ထရန့်တက္ကသိုလ် လိမ်လည်မှုဆိုင်ရာ အမှုအခင်းတွင် ထရန့်က ဒေါ်လာ ၂၅ သန်း လျော်ကြေးပေးရန် သဘောတူ၍ ပြေလည်မှုရရှိ

ထရန့်တက္ကသိုလ် လိမ်လည်မှုဆိုင်ရာ အမှုအခင်းတွင် ထရန့်က ဒေါ်လာ ၂၅ သန်း လျော်ကြေးပေးရန် သဘောတူ၍ ပြေလည်မှုရရှိ
Published 19 November 2016
Ref: AFP

ယခုအခါ ဖျက်သိမ်းခဲ့ပြီးဖြစ်သော ထရန့်တက္ကသိုလ်၏ လိမ်လည်မှုဆိုင်ရာ အမှုအခင်းတွင် သမ္မတလောင်း ဒေါ်နယ်ထရန့် က ဒေါ်လာ ၂၅ သန်းပေးရန် နိုဝင်ဘာ ၁၈ ရက်တွင် သဘောတူခဲ့၍ ပြေလည်မှု ရရှိခဲ့ကြောင်း သိရသည်။ ယင်းအတွက် အိမ်ဖြူ တော်သို့ သွားရောက်ရန် ပြင်ဆင်နေသော ထရန့်သည် ပို၍ရှည်ကြာရှုပ်ထွေးသည့် အမှုအခင်းမှ လွတ်မြောက်ခဲ့သည်။ကောလိပ် သို့မဟုတ် တက္ကသိုလ်တရားဝင် အသိအမှတ်ပြုလက်မှတ် မရရှိဘဲ ၂၀၀၅ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ ဖွင့်လှစ်ခဲ့သော ယင်းတက္ကသိုလ်၏ လေ့ကျင့်ရေးအစီအစဉ်သည် ဟန်ပြ ဈေးကွက်မြှင့်တင်မှုနှင့်အတူ  ၎င်းတို့အား လိမ်လည်ခဲ့ကြောင်း အမှုသုံးခု ဖွင့်ခဲ့သော ကျောင်းသားဟောင်းများက ပြောကြားခဲ့ကြသည်။ နယူးယောက်နှင့် ကယ်လီဖိုးနီးယားတို့တွင် အမှုဖွင့်ခဲ့သော ယင်းကျောင်းသားများသည် ကျောင်းဝင်ခွင့်အတွက် ဒေါ်လာ ၃၅၀၀၀ အထိ ပေးသွင်းခဲ့ရပြီး မန်ဟက်တန် အိမ်ခြံမြေလုပ်ငန်းရှင် သူဌေးကြီး ထရန့် က စိတ်ကြိုက်ရွေးထားသော ပညာရှင်များ၏သင်ကြားမှုအပြီးတွင် အိမ်ခြံမြေလုပ်ငန်း၌ အောင်မြင်စွာ လုပ်ဆောင်နိုင်မည်ဟု မှားယွင်းစွာ ယုံကြည်ခဲ့ကြကြောင်း သိရသည်။ထရန့်၏ ရှေ့နေများက ကျောင်းသားအများအပြားသည် ယင်းအစီအစဉ်အား လက်ခံခဲ့ကြပြီး မအောင်မြင်ခဲ့သူများမှာ ကိုယ့် ကိုယ်ကိုယ်သာ အပြစ်တင်ရမည် ဖြစ်ကြောင်း ပြောကြားခဲ့ကြသည်။ သို့သော် အစိုးရအဖွဲ့ ဖွဲ့စည်းနိုင်ရန် ပြင်ဆင်နေစဉ် ယင်းအမှုအား ပြေလည်စေရန် ကြိုးပမ်းခဲ့ပုံရသော ထရန့်က လျော်ကြေးပေးရန် သဘောတူခဲ့ခြင်းဖြစ်သည်။ လျော်ကြေးဒေါ်လာ ၂၅ သန်းပေးရန် သဘောတူမှုသည် ဒေါ်နယ်ထရန့်၏ အံ့အားသင့်ဖွယ် အပြောင်းအလဲ ပြုလုပ်မှုဖြစ်ပြီး လိမ်လည်ခံခဲ့ရသူ ၆၀၀၀ ကျော်အတွက် အဓိက အောင်ပွဲတစ်ရပ်ဖြစ်ကြောင်း နယူးယောက်ပြည်နယ် ရှေ့နေချုပ် အီရစ်ရှ်နိုင်ဒါမန်းက ပြောကြားခဲ့သည်။ ထို့ပြင် ထရန့် သည် ပြည်နယ်ပညာရေး ဥပဒေများအား ချိုးဖောက်မှုအတွက် နယူးယောက်ပြည်နယ်အစိုးရထံ ငွေဒဏ်ဒေါ်လာ တစ်သန်း ပေးဆောင်ရမည် ဖြစ်ကြောင်းလည်း ၎င်းက ဆိုခဲ့သည်။ယင်းလျော်ကြေးပေးမှုသည် ၂၀၁၀ ပြည့်နှစ်က ကယ်လီဖိုးနီးယားတွင် စွဲဆိုခဲ့သော အမှုနှစ်မှုနှင့် ၂၀၁၃ ခုနှစ်က နယူးယောက်တွင် စွဲဆိုခဲ့သော အမှုတစ်မှုအား အကျုံးဝင်ကြောင်း ရှ်နိုင်ဒါမန်းရုံး၏ ပြောခွင့်ရ ပုဂ္ဂိုလ်တစ်ဦးက ပြောကြားခဲ့သည်။ ထရန့် က ယင်းအမှု ကြားနာစစ်ဆေးမှုအား ရွှေ့ဆိုင်းရန်အတွက် တောင်းဆိုမှုကို ဆန်တီယာဂိုရှိ ဖက်ဒရယ်တရားရုံးတွင် ကြားနာမှုမပြုလုပ်မီ ယင်းကဲ့သို့ သဘောတူညီချက် ရရှိခဲ့ခြင်းဖြစ်သည်။လျော်ကြေးဒေါ်လာ ၂၅ သန်းအနက် ၂၁ သန်းကို ဆန်တီယာဂိုရှိ ထရန့်တက္ကသိုလ် တရားလိုများထံ ပေးအပ်သွားမည်ဖြစ်ပြီး ကျန်လေးသန်းကို နယူးယောက်ရှိ တရားလိုများထံ ပေးသွားမည်ဖြစ်ကြောင်း ဆန်တီယာဂိုမှ ကျောင်းသားများအတွက် ဦးဆောင်ရှေ့နေ တစ်ဦးဖြစ်သူ ဂျေဆန်ဖော့က ပြောကြားခဲ့သည်။ လိမ်လည်ခံခဲ့ရသော ကျောင်းသားများသည် သုံးလမှ လေးလအတွင်း ယင်းလျော်ကြေးများအား ခွဲဝေရရှိနိုင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။       

Most Read

Most Recent