ဗြိတိန်အစိုးရက ဘက်ကင်ဟန် နန်းတော်ကို ဒေါ်လာ ၄၅၉ သန်းခန့် အကုန်အကျခံ ပြင်ဆင်မည်

ဗြိတိန်အစိုးရက ဘက်ကင်ဟန် နန်းတော်ကို ဒေါ်လာ ၄၅၉ သန်းခန့် အကုန်အကျခံ ပြင်ဆင်မည်
Published 20 November 2016
Ref:AFP

ဘက်ကင်ဟန် နန်းတော်၏ ယိုစိမ့်နေသော ပိုက်များနှင့် မီးဘေးအန္တရာယ်ရှိသော လျှပ်စစ်ကြိုးများကို အသစ်လဲမည့် အလုံးစုံပြင်ဆင်မှုအတွက် အခွန်ထမ်းပြည်သူတို့၏ ထောက်ပံ့မှုရန်ပုံငွေ ဒေါ်လာ ၄၅၉ သန်း (ပေါင် ၃၆၉ သန်း) လိုအပ်မည်ဟု သိရသည်။ပြင်ဆင်မွမ်းမံမှုများကို ၂၀၁၇ ခုနှစ်တွင် စတင်မည်ဖြစ်ပြီး ၂၀၂၇ ခုနှစ်အထိ ကြာမြင့်မည် ဖြစ်သည်။ ဒုတိယကမ္ဘာစစ်ပြီးနောက်ပိုင်း ဘက်ကင်ဟန် နန်းတော်၏ အကြီးမားဆုံး ပြင်ဆင်မွမ်းမံမှုတွင် နန်းတော်၏ ခေါင်မိုးပေါ်တွင် ဆိုလာပြားများ တပ်ဆင်ထားမှုနှင့်အတူ အများပြည်သူ လည်ပတ်မှုများအတွက် နေရာပိုပေးထားသည်ကို မြင်တွေ့ရမည်ဖြစ်သည်။တော်ဝင်ပစ္စည်းဥစ္စာများအား စီမံခန့်ခွဲသည့် Crown Estate ထံမှ တော်ဝင်မိသားစုက ရရှိသည့် ရှယ်ယာအား ၁၅ ရာခိုင်နှုန်းမှ ၂၅ ရာ ခိုင်နှုန်းအထိ တိုးမြှင့်ခြင်းဖြင့် နန်းတော်ပြင်ဆင်မွမ်းမံမှုအတွက် ကုန်ကျမည့် ဒေါ်လာ ၄၅၉ သန်းကို အတည်ပြုပေးရန်အတွက် အစိုးရက ပါလီမန်ကို တောင်းဆိုထားသည်။ယင်းပြင်ဆင်မှုကို ၂၀၁၇ ခုနှစ် ဧပြီတွင် စတင်ရန် စီစဉ်ထားပြီး လွှတ်တော်အမတ်များက ၂၀၁၇ ခုနှစ် မတ်လကုန်တွင် အတည်ပြုမည်ဟု ခန့်မှန်းထားကြောင်း တော်ဝင်တာဝန်ရှိသူများက ပြောကြားခဲ့သည်။အလိဇဘတ် ဘုရင်မနှင့် ကြင်ယာတော် မင်းသားဖိလစ်သည် နန်းတော်တွင် ရှိနေဦးမည်ဖြစ်သော်လည်း အခန်းများ ယာယီပြောင်းရွှေ့ နေထိုင်ရမည်ဖြစ်သည်။ နန်းတော်တွင် လတ်တလောနေထိုင်သည့် အမြဲတမ်းဝန်ထမ်း ၃၇ ဦးသည်လည်း ရွှေ့ပြောင်းပေးရမည် ဖြစ်သည်။“ဘက်ကင်ဟန် နန်းတော်ဟာ ကျွနု်ပ်တို့ရဲ့ ဒီအင်န်အေရဲ့ အလွန်ကြီးမားတဲ့ အစိတ်အပိုင်းပါ” ဟု ဘုရင်မ၏အိမ်တော်ထိန်း Master