မောင်တောဒေသ အကြမ်းဖက်တိုက်ခိုက်ခံရမှုနှင့် ပတ်သက်၍ နိုင်ငံတော်အဆင့် စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းမည်ဟု နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်

မောင်တောဒေသ အကြမ်းဖက်တိုက်ခိုက်ခံရမှုနှင့် ပတ်သက်၍ နိုင်ငံတော်အဆင့် စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းမည်ဟု နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်
Published 19 November 2016
ကြည်နိုင်

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးမှုတိုးတက်ရေး အကောင်အထည်ဖော်ရေး ဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ် (၃/ ၂၀၁၆) ၏ အစည်းအဝေး ဆုံးဖြတ်ချက်အရ မောင်တောဒေသ အကြမ်းဖက် တိုက်ခိုက်ခံရမှုနှင့် ပတ်သက်၍ နိုင်ငံတော်အဆင့် စုံစမ်းစစ်ဆေးရေးအဖွဲ့  ဖွဲ့စည်းမည်ဟု နိုင်ငံတော် အတိုင်ပင်ခံရုံးက နိုဝင်ဘာ ၁၈ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
အဆိုပါ အစည်းအဝေး ဆုံးဖြတ်ချက်အရ မောင်တောဒေသ အကြမ်းဖက်တိုက်ခိုက်ခံရမှုနှင့် ပတ်သက်၍ နိုင်ငံတော်အဆင့် စုံစမ်းစစ်ဆေးရေးအဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းဆောင်ရွက်သွားမည်ဖြစ်ပြီး ယင်းစုံစမ်းစစ်ဆေးရေး အဖွဲ့အနေဖြင့် မောင်တောဒေသတွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက် တိုက်ခိုက်ခံရမှုအပေါ် အဖြစ်မှန်ပေါ်ပေါက်ရေးကို စုံစမ်းစစ်ဆေးရန်၊ စုံစမ်းစစ်ဆေး တွေ့ရှိချက်အပေါ် အခြေခံ၍ နောင်အလားတူဖြစ်စဉ်မျိုး ထပ်မံ မဖြစ်ပွားစေရေးအတွက် ဆောင်ရွက်သင့်သည့် အစီအမံများ၊ သင်ခန်းစာ ဖော်ထုတ်ချက်များကို လေ့လာသုံးသပ် တင်ပြရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။
ယင်း ဗဟိုကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ် (၃/ ၂၀၁၆) ကို နိုဝင်ဘာ ၁၈ ရက် မွန်းလွဲ ၂ နာရီတွင် နိုင်ငံတော် သမ္မတအိမ်တော်၌ ကျင်းပခဲ့ပြီး  ရှေးဦးစွာ ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဗဟိုကော်မတီဒုတိယဥက္ကဋ္ဌ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ် ကြီးရဲအောင်၊ ဗဟိုကော်မတီဒုတိယဥက္ကဋ္ဌ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ရခိုင်ပြည်နယ်အတွင်း လတ်တလော ဖြစ်ပေါ်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ နိုင်ငံတကာ အဖွဲ့အစည်းများက မောင်တောဒေသသို့ လူသားချင်းစာနာထောက်ထားမှု အကူအညီထောက်ပံ့ပေးနေမှုနှင့် စပ်လျဉ်း၍ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်  WFP က ၂၀၁၆ ခုနှစ် နိုဝင်ဘာ ၄ ရက်မှ ၁၅ ရက် အထိ ဆန် ၂၀၂ ဒသမ ၃၀၈ တန်၊ ပဲ ၂၅ ဒသမ ၀၁၃ တန်၊ ဆီ ၄ ဒသမ ၂၁၇ တန်၊ ဆား ၂ ဒသမ ၃၇၄ တန်၊ ဘီစကစ်  ၃၅၁ ဒသမ ၂၈၆ တန်နှင့် အာဟာရမုန့် တန် ၂၀၀ ထောက်ပံ့ပေးခဲ့ကြောင်း၊ ယင်းထောက်ပံ့မှုများကို WFP ဒေသခံဝန်ထမ်းများက ဖြန့်ဖြူး