ထရန့်က အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ် ရာထူးအတွက် ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ဖလင်းအား ကမ်းလှမ်း

ထရန့်က အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ် ရာထူးအတွက် ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ဖလင်းအား ကမ်းလှမ်း
Published 18 November 2016

အမေရိကန်သမ္မတ ရွေးကောက်ပွဲ၌ အနိုင်ရရှိထားသော ဒေါ်နယ်ထရန့်သည် အလွန်သြဇာကြီးမားသော ရာထူးဖြစ်သည့် အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ် ရာထူးအား သူ၏ အငြင်းပွားဖွယ်ရာ မဲဆွယ်မှု အကြံပေးပုဂ္ဂိုလ်ဖြစ်သည့် ဒုတိယဗိုလ်ချုပ်ကြီးဟောင်း မိုက်ကယ်ဖလင်းကို ကမ်းလှမ်းခဲ့ကြောင်း ထရန့်၏ အရာရှိများ ပြောကြားချက်အရ အမေရိကန် မီဒီယာများက နိုဝင်ဘာ ၁၈ ရက်တွင် ဖော်ပြခဲ့သည်။
အာဖဂန်နစ္စတန်နှင့် အီရတ်ရှိ သူပုန်တို့၏ ကွန်ရက်များကို ယှဉ်ပြိုင်တိုက်ခိုက်ရာ၌ အထောက်အကူပြုသည့် စစ်ဘက်ထောက်လှမ်းရေး အရာရှိတစ်ဦးအဖြစ် အကြီးအကျယ် လေးစားခံရသော ဖလင်း (၅၇ နှစ်) သည် နောက်ပိုင်း၌ ထရန့်၏ မဲဆွယ်မှုများကို အခိုင်အမာ ကျောထောက်နောက်ခံ ပြုပေးခဲ့သောကြောင့် အကြီးအကျယ် ဝေဖန်ခံခဲ့ရသူ ဖြစ်သည်။
ဖလင်းသည် မဲဆွယ်မှု ကာလအတွင်း  အမျိုးသားလုံခြုံရေး အကြောင်းအရာများနှင့် ပတ်သက်၍ ထရန့်၏ ဦးစီးအကြံပေး ပုဂ္ဂိုလ်အဖြစ် ဆောင်ရွက်ခဲ့ပြီး အစ္စလာမ် အစွန်းရောက်ဝါဒနှင့် ပတ်သက်၍ တင်းတင်းမာမာ ရပ်တည်ကာ အလွန်သိသာ ထင်ရှားစွာ ထရန့်အား ကိုယ်စားပြုသူဖြစ်သည်။
သို့သော် အများက နိုင်ငံ၏ ထိပ်တန်းအမျိုးသား လုံခြုံရေး အာဏာပိုင်ဖြစ်သည်ဟု ယုံကြည်ထားသော ရာထူးကို ပေးအပ်မှုအား ဖလင်းက လက်ခံခဲ့ခြင်း ရှိ၊ မရှိ ဟူသည်ကို ယခုအထိ ရှင်းရှင်းလင်းလင်း မသိရသေးပေ။
အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ် ရာထူးရရှိလျှင် ဖလင်းသည် နိုင်ငံခြားရေး မူဝါဒအပေါ် သြဇာအရှိဆုံး လူတစ်ဦး ဖြစ်လာမည် ဖြစ်သကဲ့သို့ IS အဖွဲ့နှင့် တိုက်ခိုက်နေခြင်း၊ တောင်တရုတ်ပင်လယ်နှင့် အခြားနေရာများ၌ တရုတ်၏ စိန်ခေါ်မှု မြင့်တက်လာခြင်းနှင့် ရုရှားက အတိုက်အခံ ပြုနေခြင်းတို့ အပါအဝင် အမေရိကန် ရင်ဆိုင်နေရသော ဖိအားအများဆုံး လုံခြုံရေး အကြောင်းအရာ အချို့အပေါ် သြဇာရှိမည်ဖြစ်သည်။
ထရန့်သည် နိုင်ငံတော်လုံခြုံရေး အကြောင်းအရာနှင့် ပတ်သက်၍ အတွေ့အကြုံလုံးလုံး မရှိသောကြောင့် ဖလင်း၏ အခန်းကဏ္ဍသည် သူ၏ရှေ့မှ အလားတူ ရာထူးရယူခဲ့သူများထက်ပင် ပို၍ သြဇာကြီးမားနိုင်သည်ဟု ဆိုသည်။
ဖလင်းသည် ဝန်ထမ်း ၄၀၀ ခန့်ကို ကြီးကြပ်လျက် ပင်တဂွန်စစ်ဌာနချုပ်၊ နိုင်ငံခြားရေးဌာနနှင့် ထောက်လှမ်းရေး အေဂျင်စီများနှင့် အစိုးရအဖွဲ့အကြား အဓိက ထိတွေ့သူအဖြစ် ထမ်းဆောင်ရမည်ဖြစ်သည်။
ဖလင်းသည် ၂၀၁၄ ခုနှစ်တွင် သူ၏ ခေါင်းဆောင်မှု ပုံစံနှင့်ပတ်သက်၍ တိုင်ကြားမှုများစွာကို ခံရပြီးနောက် သမ္မတအိုဘားမားက ကာကွယ်ရေးဌာန ထောက်လှမ်းရေး အေဂျင်စီ အကြီးအကဲ ရာထူးမှ သူ့အား ဖယ်ရှားခဲ့သဖြင့် ဖလင်းက စစ်တပ်မှ ထွက်ခဲ့သည်။
အစွန်းရောက် အစ္စလာမ်ဝါဒ၏ ခြိမ်းခြောက်မှုများနှင့် ပတ်သက်၍ သူ၏ သတိပေးမှုများကို အစိုးရအဖွဲ့က နားထောင်လိုခြင်း မရှိခြင်းကြောင့် သူ့အား အလုပ်ထုတ်ခဲ့သည်ဟု အပြစ်တင်လျက် ဖလင်းသည် အိုဘားမားအား ပြင်းပြင်းထန်ထန် ဝေဖန်သူတစ်ဦး ဖြစ်လာခဲ့သည်။
ဖလင်းက အစ္စလာမ္မစ် စစ်သွေးကြွများသည် ကမ္ဘာ့ယဉ်ကျေးမှုအပေါ် အဆက်မပြတ် ခြိမ်းခြောက်မှု ပြုနေသည်ဟူသော သူ၏အမြင်အတွက် ဝေဖန်မှုများပြုလုပ်ခဲ့ပြီး  ကမ္ဘာကြီးသည် ဗဟိုယိမ်း အမျိုးသားရေးဝါဒီများနှင့် ဆိုရှယ်လစ်ဝါဒီများအကြား ရုန်းကန်နေရသည့် အဖြစ်သို့ ကျရောက်သွားပြီ ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဖလင်း၏ ယင်းကဲ့သို့သော အမြင်များသည် အမေရိကန်အတွင်းသို့ အလည်အပတ်လာသည့် မွတ်စလင်အားလုံးကို ဝင်ခွင့်မပေးဘဲ ပိတ်ပင်ထားရန်နှင့် အမေရိကန် အတွင်းရှိ မွတ်စလင်များကို မှတ်ပုံတင်ရန်၊ သစ္စာရှိမှုဆိုင်ရာ စမ်းသပ်မှုများ စစ်ဆေးခံရန်နှင့် နိုင်ငံတွင်းမှ နှင်ထုတ်ရန်အထိ တောင်းဆိုခဲ့သော ထရန့်၏ အမြင်များနှင့် နီးစပ်လျက်ရှိသည်။                        
Ref : AFP