ဗီယက်နမ်က တောင်တရုတ်ပင်လယ်ရှိ ကျွန်းပေါ်၌ လေယာဉ်ပြေးလမ်း တိုးချဲ့နေ

ဗီယက်နမ်က တောင်တရုတ်ပင်လယ်ရှိ ကျွန်းပေါ်၌ လေယာဉ်ပြေးလမ်း တိုးချဲ့နေ
Published 20 November 2016
Ref:AFP

ဗီယက်နမ်သည် တောင်တရုတ် ပင်လယ်ရှိ ကျွန်းတစ်ခုတွင် လေယာဉ်ပြေးလမ်း တိုးချဲ့နေသည်ဟု ဂြိုဟ်တုမှရရှိသည့် ပုံရိပ်များကို ကိုးကားထားသည့် အမေရိကန် အကြံပေးအဖွဲ့၏  အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။ဗီယက်နမ်သည် စပရက်တလေ ကျွန်းပေါ်တွင် ၎င်း၏လေယာဉ်ပြေးလမ်းကို အနည်းဆုံးပေ ၂,၅၀၀ (မီတာ ၇၆၀) မှ ပေ ၃,၃၀၀ ကျော်အထိ တိုးချဲ့နေသည်ဟု အမေရိကန် အခြေစိုက် Asia Maritime Transparency Initiative (AMTI) က နိုဝင်ဘာ အစောပိုင်းတွင် ဂြိုဟ်တုမှရရှိသည့် ပုံရိပ်များကို ကိုးကားပြီး အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။ဗီယက်နမ်သည် လေယာဉ်ပြေးလမ်းကို ပေ ၄,၀၀၀ အထိ တိုးချဲ့ဖွယ်ရှိသည်ဟု ဝါရှင်တန်ရှိ Center for Strategic and International Studies အကြံပေးအဖွဲ့၏ သုတေသန လုပ်ငန်းတစ်ခုဖြစ်သည့် AMTI  ထုတ်ပြန်ခဲ့သည်။ကွန်မြူနစ် ဗီယက်နမ်နိုင်ငံသည် ရေကြောင်း ကင်းထောက်လေယာဉ်နှင့် ပို့ဆောင်ရေးလေယာဉ်များ ထားရှိနိုင်သည့် လေယာဉ်ရုံနှစ်ခုကိုလည်း ဆောက်လုပ်နေသည်ဟု (AMTI) က ဖော်ပြခဲ့သည်။တရုတ်နိုင်ငံသည် တောင်တရုတ်ပင်လယ်၏ ပိုင်နက်အများစုကို ပိုင်ဆိုင်သည်ဟု အခိုင်အမာ ပြောကြားခဲ့သည်။ တရုတ်နိုင်ငံသည် အငြင်းပွားရေပိုင်နက်ရှိ ကျောက်တန်းများကို မြေယာဖော်ယူခဲ့ပြီး ကြီးမားသည့် စစ်လေယာဉ်များ ဆင်းသက်နိုင်သည့် လေယာဉ်ဆင်းကွင်းများ ဆောက်လုပ်ခဲ့မှုကြောင့် ဗီယက်နမ်နှင့် ဖိလစ်ပိုင်ဦးဆောင်သည့် ရေပိုင်နက် အငြင်းပွားမှုဖြစ်သည့် နိုင်ငံများက ဒေါသဖြစ်ခဲ့ရသည်။ဗီယက်နမ်နှင့် တရုတ်သည် တောင်တရုတ်ပင်လယ်တွင် ကျွန်းစုနှင့် ရေပိုင်နက် အငြင်းပွားမှုနှင့် ပတ်သက်ပြီး သံတမန်ဆက်ဆံရေး တင်းမာခဲ့သည်။ယင်းအစီရင်ခံစာနှင့် ပတ်သက်ပြီး ဗီယက်နမ်က မှတ်ချက်မပေးခဲ့သော်လည်း တရုတ်က ပြစ်တင်ဝေဖန်ချက် ထုတ်ပြန်ခဲ့ပြီး နန်ရှာကျွန်းစုဟု ၎င်းကခေါ်သည့် အငြင်းပွား စပရက်တလေကျွန်းစုကို ၎င်းတို့ ပိုင်ဆိုင်ကြောင်း ပြတ်ပြတ်သားသား ပြောကြားခဲ့သည်။“တရုတ်ရဲ့ နန်ရှာကျွန်းစုမှာရှိတဲ့ ကျွန်းနဲ့ ကျောက်တန်းတွေမှာ ဆက်စပ်နိုင်ငံအချို့ရဲ့ တရားမဝင် သိမ်းပိုက်မှုတွေနဲ့ ဆောက်လုပ်ရေး အလုပ်တွေကို ပြတ်ပြတ်သားသား ကန့်ကွက်ပါတယ်” ဟု တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ပြောခွင့်ရပုဂ္ဂိုလ် ကန်စွမ်းက ပြောကြားခဲ့သည်။ မဟာဗျူဟာမြောက် တောင်တရုတ်ပင်လယ် ရေပိုင်နက်ကို ဖိလစ်ပိုင်၊ ဘရူနိုင်း၊ မလေးရှားနှင့် ထိုင်ဝမ်တို့ကလည်း ပိုင်ဆိုင်သည်ဟု အခိုင်အမာ ပြောကြားခဲ့သည်။