တအာင်းဒေသတွင် ၂၀၁၆ ခုနှစ်အတွင်း တိုက်ပွဲပေါင်း ၃၀၉ ကြိမ် ဖြစ်ပွားခဲ့ကြောင်း TNLA ထုတ်ပြန်

တအာင်းဒေသတွင် ၂၀၁၆ ခုနှစ်အတွင်း တိုက်ပွဲပေါင်း ၃၀၉ ကြိမ် ဖြစ်ပွားခဲ့ကြောင်း TNLA ထုတ်ပြန်
Published 18 November 2016
ကျော်ဇင်ဝင်း

၂၀၁၆ ခုနှစ်အတွင်း တအာင်းဒေသ၌ တိုက်ပွဲပေါင်း ၃၀၉ ကြိမ်ဖြစ်ပွားခဲ့ကြောင်း တအာင်း လက်နက်ကိုင်အဖွဲ့ (PSLF/TNLA) က နိုဝင်ဘာ ၁၈ ရက်တွင် ထုတ်ပြန်သည့် ၂၀၁၅ - ၂၀၁၆ ခုနှစ် စစ်ပွဲသုံးသပ်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ ထုတ်ပြန်ချက်တွင် တအာင်းဒေသအတွင်း၌ ၂၀၁၂ ခုနှစ်တွင် တိုက်ပွဲ (၁၇) ကြိမ်၊ ၂၀၁၃ ခုနှစ်တွင် တိုက်ပွဲ (၆၅) ကြိမ်၊ ၂၀၁၄ ခုနှစ်တွင် တိုက်ပွဲ (၁၃၆) ကြိမ် ဖြစ်ပွားခဲ့ရာမှ ၂၀၁၅ ခုနှစ်တွင် တိုက်ပွဲ (၂၁၉) ကြိမ်နှင့် ၂၀၁၆ ခုနှစ်တွင် တိုက်ပွဲ (၃၀၉) ကြိမ်အထိ ဖြစ်ပွားလာခဲ့ကြောင်း ရေးသားထားသည်။ ထိုသို့ တိုက်ပွဲပိုမို ဖြစ်ပွားလာရခြင်းမှာ တပ်မတော်၏ ထိုးစစ်ဆင် ပိုမိုပြုလုပ်ခြင်းနှင့် ရှမ်းလက်နက်ကိုင် အဖွဲ့တစ်ဖွဲ့ဖြစ်သည့် RCSS/SSA တပ်ဖွဲ့က တအာင်းဒေသအတွင်း နယ်မြေကျူးကျော် ဝင်ရောက် တိုက်ခိုက်လာခြင်းကြောင့် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
တအာင်းဒေသအတွင်း RCSS နှင့် ၂၀၁၅ ခုနှစ်မှ စတင်ကာ နှစ်ဖက်ထိတွေ့တိုက်ခိုက်မှုများ စတင်ဖြစ်ပွားခဲ့ကြောင်း၊ တိုက်ပွဲစတင် ဖြစ်ပွားရခြင်းမှာ တပ်မတော်သည် TNLA နှင့် တိုက်ပွဲဖြစ်ပွားရာတွင် ထိခိုက်ကျဆုံးမှု များပြားခြင်းကြောင့် လည်းကောင်း၊ တိုင်းရင်းသား တော်လှန်ရေး လက်နက်ကိုင်  အင်အားယုတ်လျော့စေရန် တိုင်းရင်းသား လက်နက်ကိုင် အချင်းချင်း တိုက်ခိုက်စေသည့် နည်းလမ်းကို အသုံးပြုခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် စွပ်စွဲထားသည်။
ထို့ပြင် NCA လက်မှတ်ထိုးပြီးနောက်ပိုင်း RCSS/SSA တပ်ဖွဲ့အား အကူအညီပေးပြီး တအာင်းဒေသသို့ ထောင်ချီသော တပ်အင်အားများ ကျူးကျော်ဝင်ရောက်စေကာ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားစေရန် အသုံးချခဲ့ကြောင်း TNLA ၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
