အိန္ဒိယက ဆယ်လ်ဖီ ဓာတ်ပုံရိုက်မှုကြောင့် သေဆုံးသူ အများဆုံးနိုင်ငံဖြစ်နေ

အိန္ဒိယက ဆယ်လ်ဖီ ဓာတ်ပုံရိုက်မှုကြောင့် သေဆုံးသူ အများဆုံးနိုင်ငံဖြစ်နေ
Published 20 November 2016
Ref:AFP

အိန္ဒိယတွင် ဆယ်လ်ဖီ ဓာတ်ပုံရိုက်သူ ၇၆ ဦး သေဆုံးခဲ့ပြီး ကျန်ကမ္ဘာ့နိုင်ငံများတွင် ဆယ်လ်ဖီရိုက်မှုကြောင့် သေဆုံးသူ စုစုပေါင်းထက် ပိုများနေကြောင်း အမေရိကန် အခြေစိုက် ကာနေးဂျီးမယ်လန် တက္ကသိုလ်နှင့် အိန္ဒိယ၏ အင်ဒရာပရာစထာ နည်းပညာတက္ကသိုလ်တို့ ပူးတွဲပြုလုပ်သည့် လေ့လာမှုတွင် ဖော်ပြခဲ့သည်။လူမှုမီဒီယာနှင့် အင်တာနက်တွင် ရရှိသော အထူးရှာဖွေမှု နည်းပညာများကို အသုံးပြုပြီး ၂၀၁၄ ခုနှစ် မတ်လနောက်ပိုင်း ဆယ်လ်ဖီ ဓာတ်ပုံရိုက်မှုကြောင့် သေဆုံးသူများကို စာရင်းပြုစုခဲ့ရာ ၁၂၇ ဦးရှိခဲ့ကြောင်း သုတေသနပညာရှင်များက ဖော်ထုတ်ခဲ့သည်။လူမှုမီဒီယာများတွင် မှတ်ချက်နှင့် အကြိုက်ပေးမှုများ ပိုမိုရလိုသော လူတို့၏ဆန္ဒကြောင့် အန္တရာယ်များသော ဆယ်လ်ဖီ ဓာတ်ပုံရိုက်ကူးမှု ပိုများခဲ့ကြောင်း သုတေသနပညာရှင်များက ပြောကြားခဲ့သည်။ဆယ်လ်ဖီကြောင့် သေဆုံးသူ အရေအတွက်သည် ၂၀၁၅ ခုနှစ် တစ်နှစ်တည်းမှာပင် ငါးမန်းတိုက်ခိုက်မှုကြောင့် တစ်ကမ္ဘာလုံးတွင် သေဆုံးမှုထက် ပိုများခဲ့ကြောင်း သုတေသနပညာရှင်များက ပြောကြားခဲ့သည်။အိန္ဒိယမြောက်ပိုင်းတွင် ခုတ်မောင်းလာနေသော ရထားရှေ့တွင် ဆယ်လ်ဖီ ဓာတ်ပုံရိုက်ရန် ကြိုးပမ်းသော ကျောင်းသားသုံးဦး သေဆုံးခဲ့ကြောင်း ပြီးခဲ့သည့်တစ်ပတ်တွင် ထုတ်ပြန်ခဲ့သော လေ့လာမှုကဆိုသည်။တောင်စွန်းပေါ်တွင် ဆယ်လ်ဖီ ဓာတ်ပုံရိုက်ကူးစဉ် ပေ ၆၀ (၁၈ မီတာ) နက်သော လျှိုထဲသို့ကျခဲ့ပြီး ကျောင်းသားတစ်ဦး သေဆုံးခဲ့သည်။ အိန္ဒိယ၏ အထိမ်းအမှတ်တစ်ခုဖြစ်သော တာ့ဂျ်မဟာ၏ လှေကားထစ်များပေါ်မှ ချော်ကျပြီးနောက် ဆယ်လ်ဖီ ဓာတ်ပုံရိုက်သော ဂျပန်ကမ္ဘာလှည့် ခရီးသွားတစ်ဦး သေဆုံးခဲ့သည်။ပါကစ္စတန်သည် ဆယ်လ်ဖီကြောင့် အသေအများဆုံးနိုင်ငံများ စာရင်းတွင် ဒုတိယနေရာချိတ်ခဲ့ပြီး သေဆုံးသူ ကိုးဦး ရှိခဲ့သည်။ အမေရိကန်တွင် ဆယ်လ်ဖီကြောင့် သေဆုံးသူ ရှစ်ဦးရှိပြီး ရုရှားတွင် ခြောက်ဦး ရှိခဲ့သည်။အိန္ဒိယ၏ လူဦးရေသည် ၁ ဒသမ ၂၅ ဘီလျံရှိပြီး အမေရိကန်ထက် လေးဆနီးပါး လူဦးရေပိုများသည်။ သို့သော်လည်း သေဆုံးသူ အချိုးအစားတွင် အလွန်အမင်းကွာဟ မြင့်မားနေသည်။ လူဦးရေ ၁ ဒသမ ၃၇ ဘီလျံရှိသော တရုတ်တွင် ဆယ်လ်ဖီနှင့် ဆက်နွှယ်သည့် သေဆုံးသူ လေးဦးသာ ရှိခဲ့ကြောင်း လေ့လာမှုကဆိုသည်။       

Most Read

Most Recent