တရုတ်က မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသော တိုက်ပွဲများကို အနီးကပ် စောင့်ကြည့်နေသည်ဟု ပြောကြား

တရုတ်က မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသော တိုက်ပွဲများကို အနီးကပ် စောင့်ကြည့်နေသည်ဟု ပြောကြား
Published 21 November 2016
Ref: China Daily

တရုတ်စစ်တပ်က ပဋိပက္ခတွင် ပါဝင်နေသည့် ဘက်အသီးသီးတို့အား တင်းမာမှုများ မြင့်တက်ခြင်းကို ရှောင်ရှားရန်အတွက် ထိန်းချုပ်မှုများ ပြုလုပ်ကြရန်နှင့် တရုတ်နိုင်ငံ၏ အချုပ်အခြာ အာဏာပိုင်ဆိုင်မှုနှင့် လုံခြုံရေးတို့ကို လေးစားရန် တိုက်တွန်းပြောကြားလျက် မြန်မာနိုင်ငံမြောက်ပိုင်းတွင်ဖြစ်ပွားနေသော အခြေအနေကို အနီးကပ် စောင့်ကြည့်လျက်ရှိကြောင်း တရုတ် ကာကွယ်ရေးဝန်ကြီးဌာနက နိုဝင်ဘာ ၂၀ ရက်တွင် ပြောကြားခဲ့သည်။
တရုတ်စစ်တပ်က ၎င်းတို့သည် နိုးကြားမှု မြင့်မားစွာရှိနေပြီး လုံခြုံရေးကိုထိန်းသိမ်းရန်နှင့် တရုတ်နိုင်ငံသားများ၏ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရန်အတွက် လိုအပ်သော နည်းလမ်းများကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။
နိုဝင်ဘာ ၂၀ ရက် နံနက် ၂ နာရီခန့် တွင် တရုတ်နှင့် နယ်စပ်ချင်းထိစပ်နေသော မြန်မာနိုင်ငံမြောက်ပိုင်းရွာများတွင် မြန်မာတပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအကြား တိုက်ပွဲများဖြစ်ပွားခဲ့သည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ဝမ်ဒင်းတောင်းတွင် နေထိုင်သော တရုတ်ရွာသားများက လမ်းလွဲလာသော ဗုံးဆန်များသည် နယ်စပ်ကိုဖြတ်ကျော်ကာ ကျရောက်ခဲ့သည်ဟု ပြော ကြားခဲ့ကြောင်းနှင့် ရွာသားတစ်ဦး၏ နေအိမ်ခေါင်မိုးတွင်ရှိသော နေရောင်ခြည်စွမ်းအင်သုံး ရေအပူပေးကိရိယာ ပျက်စီးသွားကြောင်း တရုတ်၏ နိုင်ငံပိုင် CCTV သတင်းဌာနက ကြေညာခဲ့သည်။
ဝမ်ဒင်းတောင်းမှ အာဏာပိုင်များသည် အရေးပေါ်အခြေအနေတုံ့ပြန်ချက် လုပ်ငန်းစဉ်များ လုပ်ဆောင်ခဲ့ပြီး အမိန့်အာဏာကို ထိန်းသိမ်းရန်အတွက် လက်နက်ကိုင် ရဲတပ်ဖွဲ့ဝင်များကို နယ်စပ်တစ်လျှောက်၌ ထပ်မံချထားခဲ့ကြောင်း သိရသည်။ မြန်မာဒုက္ခသည်အချို့သည် တရုတ်ပိုင်နက်အတွင်းသို့ ထွက်ပြေးလာကြပြီး ဒဏ်ရာရရှိထားသူများကို ဆေးကုသမှုခံယူရန် ဆေးရုံများသို့ ပို့ပေးခဲ့ကြောင်း မြန်မာနိုင်ငံရှိ တရုတ်သံရုံးက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဂျန်ရှုအန်းက တိုက်ပွဲများ၌ ပါဝင်သည့် ဘက်အသီးသီးကို တည်တည်ငြိမ်ငြိမ် ရှိကြရန်နှင့် စစ်ဆင်ရေးများကို ချက်ချင်းရပ်ဆိုင်းရန် တောင်းဆိုခဲ့သည်။ ဂျန်ရှုအန်းက ဘက်အားလုံးအနေဖြင့် မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေး အာမခံချက်ရှိရန်အတွက် ကွဲပြားခြားနားမှုများကို အပြန်အလှန်ဆွေးနွေးခြင်းနှင့် စေ့စပ်ညှိနှိုင်းမှုတို့မှတစ်ဆင့် ဖြေရှင်းနိုင်လိမ့်မည်ဟု တရုတ်က မျှော်လင့်မိကြောင်းလည်း ပြောကြားခဲ့သည်။
တိုက်ပွဲသည် မြန်မာနိုင်ငံ ရှမ်းပြည်နယ်ရှိ နယ်စပ်မြို့များဖြစ်သော မူဆယ်နှင့် ကွတ်ခိုင်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ကချင်လက်နက်ကိုင်အဖွဲ့ (KIA) အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့သုံးခုက တိုက်ခိုက်မှုများကို ဦးဆောင်ခဲ့ခြင်းဖြစ်သည်။
တိုက်ပွဲဖြစ်ပွားစဉ်အတွင်း အရပ်သား တစ်ဦးထက်မနည်း သေဆုံးပြီး ခြောက်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ သို့သော် ဒေသခံမီဒီယာများက စစ်သားများ၊ ရဲတပ်ဖွဲ့ဝင် တစ်ဦး၊ ဒေသခံများနှင့် ကမ္ဘာလှည့် ခရီးသည်များ အပါအဝင် ဒဏ်ရာရရှိသူ ၁၀ ဦးထက်မနည်း ရှိသည်ဟု ဖော်ပြကြောင်း တရုတ်နိုင်ငံပိုင် ဆင်ဟွာသတင်းဌာနက ဆိုသည်။ မကြာသေးမီနှစ်များအတွင်း မြန်မာတပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအကြားရှိ ပဋိပက္ခသည် အရှိန်မြင့်တက်လာခဲ့ခြင်းဖြစ်သည်။