ထရန့်က လုံခြုံရေးကိစ္စနှင့် ရွှေ့ပြောင်းအခြေချမှု ကိစ္စတို့၌ သဘောထားတင်းမာသူ သုံးဦးကို ထိပ်တန်းရာထူး နေရာများတွင် လျာထား

ထရန့်က လုံခြုံရေးကိစ္စနှင့် ရွှေ့ပြောင်းအခြေချမှု ကိစ္စတို့၌ သဘောထားတင်းမာသူ သုံးဦးကို ထိပ်တန်းရာထူး နေရာများတွင် လျာထား
Published 19 November 2016
Ref: AFP

အမေရိကန်သမ္မတအဖြစ် ရွေးကောက် တင်မြှောက်ခံထားရသော ဒေါ်နယ်ထရန့်၏ အစိုးရဖွဲ့စည်းမှုသည် နိုဝင်ဘာ ၁၈ ရက်တွင် ပုံပေါ်၍ လာပြီဖြစ်ပြီး လုံခြုံရေးနှင့် တရားရေးဆိုင်ရာ အဓိကရာထူးများတွင် သူ၏ အားထားရသူ ကွန်ဆာဗေးတစ်ပုဂ္ဂိုလ် သုံးဦးအား လျာထားကြောင်း သိရသည်။ သူ၏ လျာထားမှုများကို လက်ယာယိမ်းဝါဒီများက ကောင်းချီးပေးခဲ့ကြပြီး ဒီမိုကရက်များက ပြစ်တင်ရှုတ်ချခဲ့ကြောင်း သိရသည်။မဲဆွယ်ပွဲကာလအတွင်း ထရန့်ကို အစောဆုံး ထောက်ခံသူတစ်ဦးဖြစ်သည့် ရွှေ့ပြောင်းအခြေချမှု ဆန့်ကျင်ရေးသမား အထက်လွှတ်တော်အမတ် ဂျက်ဆက်ရှင်းကို နိုင်ငံတော်ရှေ့နေချုပ်အဖြစ် လျာထားပြီး တရားမဝင် ရွှေ့ပြောင်းအခြေချမှုကို တင်းတင်းမာမာ ကိုင်တွယ်ရန် ပြင်ဆင်ထားကြောင်း အချက်ပြခဲ့သည်။စီအိုင်အေကို ဦးဆောင်ရန်အတွက်မူ သဘောထားတင်းမာသည့် ကွန်ဂရက်အမတ် မိုက်ပွန်ပီယိုကို လျာထားကြောင်း သိရသည်။ ပွန်ပီယိုသည် အီရန်နျူကလီးယား သဘောတူညီချက်ကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ခဲ့သူဖြစ်ပြီး ၂၀၁၂ ခုနှစ်တွင် လစ်ဗျားနိုင်ငံ ဘင်ဂါဇီမြို့၌ အမေရိကန်သံတမန်အဖွဲ့ တိုက်ခိုက်ခံရမှုနှင့် ပတ်သက်၍ စစ်ဆေးကြားနာမှုအတွင်း ထရန့်၏ ပြိုင်ဘက် ဟီလာရီကလင်တန်ကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သူလည်း ဖြစ်သည်။တပ်မှူးချုပ်ဖြစ်လာတော့မည့် ထရန့်သည် အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီး မိုက်ကယ်ဖလင်းကိုလည်း စစ်ဘက်ဆိုင်ရာ ထိပ်တန်းအကြံပေးပုဂ္ဂိုလ်အဖြစ် ခန့်အပ်ခဲ့သည်။“သမ္မတအဖြစ် ရွေးကောက် တင်မြှောက်ခံထားရတဲ့ ထရန့်ရဲ့ အမေရိက တစ်ခုတည်းဆိုတဲ့ အမြင်နဲ့ ဥပဒေအောက်မှာ ညီမျှတဲ့ တရားမျှတမှုရှိရမယ် ဆိုတာကို အားပါးတရ ထောက်ခံပါတယ်”ဟု  သက်တမ်းနှစ် ၂၀ ရှိ ဝါရင့်ကွန်ဂရက်အမတ် ဆက်ရှင်းက ပြောကြားခဲ့သည်။ ထရန့်က ဆက်ရှင်းကို ကမ္ဘာ့အဆင့် ဥပဒေဆိုင်ရာ သဘောထားရှိသူအဖြစ် ကြေညာချက်တစ်ရပ်၌ ဖော်ပြခဲ့သည်။ထရန့်၏ ရွေးချယ်မှုများက သူသည် လက်ယာစွန်းကျသူများကို သဘောကျကြောင်း ဖော်ပြနေပြီး အမေရိကန်၏ ကမ္ဘာ့အနေအထားနှင့် ပတ်သက်၍ တည်ငြိမ်မှုနှင့် စဉ်ဆက်မပြတ်မှုရှိကြောင်း အချက်ပြကာ နှစ်သိမ့်မှုကို ပေးခဲ့သည်။နေတိုးအဖွဲ့အကြီးအကဲ ယန်းစတောက်တန်ဘတ်က နိုဝင်ဘာ ၁၈ ရက်တွင် ထရန့် နှင့် တယ်လီဖုန်းမှတစ်ဆင့် ကောင်းစွာဆွေးနွေးခဲ့ကြောင်းနှင့် လာမည့် အမေရိကန်သမ္မတသည် အတ္တလန္တိတ် မဟာမိတ်သဘောတူစာချုပ်ကို ဆက်လက် လက်ခံမည်ဖြစ်ကြောင်း ဘရပ်ဆဲမြို့တွင် ပြောကြားခဲ့သည်။ပွန်ပီယို (၅၂ နှစ်) က သူသည် စီအိုင်အေအကြီးအကဲရာထူးကို ဂုဏ်ယူနှိမ့်ချစွာဖြင့် လက်ခံမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ကင်ဆက်ပြည်နယ် ဥပဒေပြုအမတ် ပွန်ပီယိုသည် လစ်ဗျားနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးနှင့် အခြားအမေရိကန် သုံးဦး သေဆုံးခဲ့ရသည့် ဘင်ဂါဇီတိုက်ခိုက်မှုကို ထိုစဉ်က နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် ကိုင်တွယ်ပုံအား ပြစ်တင်ဝေဖန်သည့် အစီရင်ခံစာကို ပူးတွဲရေးသားခဲ့သည်။အစိုးရအဖွဲ့ အုပ်ချုပ်ရေးနှင့် သံတမန်ရေးကိစ္စများ၌ အတွေ့အကြုံမရှိသည့် သမ္မတတစ်ဦးအတွက် တိုး၍ တိုး၍ ရန်လိုလာသော ရုရှားနှင့် မည်သို့ ဆက်ဆံမည်ဟူသည့်အချက် အပါအဝင် မူဝါဒကို ပုံဖော်ရာ၌ အဓိက အခန်းကဏ္ဍမှ ပါဝင်မည့် အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ်အဖြစ် ခန့်ထားခံရမည့် ဖလင်း (၅၇ နှစ်) အပေါ် အငြင်းပွားမှုများက ပို၍ပင် နက်ရှိုင်းစွာရှိနေသည်။ဖလင်းသည် မော်စကိုသို့ သွားပြီး ရုရှား သမ္မတ ဗလာဒီမာပူတင်နှင့်အတူ ညစာ စားလိုက်သည့်အခါ လူအများက အထိတ်တလန့် ဖြစ်လာကြသည်။သူ၏ မဲဆွယ်ပွဲ ကာလတစ်လျှောက် ထရန့်က အကြိမ်ကြိမ် ကာကွယ်ခဲ့သော်လည်း နှိပ်စက်ညှဉ်းပန်းမှုဟု သတ်မှတ်ထားသည့် ရေဖြင့် ညှဉ်းပန်းနှိပ်စက်ကာ စစ်ဆေးမေးမြန်းခြင်းကဲ့သို့သော နည်းလမ်းများကို ဖယ်ရှားရန် ဖလင်းက ပယ်ချခဲ့ဖူးသည်။အစ္စလာမ်အစွန်းရောက်ဝါဒနှင့် ပတ်သက်၍ ဖလင်း၏ တင်းမာသည့် ရပ်တည်ချက်က လူအများကို စိတ်အနှောင့်အယှက် ဖြစ်စေခဲ့သည်။ မွတ်စလင်များကို ကြောက်လန့်ခြင်းသည် ဆင်ခြင်တုံတရားနှင့် ညီကြောင်းလည်း သူက ဖေဖော်ဝါရီလတွင် Twitter ၌ ရေးခဲ့ဖူးသည်။