မန္တလေးမြို့တွင် နေထိုင်ခွင့်သက်တမ်း ကုန်လွန်နေသည့် တရုတ်နိုင်ငံသား နှစ်ဦးကို ဗီဇာစည်းကမ်းဖောက်ဖျက်မှုနှင့် အရေးယူရန် ဟိုတယ်၌ ခံဝန်ဖြင့် ထားရှိစဉ် ထွက်ပြေးလွတ်မြောက်မှုဖြစ်ပွားခဲ့ကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။ချမ်းအေးသာစံမြို့နယ် ပြည်ကြီးပျော်ဘွယ် အနောက်ရပ်ကွက်နေ ပြည်သူများ၏ တိုင်ကြားချက်အရ နေထိုင်ခွင့်သက်တမ်း ကျော်လွန်နေသည့် တရုတ်နိုင်ငံသား ဇနီးမောင်နှံနှစ်ဦးဖြစ်သော Mr.Gao Chang နှင့် Ms.Wang Jianyin တို့အား မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေး (လတ်တလောပြဋ္ဌာန်းချက်များ) အက်ဥပဒေပုဒ်မ ၄ (၂) ကို ဖောက်ဖျက်သောကြောင့် ပုဒ်မ ၁၃ (၁) ဖြင့် တရားစွဲဆိုနိုင်ရန် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ထိုသို့ တရားစွဲဆိုနိုင်ရန်အတွက် အထက်ဌာန အဆင့်ဆင့်သို့ တင်ပြဆောင်ရွက် စစ်ဆေးနေစဉ်ကာလတွင် မန္တလေးမြို့ရှိ တရုတ်နိုင်ငံသား ကုန်သည်ကြီးများအသင်း ဒုဥက္ကဋ္ဌ Mr Yu Jinsheng နှင့် မြန်မာနိုင်ငံသား ဦးအောင်ကိုလတ်တို့မှ ၎င်းတို့ ဇနီးမောင်နှံကို ခံဝန်ဖြင့် ဟိုတယ်တစ်လုံးလုံး၌ နေထိုင်ခွင့်ပြုပါရန် တင်ပြတောင်းခံခဲ့ကြောင်း၊ ထို့ကြောင့် လမ်း ၃၀၊ ၈၇ လမ်းနှင့် ၈၈ လမ်းကြားရှိ Golden Dream ဟိုတယ်တွင် တည်းခိုခွင့် ပြုထားရာမှ တရုတ်နိုင်ငံသို့ ပြန်လည် တိမ်းရှောင်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။နိုဝင်ဘာ ၁၆ ရက်တွင် ယင်းထွက်ပြေးသွားသော တရုတ်နိုင်ငံသားနှစ်ဦး၏ သူငယ်ချင်းဖြစ်သူ Mr Tan Man Hua နှင့် We Chat ဖြင့် အဆက်အသွယ်ရရှိခဲ့ရာ ၎င်းတို့နှစ်ဦးစလုံးသည် တရုတ်နိုင်ငံသို့ ပြန်လည်ရောက်ရှိနေသည်ကို စုံစမ်းသိခဲ့ရကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။ဆက်လက်စုံစမ်းမှုများအရ ထွက်ပြေးသွားသည့် တရုတ်နိုင်ငံသား ဇနီးမောင်နှံနှစ်ဦးနှင့် Mr Tan Man Hua သည် အရင်းနှီးဆုံးလူဖြစ်ခြင်း၊ ၎င်းတို့ပိုင် ပစ္စည်းများ ပြန်လည်သယ်ဆောင်ရာတွင် တာဝန်ရှိသူများထံ သတင်းပေးပို့ခြင်း မရှိဘဲ ပျက်ကွက်ခဲ့ခြင်း၊ တရုတ်နိုင်ငံသားနှစ်ဦး ထွက်ပြေးတိမ်းရှောင်ရန် အားပေးကူညီမှု ပြုလုပ်ခဲ့သဖြင့် အမိန့်တစ်စုံတစ်ရာ မချမှတ်မီအတွင်း အမှတ် (၆) ရဲစခန်းတွင် ချုပ်နှောင်ထားရှိမည်ဖြစ်ပြီး ဗီဇာသက်တမ်း ၂.၁၁.၂၀၁၆ မှ ၁၁.၁.၂၀၁၇ အထိ ချုပ်နှောင်ထားမည်ဟု သိရသည်။၂၀၁၅ ခုနှစ်အတွင်းက မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်ရှိ တော်ဝင်နှင်းဆီဆေးရုံတွင် တရုတ်နိုင်ငံသားများ တရားမဝင်ဆေးကုသမှုများ ပြုလုပ်ခဲ့သဖြင့် ရဲတပ်ဖွဲ့မှ ဝင်ရောက်ဖမ်းဆီးခဲ့ရာ အဆိုပါ တရုတ်နိုင်ငံသားများကို စစ်ဆေးနေစဉ်ပင် တံတားဦးလေဆိပ်မှ တစ်ဆင့် လွတ်မြောက်ခဲ့ဖူးကြောင်း သိရသည်။
မန္တလေးမြို့တွင် ဗီဇာစည်းကမ်း ဖောက်ဖျက်မှုဖြင့် အရေးယူရန် ဟိုတယ်၌ ခံဝန်ဖြင့်ထားသည့် တရုတ်နိုင်ငံသားနှစ်ဦး ထွက်ပြေးတိမ်းရှောင်မှု ဖြစ်ပွား