျွန်တော့်ရဲ့ အစီအစဉ်ကတော့ ရိုးရှင်းတဲ့ အခြေခံမူ တစ်ခုပေါ်မှာ တည်ထားပါတယ်။ အဲဒါက အမေရိကကို ပထမဖြစ်ရေးပါပဲ” ဟု ပြောကြားခဲ့သည်။
TPP သည် ကုန်သွယ်ရေးနှင့် ပတ်သက်၍ အမေရိကန်အတွက် ကပ်ဆိုးကြီး ဖြစ်လာနိုင်သည်ဟု ဇန်နဝါရီ ၂၀ တွင် သမ္မတတာဝန် ထမ်းဆောင်မည့် ထရန့်က ပြောကြားခဲ့သည်။ TPP အစား အမေရိကန်သို့ အလုပ်အကိုင်နှင့် လုပ်ငန်းများ ပြန်လည်ဆောင်ကြဉ်းမည့် နှစ်နိုင်ငံ ကုန်သွယ်ရေး သဘောတူညီချက်များကို ပြန်လည်ဆွေးနွေးသွားမည်ဖြစ်ကြောင်း ထရန့်က ဆိုခဲ့သည်။
သမ္မတ အိုဘားမားက အစပြု ဆောင်ရွက်ခဲ့သော ကုန်သွယ်ရေး သဘောတူညီချက် ဖြစ်သည့် TPP နှင့် မြောက်အမေရိက လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူညီချက် NAFTA တို့သည် သမ္မတရွေးကောက်ပွဲတွင် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ ထရန့်က TPP နှင့် NAFTA တို့သည် အမေရိကန်၏ စီးပွားရေးနှင့် အလုပ်အကိုင်တို့ကို ထိခိုက်စေသည်ဟု စွပ်စွဲထားသည်။
TPP သည် ရီပက်ဘလီကင်တို့ ထိန်းချုပ်ထားသော ကွန်ဂရက်ထံမှ သဘောတူညီမှု ရရှိရန် လိုအပ်နေဆဲဖြစ်ပြီး NAFTA အတွက်လည်း ဆွေးနွေးညှိနှိုင်းမှုများ ပြန်လည်ဆောင်ရွက်နေသည်။
TPP ကို ဖျက်သိမ်းပါက မဟာဗျူဟာမြောက် နစ်နာမှုနှင့် စီးပွားရေးအရ နစ်နာမှုတို့ ကြီးကြီးမားမား ရှိလာမည်ဟု အမေရိကန် ကုန်သွယ်ရေး ကိုယ်စားလှယ် မိုက်ကယ်ဖရိုမန်က ပြီးခဲ့သည့် တစ်ပတ်တွင် သတိပေးထားသည်။
ကျောက်မီးသွေး ထုတ်လုပ်မှုအား ကန့်သတ်မှုများကြောင့် အလုပ်အကိုင် ပျက်စီးစေမှုအား လျှော့ချပြီး ဗီဇာအလွဲသုံးစား ပြုလုပ်မှုများအား ရပ်တန့်ပစ်မည်ဟုလည်း ထရန့်က ဝန်ခံ ကတိပြုခဲ့သည်။
Ref: AFP

Most Read

Most Recent