of the Queen's Household တိုနီဂျွန်စတုန်းဘာ့တ်က ပြောကြားခဲ့သည်။သက်တမ်းကြာပြီဖြစ်သော ဝိုင်ယာကြိုးများသည် ဓာတ်လိုက်ခြင်းနှင့် မီးလောင်ခြင်း အန္တရာယ်ဖြစ်နိုင်မှုနှင့် ရေပိုက်များမှ ယိုစိမ့်မှုများကြောင့် ဆေးသုတ်ထားမှုများ ပျက်စီးမှုဖြစ်နိုင်ကြောင်း၊ နန်းတော် ရှိဘွိုင်လာအိုးများသည် သက်တမ်း ၃၀ ကြာပြီ ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ဘက်ကင်ဟန် နန်းတော်တွင် အခန်း ၇၇၅ ခန်း၊ ပြတင်းပေါင်း ၇၆၀ နှင့် ခင်းပျဉ် စတုရန်းမီတာ ၃၀,၀၀၀ ရှိကြောင်း၊ ယင်းသည် ဘောလုံးကွင်းသုံးကွင်း၊ တစ်ဝက်နှင့်ညီမျှကြောင်း တော်ဝင် တာဝန်ရှိသူများက ပြောကြားခဲ့သည်။စီစဉ်ထားသည့်အတိုင်း ပြင်ဆင်မွမ်းမံပြီးပါက နန်းတော်သည် ၂၀၆၇ ခုနှစ် မတိုင်မီ ထပ်မံပြင်ဆင်ရန် လိုအပ်တော့မည် မဟုတ်ပေ။ နန်းတော်၏ မူလဇာစ်မြစ်သည် ၁၇ ရာစုကဖြစ်ပြီး ထိုနောက်ပိုင်းတွင် ကြီးကြီးမားမား ချဲ့ထွင်ခဲ့သည်။ဗိသုကာဂျွန်နက်ရှ်သည် ၁၈၂၅ မှ ၁၈၄၀ အတွင်း အဆောက်အဦတစ်ခုကို နန်းတော်အဖြစ် ပြောင်းလဲခဲ့သည်။ ဒုတိယကမ္ဘာစစ်အတွင်း ဗုံးကြဲခံခဲ့ရပြီး ၁၉၅၀ ပြည့်တွင် မူလအတိုင်း ပြင်ဆင်မွမ်းမံခဲ့သည်။ယခုအခါ နွေရာသီတွင် အများပြည်သူကို လည်ပတ်ခွင့်ပေးသော ကာလအတွင်း ခရီးသွား ငါးသိန်းခန့် လာရောက်လေ့ရှိသည်။အလိဇဘတ် ဘုရင်မသည် နှစ်တစ်နှစ်၏ သုံးပုံတစ်ပုံခန့်အချိန်ကို နန်းတော်တွင် ကုန်ဆုံးခဲ့ပြီး ဥယျာဉ်ပွဲများနှင့် အခမ်းအနားများ ကျင်းပခဲ့သည်။ပြင်ဆင်နေစဉ်အတွင်း ဘုရင်မကြီးသည် နန်းတော်၌ ဆက်လက်ရှိနေမည်ဖြစ်ပြီး သူ၏အခန်းများအား ပြင်ဆင်ချိန်တွင် နန်းတော်၏ တစ်နေရာသို့ ရွှေ့ပြောင်းပေးမည် ဖြစ်သည်။ဘုရင်မကြီး မွေးနေ့ကို ကျင်းပရန် ဂုဏ်ပြုတပ်ဖွဲ့ စစ်ဆေးခြင်း၊ စစ်ရေးပြချီတက်ခြင်းကဲ့သို့ တော်ဝင်ဓလေ့ထုံးစံများကိုမူ ပုံမှန်အတိုင်း ဆက်လက်ပြုလုပ်သွားမည် ဖြစ်သည်။           

Most Read

Most Recent