ထို့ကြောင့် TNLA နှင့် RCSS တပ်ဖွဲ့ တိုက်ပွဲဖြစ်ပွားသည့် လများတွင် တပ်မတော်နှင့် TNLA တို့တိုက်ပွဲဖြစ်ပွားမှု လျော့ကျလာခဲ့ကြောင်း၊ TNLA နှင့် RCSS တပ်ဖွဲ့တို့ တိုက်ပွဲလျော့ကျလာသဖြင့် ယခုတစ်ဖန် တပ်မတော်သည် TNLA အား ပြန်လည်ထိုးစစ် ဆင်လာခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
“အမှန်ကတော့ အဲဒီစွပ်စွဲချက်တွေကတော့ အခြေအမြစ် မရှိဘူးလို့ပဲ ကျွန်တော်တို့ဘက်က ပြောလိုပါတယ်။ ဘာလို့လဲဆိုတော့ အရင်တုန်းက ကျွန်တော်တို့ တပ်တွေက ၂၀၀၅၊ ၂၀၀၆ ကတည်းက သူတို့ပြောပြောနေတဲ့ နမ့်ခမ်းဘက်ပေါ့နော်။ မူဆယ်-နမ့်ခမ်းဘက်ဆိုရင် နဂိုကတည်းက ကျွန်တော်တို့ရှိပြီးသား။ အဲဒီတုန်းကဆိုရင် TNLA က သူတို့ မတည်ထောင်ရသေးဘူး။ သူတို့က ၂၀၁၀ နောက်ပိုင်းမှ တည်ထောင်လာတဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။ အဲဒီလိုဆိုတော့ ကျွန်တော်တို့က နယ်မြေကျူးကျော်တယ်ဆိုတဲ့ အပြောမျိုးကို လက်မခံပါဘူး။ ကျွန်တော်တို့နေရာတွေကို ပြန်သွားတဲ့ သဘောပါ။ ဒီဘက် ကျောက်မဲတို့ ဘာတို့လည်း အဲဒါလည်း လှုပ်ရှားတဲ့ နယ်မြေတွေပါပဲ။ အရင် NCA မထိုးခင်ကတည်းက ကျွန်တော်တို့ တပ်ဖျောက်ထားတဲ့ သဘောပေါ့ဗျာ။ အဲဒီအချိန်က အတည်တကျ ထုတ်ဖော်ပြောပြလို့မရတဲ့ အနေအထားမှာ ရှိတယ်လေ။ NCA ထိုးပြီးတဲ့ နောက်ပိုင်းမှာပဲ ကျွန်တော်တို့ တပ်တည်နေရာတွေ။ တပ်လှုပ်ရှားတယ်။ ကျွန်တော်တို့ လှစ်ပြတဲ့သဘော  သက်ရောက်ပါတယ်” ဟု RCSS/SSA အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး စိုင်းငင်းက ပြောကြားသည်။
TNLA နှင့် RCSS တပ်ဖွဲ့တို့သည် ၂၀၁၅ ခုနှစ်တွင် တိုက်ပွဲပေါင်း (၁၇) ကြိမ်ဖြစ်ပွားပြီး ၂၀၁၆ ခုနှစ်တွင် တိုက်ပွဲပေါင်း (၁၄၅) ကြိမ် ဖြစ်ပွားခဲ့ကြောင်း ထုတ်ပြန်မှုအရ သိရသည်။