ပို့ဆောင် ပေးခဲ့ခြင်းဖြစ်ကြောင်း၊  WFP အနေဖြင့် အကြမ်းဖက်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သော ကြက်ရိုးပြင်၊ ငါးစားကြူးနှင့် ပြောင်ပိုက် ကျေးရွာများသို့ ၂၀၁၆ ခုနှစ် နိုဝင်ဘာ ၈ ရက် တွင် လည်းကောင်း၊ ဝါးပိတ်ကျေးရွာသို့ နိုဝင်ဘာ ၉ ရက်နှင့် ၁၀ ရက်များတွင်လည်းကောင်း၊ လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးပို့ဖြန့်ဖြူးခဲ့ရာ ဆန် ၁၀၁၁ အိတ်နှင့် ၄၈ ပြည်၊ ပဲ ၈၉ အိတ်၊ ဆီ ၃၆၈၈ လီတာ၊ ဆား ၃၉၄ ပိသာနှင့် အခြားအာဟာရ ဖြည့်စွက်စားနပ်ရိက္ခာများ ထောက်ပံ့ကူညီခဲ့ပြီး ဖြစ်ကြောင်း၊ အလားတူ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနနှင့် ပြည်နယ်အစိုးရတို့မှလည်း စားနပ်ရိက္ခာများ ပံ့ပိုးကူညီလျက်ရှိကြောင်း ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးလုပ်ငန်း ကော်မတီဥက္ကဋ္ဌကိုယ်စား ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဗိုလ်ချုပ် အောင်စိုးက လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရား ဥပဒေစိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုကို ရှင်းလင်းတင်ပြခဲ့ပြီး ရခိုင်ပြည်နယ်အတွင်း ‘ဒေသန္တရရဲတပ်ဖွဲ့’  ဖွဲ့စည်းခြင်းနှင့် စပ်လျဉ်း၍ ယင်းသတင်းထွက်ပေါ်နေမှုမှာ မှားယွင်းပါကြောင်း၊ ရခိုင်ပြည်နယ်သာမက အခြားတိုင်းဒေသကြီး/ ပြည်နယ်များတွင်လည်း ဒေသန္တရ ရဲတပ်ဖွဲ့ဟူ၍ ဖွဲ့စည်းရန် မရှိပါကြောင်း၊ မြန်မာနိုင်ငံ တစ်ဝန်းရဲတပ်ဖွဲ့ဝင် အင်အား ဖြည့်တင်းရန် ရည်ရွယ်၍ တိုင်းဒေသကြီး/ ပြည်နယ် ခုနစ်ခုတွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်ရဲတပ်သား အသစ်များ စုဆောင်းနိုင်ရေး ဆောင်ရွက်ရန်သာရှိကြောင်း ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။
ဆက်လက်၍ လူဝင်မှုကြီးကြပ်ရေးနှင့် နိုင်ငံသားစိစစ်ရေး လုပ်ငန်းကော်မတီ ဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ ဒေသတွင်း ပြန်လည်နေရာ ချထားရေးနှင့် လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဒေါက်တာဝင်းမြတ်အေး၊ ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေနှင့် တာဝန်ရှိသူများက မိမိတို့လုပ်ငန်း ကော်မတီအလိုက် လုပ်ငန်းများစီမံဆောင်ရွက်ထားရှိမှု၊ ဆောင်ရွက်ဆဲ အခြေအနေနှင့် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် ကိစ္စရပ်များအပေါ် ရှင်းလင်းတင်ပြကြသည်။
အစည်းအဝေး တက်ရောက်လာသူများက အထွေထွေကိစ္စရပ်များအပေါ် ဆွေးနွေးကြရာ ဆွေးနွေးတင်ပြချက်များနှင့် ပတ်သက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း မှာကြားခဲ့ကြောင်း၊ လက်ရှိထောက်ပံ့ ကူညီလျက်ရှိသော လူသားချင်းစာနာ ထောက်ထားမှု အကူအညီများ ထိထိရောက်ရောက် ဖြန့်ခွဲပို့ဆောင်နိုင်ရေး တိုးမြှင့်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent