ထိုင်းစစ် အစိုးရက ဆင်းရဲသားများအား ငွေသားအကူအညီ ဒေါ်လာ ၃၅၈ သန်း ထုတ်ပေးရန် ကြေညာ

ထိုင်းစစ် အစိုးရက ဆင်းရဲသားများအား ငွေသားအကူအညီ ဒေါ်လာ ၃၅၈ သန်း ထုတ်ပေးရန် ကြေညာ
Published 22 November 2016

ထိုင်းနိုင်ငံထဲရှိ အဆင်းရဲဆုံး ပြည်သူအချို့အား ငွေသားအကူအညီ ဒေါ်လာ ၃၅၈ သန်း ထုတ်ပေးမည့် အစီအစဉ်ကို အာဏာသိမ်း စစ်အစိုးရက နိုဝင်ဘာ ၂၂ ရက်တွင် ကြေညာခဲ့သည်။ ၎င်းတို့ ဖြုတ်ချခဲ့သော အရပ်သား အစိုးရ၏ အရှုံးခံ စိုက်ထုတ်ပေးမှု အစီအစဉ်အား ရှုတ်ချခဲ့သော စစ်အစိုးရက ယင်းအစီအစဉ်ကိုပင် အံ့အားသင့်ဖွယ်ရာ ကြေညာလိုက်ခြင်း ဖြစ်သည်။ ၂၀၁၄ ခုနှစ် အာဏာသိမ်းမှု မတိုင်မီ ရာထူးမှ ဖယ်ရှားခံခဲ့ရသော ရွေးကောက်ခံ ဝန်ကြီးချုပ်ဟောင်း ယင်လက်ရှင်နာဝပ်သည် ၎င်း၏ အစိုးရ လက်ထက်တွင် ကျေးလက်နေ ဆင်းရဲသား ပြည်သူများအတွက် အရှုံးခံ စိုက်ထုတ်ပေးမှု အစီအစဉ်ကြောင့် ထောင်ဒဏ် ၁၀ နှစ်အထိ ကျခံရနိုင်သည့် အခြေအနေ ကြုံနေရစဉ် စစ်အစိုးရက ယင်းအစီအစဉ်အား ကြေညာခဲ့ခြင်းဖြစ်သည်။
ဒေါ်လာဘီလျံနှင့်ချီ နစ်နာစေခဲ့သော ယင်လက်အစိုးရ၏ ဆန်စပါး ရောင်းဝယ်ရေး အစီအစဉ်အား ဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာက အာဏာသိမ်းခဲ့ပြီးနောက် ဝေဖန်ပြစ်တင်ခဲ့ပြီး အစိုးရ၏ လူအများကြိုက် လုပ်ဆောင်သည့် အလေ့အထများအား အဆုံးသတ်ပစ်မည်ဟု ကြွေးကြော်ခဲ့သည်။ သို့သော် အလွန်အမင်း အထိနာနေသော လူထုအား သက်သာရာရစေရန် နောက်ဆုံးကြိုးပမ်းမှုအဖြစ် လာမည့် လတွင် ဆင်းရဲသားများအား ငွေသားအကူအညီ ဒေါ်လာ ၃၅၈ သန်း ထုတ်ပေးသွားမည်ဟု ပရာယွတ်က ကြေညာခဲ့ခြင်း ဖြစ်သည်။
ယင်းအစီအစဉ်သည် စားသုံးသူများ၏ သုံးစွဲမှု မြင့်မားလာစေမည့် စီးပွားရေးလှုံ့ဆော်မှု အစီအစဉ်တစ်ခု ဖြစ်လာမည်ဖြစ်ကြောင်း ပရာယွတ်က ပြောကြားခဲ့သည်။ တစ်နှစ်လျှင် ဝင်ငွေ ဘတ် ၃၀၀၀၀ (၈၄၅ ဒေါ်လာ) အောက်သာရရှိသည့် ဆင်းရဲသားများသည် တစ်ကြိမ်လျှင် ငွေသားဘတ် ၃၀၀၀ ရရှိမည် ဖြစ်ပြီး ဘတ် ၃၀၀၀၀ မှ တစ်သိန်းအကြား ဝင်ငွေရရှိသူများသည် ဘတ် ၁၅၀၀ ရရှိမည် ဖြစ်ကြောင်း သိရသည်။
ငွေကြေး အကူအညီများ ရရှိထားပြီး ဖြစ်သည့် လယ်သမားများသည် ယခု အစီအစဉ်တွင် ပါဝင်မည် မဟုတ်ကြောင်း ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။
အာဏာသိမ်း စစ်ဘက်အစိုးရသည် လူ့အခွင့်အရေးများအား ဖိနှိပ်ခြင်းဖြင့် အတိုက်အခံများအား ထိန်းချုပ်နိုင်ခဲ့သော်လည်း စီးပွားရေး အောင်မြင်မှု ရရှိရန် အတွက်မူ ခက်ခဲနေကြောင်း တွေ့ရှိခဲ့သည်။ အာဏာသိမ်းမှုနောက်ပိုင်း စီးပွားရေး တိုးတက်မှုအချို့ ရှိခဲ့သော်လည်း တစ်ချိန်က ဒေသတွင်း၌ အခိုင်မာဆုံး စီးပွားရေးရှိခဲ့သော ထိုင်းနိုင်ငံတွင် အိမ်ထောင်စုကြွေးမြီ မြင့်တက်လာမှု၊ ပို့ကုန်ကျဆင်းမှု၊ ပြည်ပရင်းနှီးမြှုပ်နှံမှု ကျဆင်းမှု၊ စားသုံးသူ ယုံကြည်မှု ကျဆင်းလာမှုတို့ ကြုံတွေ့နေရသည်။
လယ်သမားများ အထူးသဖြင့် စပါးနှင့် ရော်ဘာစိုက်ပျိုးရေး ကဏ္ဍတို့တွင် လုပ်ကိုင်နေသူ အများအပြားသည် ယခုနှစ်တွင် လူသုံးကုန် ဈေးနှုန်းများ ကျဆင်းမှုကြောင့် အလွန်အမင်း အထိနာနေခဲ့သည်။ ဈေးကွက်တွင် ပိုလျှံမှု ဖြစ်ပွားခြင်းမှ ရှောင်လွဲှရန်အတွက် ၎င်းတို့၏ စပါးများအား မရောင်းချဟု ကတိပြုသည့် လယ်သမားများအား ဒေါ်လာ ၁ ဒသမ ၃ ဘီလျံထက်မနည်း စိုက်ထုတ်ကူညီမည့် အစီအစဉ်ကို စစ်အစိုးရက ယခုလ အစောပိုင်းတွင် အတည်ပြုခဲ့သည်။
Ref: AFP

Most Read

Most Recent