ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်း ရွေးချယ်ထားပြီး ဖြစ်ကြောင်းနှင့် ဗဟိုအလုပ်အမှုဆောင် အစည်းအဝေး၌ အတည်ပြုမည်

ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်း ရွေးချယ်ထားပြီး ဖြစ်ကြောင်းနှင့် ဗဟိုအလုပ်အမှုဆောင် အစည်းအဝေး၌ အတည်ပြုမည်
Published 20 November 2016

၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် ကိုယ်စားလှယ်လောင်း ရွေးချယ်ထားပြီး ဖြစ်ကြောင်းနှင့် ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးတွင် အတည်ပြုမည်ဖြစ်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေးက နိုဝင်ဘာ ၁၉ ရက်တွင် The Daily Eleven သတင်းစာသို့ ပြောကြားသည်။ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအနေဖြင့် ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်နေရာအားလုံးကို ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ပြီး အောက်ခြေအဆင့်ဆင့်မှ ရွေးချယ်သည့် ကိုယ်စားလှယ်လောင်း အမည်စာရင်းများ စိစစ်ရွေးချယ်ရေးအဖွဲ့သို့ ရောက်ရှိနေပြီဖြစ်ကြောင်း ၎င်းကဆိုသည်။“လာမယ့် ကြားဖြတ်ရွေးကောက်ပွဲအတွက်တော့ ပြည်ခိုင်ဖြိုးပါတီအနေနဲ့ လစ်လပ်တဲ့ နေရာအားလုံး ဝင်ရောက်ယှဉ်ပြိုင်ဖို့ အတွက် စီစဉ်ထားပါတယ်။ အဲဒီမှာ ကျွန်တော်တို့က လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ ရွေးချယ်မှုအနေနဲ့လည်း ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်လောင်း ရွေးချယ်ရေးလုပ်ထုံး လုပ်နည်းဆိုပြီး ကျွန်တော်တို့ပါတီက လုပ်ထုံးလုပ်နည်းနဲ့ စည်းမျဉ်းစည်းကမ်းလေး လုပ်ထားပါတယ်။ အဲဒီ လုပ်ထုံးလုပ်နည်း သတ်မှတ်ချက်နဲ့အညီ ရွေးချယ်ဆောင်ရွက်သွားပါမယ်။ ဒီနေရာမှာ လွှတ်တော် ကိုယ်စားလှယ်လောင်းရွေးချယ်မှုနဲ့ ပတ်သက်လို့ အထူးပြောချင်တာကတော့ ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကို အထက်ကနေပြီးတော့ လျာထား ချမှတ်ပေးတဲ့ပုံစံမျိုး ကျွန်တော်တို့ လုံးဝမလုပ်ပါဘူး။  ကျွန်တော်တို့အနေနဲ့က UEC က သတ်မှတ်တဲ့ ကိုယ်စားလှယ်လောင်း အရည်အချင်းနဲ့ ကိုက်ညီတဲ့သူ၊ ကိုယ်တိုင်ဆန္ဒပြုတဲ့သူတွေကို ဦးစားပေး ရွေးချယ်မယ်။ နောက် ဒေသခံပြည်သူလူထု၊ ဒေသခံပါတီဝင်တွေရဲ့ ယုံကြည်ကိုးစားမှု၊ ချစ်ခင်လေးစားမှု သူတို့ရဲ့ရွေးချယ်မှု သဘောဆန္ဒတွေကို ဦးစားပေးပြီး ကျွန်တော်တို့ ရွေးချယ်သွားမှာ ဖြစ်ပါတယ်။ လက်ရှိ ကျွန်တော်တို့ လစ်လပ်နေရာများအတွက် သက်ဆိုင်ရာ မြို့နယ်တိုင်း ပြည်နယ်တွေက ပေးပို့လာတဲ့ စာရင်းတွေကို ရွေးချယ်ရေးအဖွဲ့ကနေပြီးတော့မှ စိစစ်ရွေးချယ်ပြီးရင် မကြာမီပြုလုပ်မယ့် စီအီးစီ အစည်းအဝေးမှာ အတည်ပြုပြီးတော့မှ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကို ရွေးချယ်သွားမှာ ဖြစ်ပါတယ်။ အဲဒီ အစည်းအဝေးမှာ အခြေခံကနေပြီး တင်ပြလိုက်တဲ့ဟာတွေကို အတည်ပြု ဆုံးဖြတ်မှာပါ။ လစ်လပ်နေရာ အားလုံးအတွက် ရောက်ပါပြီ။ အောက်ကနေ လျာထားလိုက်တာကတော့ ဥပမာ တစ်မြို့နယ်ကို ငါးယောက် ရွေးတင်လိုက်တယ်။ အဲဒီမှာမှ ရွေးချယ်ရေးအဖွဲ့ကနေပြီးတော့ သုံးယောက်၊ နောက်ဆုံးပိတ် တစ်ယောက်ပေါ့၊ အဲဒီလိုမျိုး အဆင့်ဆင့်ရွေးချယ်ပြီး ကျွန်တော်တို့ စီအီးစီကို တင်ပြမှာ ဖြစ်ပါတယ်”ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေးက ပြောကြားသည်။ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ စီအီးစီ အစည်းအဝေးကို နိုဝင်ဘာ ၂၁ ရက်၊ ၂၂ ရက်နှင့် ၂၃ ရက်တွင် ပြုလုပ်ရန် လျာထားကြောင်း ဦးပိုက်ထွေးက ဆိုသည်။“အထင်ကရ ပုဂ္ဂိုလ်တွေလည်း ရှိတယ်လေ။ သို့သော် သူ့ဒေသမှာ သူ့ပြည်သူ၊ ပြည်သူ့ပါတီဝင်တွေက လက်ခံတဲ့ ကိုယ်စားလှယ်လောင်းကိုပဲ ကျွန်တော်တို့ရွေးချယ်မှာ ဖြစ်ပါတယ်။ အဲဒီအတွက် အထင်ကရပုဂ္ဂိုလ်တွေ အနေနဲ့ သက်ဆိုင်ရာဒေသ နယ်မြေတွေမှာသာ ပိုပြီးတော့ နီးစပ်မယ်လို့ ထင်ပါတယ်။ လူဟောင်းဆိုတာက သက်ဆိုင်ရာနယ်မြေမှာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ခဲ့တယ်။ လူထုက ကြိုက်တယ်။ အခုလည်း ကြိုက်တုန်းပဲ။ ဒါပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် အောင်မြင်မှု မရတဲ့သူလည်း ပါကောင်းပါမယ်”ဟု ဦးပိုက်ထွေးက ပြောကြားသည်။ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်နေရာ အားလုံးတွင် ပြည်ခိုင်ဖြိုးပါတီ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သကဲ့သို့ လက်ရှိ ရွေးကောက်ပွဲ အနိုင်ရ NLD ပါတီအနေဖြင့်လည်း လစ်လပ်နေရာအားလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဟု ပြောကြားထားသည်။

Most Read

Most Recent