ကိုလံဘီယာ ငြိမ်းချမ်းရေး သဘောတူညီချက် အသစ်ကို အတိုက်အခံများက ပယ်ချ

ကိုလံဘီယာ ငြိမ်းချမ်းရေး သဘောတူညီချက် အသစ်ကို အတိုက်အခံများက ပယ်ချ
Published 22 November 2016

နိုဝင်ဘာ ၁၂ ရက်က ကျူးဘားနိုင်ငံ ဟာဗားနားမြို့တွင် နောက်ဆုံးငြိမ်းချမ်းရေး သဘောတူညီချက် လက်မှတ်ထိုးသည့် အခမ်းအနား၌ တွေ့ရသော ကိုလံဘီယာ အစိုးရငြိမ်းချမ်းရေး ဆွေးနွေးညှိနှိုင်းမှုအဖွဲ့ တာဝန်ရှိသူများနှင့် FARC သူပုန်အဖွဲ့ငြိမ်းချမ်းရေးဆွေးနွေးညှိနှိုင်းမှု တာဝန်ရှိသူများ (Photo: AP)
ကိုလံဘီယာ အစိုးရနှင့် FARC သူပုန်တို့ စေ့စပ်ဆွေးနွေးပြီး ထပ်မံ ရရှိလာသည့် ငြိမ်းချမ်းရေး သဘောတူညီချက် အသစ်ကို အတိုက်အခံများက ပယ်ချလိုက်သည်ဟု သိရသည်။ အတိုက်အခံများသည် အစိုးရ ကိုယ်စားလှယ်များနှင့် ခြောက်နာရီကြာ ဆွေးနွေး တွေ့ဆုံပြီးနောက် ယခုကဲ့သို့ ပယ်ချလိုက်ခြင်း ဖြစ်သည်။
ပြန်လည်ပြင်ဆင်ထားသည့် ငြိမ်းချမ်းရေး သဘောတူညီချက် အသစ်ကို ပြန်လည် သုံးသပ်ပေးရန် လက်ယာယိမ်း အထက်လွှတ်တော် အမတ်တစ်ဦးဖြစ်ပြီး အတိုက်အခံ အုပ်စု၏ ခေါင်းဆောင်လည်းဖြစ်သည့် အယ်ဗာရိုအူရီဘေးက နိုဝင်ဘာ ၂၁ ရက်တွင် ကိုလံဘီယာ သမ္မတ ဟွမ်မန်နျူရယ်ဆန်းတို့စ်နှင့် တွေ့ဆုံပြီး ပြောကြားခဲ့သည်။
အစိုးရနှင့် FARC သူပုန်တို့ကြားတွင် ရရှိခဲ့သည့် ပထမ သဘောတူညီချက်ကို အောက်တိုဘာ ၂ ရက်က ပြုလုပ်ခဲ့သည့် လူထုသဘောထား ခံယူပွဲ၌ ကိုလံဘီယာ မဲဆန္ဒရှင်များက မမျှော်လင့်ဘဲ ပယ်ချလိုက်သည်။ “အစိုးရဟာ အဓိက အကြောင်းအရာတွေမှာ ပြုပြုင်ပြောင်းလဲမှုတွေ ပြုလုပ်ဖို့ကို ငြင်းဆန်နေပါတယ်။ ကျွန်တော်တို့ကလည်း အစိုးရနဲ့ FARC သူပုန်တို့ရဲ့ သဘောတူညီချက်မှာ အပြောင်းအလဲတွေလုပ်ဖို့ အပြင်းအထန် တောင်းဆိုနေတာ ဖြစ်ပါတယ်” ဟူအူရီဘေးက ဂျာနယ်လစ်များကို ပြောကြားခဲ့သည်။
အတိုက်အခံတို့က ယခု သဘောတူညီချက် အသစ်တွင် ၎င်းတို့၏ တောင်းဆိုချက် အချို့ အတိအကျ မပါဝင်ပါက ပြည်သူတို့ ပယ်ချမည့် နောက်ထပ် သဘောတူညီချက်ကို ထပ်မံ လုပ်ဆောင်သလို ဖြစ်နေလိမ့်မည်ဟု ထပ်လောင်း သတိပေးခဲ့သည်။ “အပြောင်းအလဲလုပ်မယ့် ကိစ္စတွေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ဟာ အစိုးရနဲ့ရော သူပုန်တွေနဲ့ပါ တွေ့ဆုံဆွေးနွေးဖို့ အလွန် လိုလားပါတယ်” ဟု အူရီဘေးက ပြောကြားခဲ့သည်။
ငြိမ်းချမ်းရေး သဘောတူညီချက်တွင် လက်မှတ်ရေးထိုးရေးအတွက် ပြင်ဆင်ရန် မြို့တော်ဘိုဂိုတာသို့ နိုဝင်ဘာ ၂၁ ရက်က ရောက်ရှိလာသည့် သူပုန်ကိုယ်စားလှယ်များနှင့် တွေ့ဆုံရေးအတွက် အတိုက်အခံတို့ဘက်က တောင်းဆိုနေကြောင်းလည်း ကွန်ဆာဗေးတစ်ခေါင်းဆောင် အူရီဘေးက ဆိုခဲ့သည်။ အစိုးရကမူ ယခု သဘောတူညီချက် အသစ်တွင် အတိုက်အခံဘက်မှ ထောက်ပြထားသည့် အချက်ပေါင်း ၅၇ ချက် အနက်မှ ၅၆ ချက်ကို ပြုပြင်ထားသည်ဟု ဆိုခဲ့သည်။
အောက်တိုဘာလကပင် ငြိမ်းချမ်းရေး နိုဘယ်ဆု ရရှိထားသည့် ဆန်းတို့စ်က ယခု သဘောတူညီချက် အသစ်ကို နိုဝင်ဘာ ၂၃ ရက်၌ ကွန်ဂရက်တွင် တင်ပြပြီး ဆွေးနွေးစေမည်ဟု ဆိုခဲ့သည်။
ရာစုနှစ် ထက်ဝက်ကျော် ကြာမြင့်ပြီ ဖြစ်သည့် ကိုလံဘီယာ လက်နက်ကိုင် ပဋိပက္ခအတွင်း သေဆုံးသူ ၂၆၀၀၀၀ ကျော် ရှိပြီဖြစ်ကာ လူပေါင်း ၆၀၀၀၀ ကျော် ပျောက်ဆုံးနေပြီး နေရပ်များမှ ရွှေ့ပြောင်းထွက်ပြေးခဲ့ရသူ ၆ ဒသမ ၉ သန်းခန့် ရှိပြီဖြစ်သည်။
Ref: AFP

Most Read

Most Recent