ဂျပန်တွင် အင်အားပြင်း ငလျင်တစ်ခု လှုပ်ခတ်ခဲ့ရာ ဖူကူရှီးမားသို့ ဆူနာမီလှိုင်း တစ်ခု ရိုက်ခတ်

ဂျပန်တွင် အင်အားပြင်း ငလျင်တစ်ခု လှုပ်ခတ်ခဲ့ရာ ဖူကူရှီးမားသို့ ဆူနာမီလှိုင်း တစ်ခု ရိုက်ခတ်
Published 22 November 2016

ဂျပန်နိုင်ငံ အရှေ့မြောက်ပိုင်းတွင် နိုဝင်ဘာ ၂၂ ရက်က ပြင်းအား ၆ ဒသမ ၉ အဆင့်ရှိသည့် အင်အားပြင်း ငလျင်တစ်ခု လှုပ်ခတ်ခဲ့ရာ ကမ်းရိုးတန်း တစ်လျှောက်၌ ဆူနာမီ လှိုင်းများကို ဖြစ်ပေါ်စေခဲ့သည်။ နျူကပ်ဘေး ဖြစ်ပွားခဲ့ဖူးသည့် ဖူကူရှီးမား နျူကလီးယားစွမ်းအင် စက်ရုံရှိရာ ကမ်းခြေသို့လည်း တစ်မီတာ (၃ ဒသမ ၃ ပေ) အမြင့်ရှိသည့် ဆူနာမီလှိုင်းတစ်ခု ရိုက်ခတ်ခဲ့ကြောင်း သိရသည်။
အမျိုးသား ရုပ်သံဌာန NHK က ငလျင်လှုပ်ခတ်ခဲ့သော ဒေသများရှိ ပြည်သူများကို မြေမြင့်သော အရပ်သို့ ချက်ချင်း ထွက်ပြေးကြရန် တိုက်တွန်းခဲ့ပြီး ၂၀၁၁ ခုနှစ် ငလျင်က ရသည့် သင်ခန်းစာများကို ပြန်လည် သတိရကြရန်လည်း ထုတ်ပြန်ခဲ့သည်။ ၂၀၁၁ ခုနှစ် မတ်လက အင်အားပြင်းထန်သည့် ပင်လယ်ရေအောက် ငလျင်တစ်ခု လှုပ်ခတ်ခဲ့ရာ ယင်းကြောင့် ဖြစ်ပေါ်လာသည့် ဆူနာမီ လှိုင်းလှုံးကြီးကြောင့် သေဆုံး ပျောက်ဆုံးသူ ၁၈၅၀၀ ဦး ရှိခဲ့သည်။ ထို့ပြင် ဖူကူရှီးမား ဒိုင်အိချီ နျူကလီးယား စက်ရုံထဲရှိ ဓာတ်ပေါင်းဖို သုံးခုလည်း ပျက်စီးသွားခဲ့ပြီး ကမ္ဘာပေါ်တွင် အဆိုးရွားဆုံး နျူကလီးယား ဘေးအန္တရာယ်ကြီး တစ်ခုကို ဖြစ်ပေါ်ခဲ့သည်။
ယခု လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် ဖူကူရှီးမား နျူကလီးယား စက်ရုံရှိသည့် စီရင်စုသို့ တစ်မီတာမြင့်သော ဆူနာမီလှိုင်းတစ်ခု ရိုက်ခတ်ခဲ့ပြီး ယခုအချိန်အထိ ထိခိုက် ပျက်စီးမှု ရှိသည့် သတင်း မထွက်လာသေးပေ။ နိုင်ငံအရှေ့မြောက်ပိုင်းရှိ ကမ်းရိုးတန်းကိုမူ ၁ ဒသမ ၄ မီတာ (၄ ဒသမ ၆ ပေ )အမြင့် ရှိသည့် ဆူနာမီလှိုင်းများ ရိုက်ခတ်ခဲ့ကြောင်း သိရသည်။ သို့သော်လည်း ယင်းတို့သည် မူလက ခန့်မှန်းထားသည့် သုံးမီတာ အမြင့်ရှိသည့် ဆူနာမီလှိုင်းများ ရိုက်ခတ်နိုင်သည် ဟူသော သတိပေးချက်ထက် သေးငယ်နေခဲ့သည်။
အမေရိကန် ဘူမိဗေဒ လေ့လာရေး အဖွဲ့မှ ထုတ်ပြန်ချက်ထဲ၌ ဖူကူရှီးမား ကမ်းလွန်ရှိ ပစိဖိတ် သမုဒ္ဒရာထဲတွင် ဒေသစံတော်ချိန် နံနက် ၆ နာရီ မတိုင်မီက ဇောက်အနက် ၁၁ ဒသမ ၆ ကီလိုမီတာ (ခုနစ်မိုင်)တွင် ပြင်းအား ၆ ဒသမ ၉ အဆင့်ရှိသည့် ငလျင်တစ်ခု လှုပ်ခတ်သွားခဲ့သည်ဟု ဖော်ပြခဲ့သည်။ ထိုအင်အားပြင်း ငလျင်ကြီးကြောင့် ကမ်းရိုးတမ်း၏ တောင်ဘက် ၂၃၀ ကီလိုမီတာ အကွာတွင် ရှိသည့် တိုကျိုမြို့တော်မှာပင် အဆောက်အအုံများ လှုပ်ခါသွားခဲ့သည်။
ရုပ်သံသတင်း ဓာတ်ပုံများတွင် ဖော်ပြချက်ထဲတွင် ယခု လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် ထိခိုက်ပျက်စီးမှု ကြီးကြီးမားမား ဖြစ်ပေါ်သည်ကို မတွေ့ရသေးဘဲ အာဏာပိုင်များက ဒဏ်ရာ အနည်းငယ် ရရှိသည့်သူအချို့ ရှိသည်ဟု ထုတ်ပြန်ခဲ့သည်။ သို့သော် ကမ်းရိုးတန်းများ၌ နေထိုင်သည့် ဒေသခံများမှာမူ အလွန်ကြောက်ရွံ့ တုန်လှုပ်သွားခဲ့ကြောင်း သိရသည်။
Ref: AFP

Most Read

Most Recent