“ကျွန်တော်တို့ တိုင်းရင်းသား အချင်းချင်း ကြားထဲမှာလည်း နားလည်မှုလွဲတဲ့အပိုင်းတွေ ပါတာပေါ့နော်။ ခုနက ကျွန်တော်တို့ ပြောသလို ပြင်ပ ပယောဂလည်း ပါမယ်။ ဒါကြောင့်မို့လို့ အခုချိန်မှာဆိုရင် ငြိမ်းချမ်းရေး ဖော်ဆောင်တဲ့ နေရာမှာ ကျွန်တော်တို့ ဘက်ကလည်း ကြိုးစားနေပါတယ်။ ကျွန်တော်တို့ အချင်းချင်း ပြန်လည်သင့်မြတ်ရေး၊ ရင်ကြားစေ့ရေးဆိုတဲ့ နေရာမှာ နိုင်ငံတော် အစိုးရနဲ့တင်မကဘဲ   တိုင်းရင်းသား အချင်းချင်း ကြားမှာလည်း အရမ်းလိုအပ်တာပေါ့နော်။ အခုဆိုရင် သိတဲ့အတိုင်းပဲ EAOs (တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ) ထဲမှာလည်း NCA ထိုးတဲ့အဖွဲ့နဲ့ NCA မထိုးတဲ့ အဖွဲ့နဲ့ အစုအဖွဲ့တွေကလည်း သုံးလေးခုလောက် ဖြစ်နေတဲ့သဘော ရှိနေတာကိုး။ ဒါကြောင့်မို့လို့ အဲဒီကိစ္စကို ပြေလည်အောင် ကျွန်တော်တို့ အများကြီး ကြိုးစားယူရမယ်လို့ မြင်ပါတယ်။ ကြိုးစားနေတာပေါ့နော်။ ခုနက TNLA နဲ့ ဖြစ်ပွားနေတဲ့ တိုက်ပွဲ ပဋိပက္ခတွေလည်း ငြိမ်းချမ်းတဲ့နည်းနဲ့ အဖြေရှာနိုင်အောင်လို့ စဉ်ဆက်မပြတ် ကြိုးစားနေပါတယ်။ တွေ့ဆုံဆွေးနွေးဖို့ အမြဲတမ်း တံခါးဖွင့်ထားပါတယ် ဆိုတဲ့အကြောင်း ပြောလိုပါတယ်” ဟု  ဒုတိယဗိုလ်မှူးကြီး စိုင်းငင်းက ပြောကြားသည်။
ထို့အတူ အောက်တိုဘာလ စတုတ္ထပတ်မှစတင်၍ TNLA အား ထိုးစစ်ဆင်မှု ပိုမိုပြုလုပ်လာခဲ့သဖြင့် တိုက်ပွဲများနေ့စဉ်နီးပါး ဆက်တိုက် ဖြစ်ပေါ်လာကြောင်း၊ တိုက်ပွဲမဖြစ်ပွားစေရန် TNLA မှ ရှောင်ရှားခဲ့သော်လည်း TNLA လှုပ်ရှားသည့်ဒေသ၊ အခြေချသည့် တောအတွင်း ယာယီစခန်း၊ မူးယစ်ဆေးဝါး ရောင်းဝယ်သူများ ဖမ်းဆီးချုပ်နှောင်ထားသည့် နေရာများသို့ တပ်မတော်က လိုက်လံတိုက်ခိုက်ခဲ့ကြောင်း၊ အရပ်ဝတ်ဖြင့် သွားလာနေသည့် TNLA အဖွဲ့ဝင်များကိုလည်း စီမံချက်ချကာ လိုက်လံဖမ်းဆီး လျက်ရှိကြောင်း၊ တိုက်ပွဲဖြစ်ပွားမှု မရှိသည့် နေ့များတွင် တပ်မတော်သည် ယင်းတို့တပ်စခန်းမှ ကျေးရွာပတ်ဝန်းကျင်နှင့် ကျေးရွာအတွင်း လက်နက်ကြီးများ ပစ်ခတ်တိုက်ခိုက်ကြောင်း TNLA အဖွဲ့၏ ထုတ်ပြန်မှုတွင် ဖော်ပြထားသည်။ တပ်မတော်ပိုင် မြဝတီ သတင်းစာတွင် အောက်တိုဘာ လကုန်ပိုင်းမှစတင်ကာ ဖော်ပြလျက်ရှိသည့် တပ်မတော်နှင့် TNLA အကြား ဖြစ်ပွားသည့် တိုက်ပွဲသတင်းများအရ တိုက်ပွဲဖြစ်စဉ်အတွင်း တပ်မတော်သားအချို့ သေဆုံး၊ ထိခိုက်၊ ဒဏ်ရာရရှိမှုများ ရှိကြောင်း သိရသည်။
 

Most Read

Most Recent