ဇီကာရောဂါက ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး အရေးပေါ်အခြေအနေ မဟုတ်တော့ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ကြေညာ

ဇီကာရောဂါက ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး အရေးပေါ်အခြေအနေ မဟုတ်တော့ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ကြေညာ
Published 19 November 2016
Ref: AFP

ဦးခေါင်းနှင့် ဦးနှောက်ချို့ယွင်းချက်များဖြင့် ကလေးများ မွေးဖွားလာမှုများနှင့် ဆက်နွှယ်နေသော ဇီကာရောဂါ ကူးစက်ပျံ့နှံ့မှုသည် ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးအရေးပေါ်အခြေအနေ မဟုတ်တော့ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က နိုဝင်ဘာ ၁၈ ရက်တွင် ကြေညာခဲ့သော်လည်း ယင်းရောဂါပိုး ကူးစက်ပျံ့နှံ့မှုသည် စိန်ခေါ်မှုတစ်ရပ်အဖြစ် ရှိနေဆဲဖြစ်ကြောင်း သတိပေးခဲ့သည်။သို့သော် ယင်းရောဂါကူးစက်ပျံ့နှံ့မှု ဗဟိုချက်ဖြစ်ခဲ့သော ဘရာဇီးက ဇီကာရောဂါအန္တရာယ် သတိပေးချက်အား လျှော့ချသွားမည် မဟုတ်ကြောင်း ထုတ်ပြန်ခဲ့ချိန်တွင် ကျွမ်းကျင်ပညာရှင်များကလည်း WHO ၏ ဆုံးဖြတ်ချက်အား ဝေဖန်ခဲ့ကြသည်။ဇီကာရောဂါပိုးသည် အလွန်အမင်း အရေးကြီးသော အနေအထားနှင့် ရေရှည် ပြဿနာတစ်ရပ်အဖြစ် ရှိနေဆဲဖြစ်ကြောင်း၊ သို့သော် နိုင်ငံတကာအဆင့် စိုးရိမ်ရသော ပြည်သူ့ကျန်းမာရေးဆိုင်ရာ အရေးပေါ်အခြေအနေ၌ မရှိတော့ကြောင်း WHO ၏ အရေးပေါ်အခြေအနေ တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာဒေးဗစ်ဟေးမန်းက ပြောကြားခဲ့သည်။ ဇီကာရောဂါပိုး ကူးစက်ပျံ့နှံ့မှုသည် ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး အရေးပေါ်အခြေအနေဖြစ်သည်ဟု WHO က ယခုနှစ် ဖေဖော်ဝါရီက ကြေညာခဲ့သည်။ဇီကာရောဂါပိုးသည် အာဖရိက၊ အာရှ နှင့် ပစိဖိတ်ရှိ ဒေသများတွင် နေထိုင်သော ကမ္ဘာ့လူဦးရေ၏ သုံးပုံတစ်ပုံကျော် ရှိသော လူ ၂ ဒသမ ၆ ဘီလျံထက်မနည်းအထိ ကူးစက်ခံရနိုင်ကြောင်း၊ အိန္ဒိယတစ်နိုင်ငံတည်းတွင်ပင် လူ ၁ ဒသမ ၂ ဘီလျံအထိ အန္တရာယ်ရှိနေကြောင်း သုတေသနပညာရှင်များက ယခုနှစ်အစောပိုင်းတွင် သတိပေးခဲ့သည်။ ကမ္ဘာတစ်ဝန်းတွင် ဇီကာရောဂါပိုး ကူးစက်ခဲ့မှုအများစုသည် ခြင်မှတစ်ဆင့် ကူးစက်ခဲ့ခြင်းဖြစ်ပြီး အချို့ဖြစ်စဉ်များတွင် လိင်ဆက်ဆံမှုမှ တစ်ဆင့် ကူးစက်ခဲ့ခြင်းဖြစ်သည်။ကမ္ဘာတစ်ဝန်းရှိ နိုင်ငံပေါင်း ၇၃ နိုင်ငံ၊ အထူးသဖြင့် လက်တင်အမေရိကနှင့် ကာရစ်ဘီယံဒေသတို့တွင် ကူးစက်ပျံ့နှံ့မှုဖြစ်ပွားနေသော ဇီကာရောဂါပိုး၏ အန္တရာယ်အား WHO က နိုဝင်ဘာ ၁၈ ရက်တွင် မပယ်ချခဲ့ပေ။ ဇီကာရောဂါအား တိုက်ဖျက်ရာတွင် မသိနိုင်သော အရာများစွာ ရှိနေဆဲဖြစ်ကြောင်း WHO  ၏ ကျန်းမာရေးဆိုင်ရာ အရေးပေါ်အခြေအနေအစီအစဉ်၏ ညွှန်ကြားရေးမှူးဒေါက်တာ ပီတာဆာလာမာက ပြောကြားခဲ့သည်။WHO ၏ ယင်းဆုံးဖြတ်ချက်သည် အထူးသဖြင့် တောင်ဝင်ရိုးစွန်းဒေသတွင် ခြင်ကြောင့် ရောဂါပိုးကူးစက်နိုင်ခြေ အန္တရာယ်မြင့်မားသော နွေရာသီသို့ မကြာမီဝင်ရောက်တော့မည် ဖြစ်၍ စိုးရိမ်စရာကောင်းကြောင်း ဂျော့တောင်းတက္ကသိုလ်မှ ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးနှင့် ဥပဒေဆိုင်ရာ ကျွမ်းကျင်ပညာရှင် လောရင့်ဂေါ့စတင်က ပြောကြားခဲ့သည်။                         

Most Read

Most Recent