အိန္ဒိယ ရထားမတော်တဆမှုအတွင်း သေဆုံးသူ ၁၄၂ ဦးအထိ မြင့်တက်လာ

အိန္ဒိယ ရထားမတော်တဆမှုအတွင်း သေဆုံးသူ ၁၄၂ ဦးအထိ မြင့်တက်လာ
Published 21 November 2016

အိန္ဒိယ ရထားလမ်းချော်မှုအတွင်း ပျက်စီးသွားသော ရထားတွဲများထဲမှ သေဆုံး ဒဏ်ရာရသူများကို ကယ်ဆယ်ရေးသမားများက ညလုံးပေါက် ရှာဖွေထုတ်ယူခဲ့ကြပြီးနောက် သေဆုံးသူ ဦးရေမှာ နိုဝင်ဘာ ၂၁ ရက်၌ ၁၄၂ ဦးအထိ မြင့်တက်လာခဲ့သည်။ ရထားတွဲများထဲတွင် ပိတ်မိနေသေးသည့် အလောင်းများလည်း ရှိဦးမည် ဖြစ်ကြောင်း သတိပေးချက်များ ထွက်ပေါ်ခဲ့သည်။
နိုဝင်ဘာ ၂၀ ရက် အစောပိုင်းက နိုင်ငံမြောက်ပိုင်း အူတာပရာဒေ့ရှ် ပြည်နယ်ထဲ၌ ရထားတစ်စင်း လမ်းချော်မှု ဖြစ်ပွားခဲ့ပြီး ဆိုးဆိုးရွားရွား ပျက်စီးသွားခဲ့သည့် ရထားတွဲ ၁၄ တွဲထဲ၌ အသက်ရှင် ကျန်ရစ်သူများကို ရှာဖွေတွေ့ရှိရေးမှာ မျှော်လင့်ချက် အနည်းငယ်သာ ရှိတော့သည်။ ရထားပေါ်တွင် လူ ၂၀၀၀ ခန့် လိုက်ပါခဲ့ကြဖွယ် ရှိသော်လည်း ထိုင်ခုံမရှိသော (သို့မဟုတ်) လက်မှတ်မပါဘဲ စီးနင်းကြသော ခရီးသည် အများအပြားလည်း ရှိသေးသဖြင့် လိုက်ပါလာသည့် ခရီးသည်ဦးရေ အတိအကျကို သိရှိရန်မဖြစ်နိုင်ပေ။ နိုဝင်ဘာ ၂၁ ရက်က ကယ်ဆယ်ရေးများ လုပ်နေသည့်နေရာတွင် ပြန့်ကြဲနေသည့် အဝတ်များ၊ အိတ်များကို ရှာဖွေပြီး ချစ်ခင်ရသူများ၏ သတင်းအစအနကို သိရရန် လူအမြောက်အမြား ရောက်လာခဲ့ကြသည်။
ယခု မတော်တဆမှုသည် အိန္ဒိယ၏ မင်္ဂလာဆောင် အများဆုံး ရာသီတွင် ဖြစ်ပွားခဲ့သောကြောင့် ရထားပေါ်တွင် မင်္ဂလာပွဲအတွက် ခရီးသွားသူများ ပါဝင်ကြမည်ဖြစ်သည်။ ပြည်တွင်းမီဒီယာများတွင် ဖော်ပြချက်အရ  ပိုင်ရှင်မဲ့ အိတ်များထဲမှ ထွက်ကျနေသော မင်္ဂလာဆောင်အဝတ်များ၊ လက်ဝတ်ရတနာများ၊ ဖိတ်စာများကို တွေ့ရကြောင်း သိရသည်။ ရာနှင့်ချီသော ဒဏ်ရာရသူများကို နီးစပ်ရာ ဆေးရုံများသို့ ပို့ထားပြီး အုပ်ထိန်းသူများနှင့် ကွဲကွာနေသည့် ကလေး အမြောက်အမြားလည်း ရှိကြောင်း သိရသည်။
အိန္ဒိယ၏ ရထားကွန်ရက်သည် ကမ္ဘာတွင် အကြီးဆုံးဖြစ်ပြီး ကျယ်ပြောသော နိုင်ငံအတွင်း ခရီးဝေး သွားလာမှုများအတွက် အဓိက အားကိုးရသည့် ခရီးသွားလမ်းကြောင်း တစ်ခုဖြစ်သည်။ သို့သော်လည်း ထောက်ပံ့မှု မလုံလောက်ခြင်းနှင့် ကြီးမားသော မတော်တဆမှုများ မကြာခဏ ဖြစ်မှုနှင့် ရင်ဆိုင်နေရသည်။ အိန္ဒိယ၏ ရထားလမ်းများတွင် နှစ်စဉ်နှစ်တိုင်း လူ ၁၅၀၀၀ နီးပါး သေဆုံးနေရကြောင်း ၂၀၁၂ ခုနှစ်က အစိုးရ၏ အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။
သက်တမ်းရင့်နေပြီဖြစ်သော ရထားကွန်ရက်ကို အဆင့်မြှင့်ရန် အစိုးရက ပုဂ္ဂလိကကုမ္ပဏီများနှင့် သဘောတူညီချက်များ လက်မှတ်ရေးထိုးနေချိန်၌ ယခုနောက်ဆုံး မတော်တဆမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အိန္ဒိယ၏ ပထမဆုံး ကျည်ဆန်ရထားကို တည်ဆောက်ရန်အတွက် ဒေါ်လာ ၁၂ ဘီလျံ ချေးငွေထုတ်ပေးရန် ဂျပန်က ယမန်နှစ်တွင် သဘောတူညီခဲ့သည်။  
Ref : AFP

Most Read

Most Recent