ရီယိုဒီဂျနေရိုးပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်းအား အကျင့်ပျက်ခြစားမှုဖြင့် ဖမ်းဆီး

ရီယိုဒီဂျနေရိုးပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်းအား အကျင့်ပျက်ခြစားမှုဖြင့် ဖမ်းဆီး
Published 18 November 2016

ဘရာဇီးတွင် Operation Car Wash ဟု အမည်ပေးထားသော အကျင့်ပျက်ခြစားမှုအား ကျယ်ကျယ်ပြန့်ပြန့် စုံစမ်းစစ်ဆေးမှုအတွင်း ရီယိုဒီဂျနေရိုး ပြည်နယ်အုပ်ချုပ်ရေးမှူးဟောင်း တစ်ဦးအား လာဘ်စားမှုနှင့် ငွေကြေးခဝါချမှု စွဲချက်များဖြင့် နိုဝင်ဘာ ၁၇ ရက်တွင် ဖမ်းဆီးခဲ့ကြောင်း သိရသည်။ ၂၀၀၇ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ ပြည်နယ်အုပ်ချုပ်ရေးမှူးအဖြစ် ထမ်းဆောင်ခဲ့သော ဆာဂျီယို ကက်ဘ်ရယ်အား ရီယိုရှိ လူကုံထံရပ်ကွက် လက်ဘလွန်တွင် ၎င်း၏နေအိမ်၌ ဖမ်းဆီးခဲ့ကြောင်း ဖက်ဒရယ်ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။
လက်ရှိသမ္မတ မီချယ်တီမာ၏ PMDB ပါတီ အဖွဲ့ဝင်ဖြစ်သော ကက်ဘ်ရယ်သည် ရီယို၏ သင်္ကေတဖြစ်သော မာရာကာနာ ဘောလုံးကွင်းစီမံကိန်း အပါအဝင် အစိုးရစီမံကိန်းများ၌ ပြည်သူ့ဘဏ္ဍာ ရီရယ် သန်း ၂၂၀ (ဒေါ်လာ ၆၄ သန်း) အား အလွဲသုံးစား ပြုလုပ်ခဲ့သည်ဟု စွပ်စွဲခံထားရသည့် အဖွဲ့တွင် ပါဝင်မှုစွဲချက် စွဲဆိုခံထားရသည်။ ရဲတပ်ဖွဲ့၏ စီးနင်းမှုအတွင်း အခြားလူခုနစ်ဦးလည်း ဖမ်းဆီးခံခဲ့ရပြီး အခြားလူနှစ်ဦးအား စစ်ဆေးမေးမြန်းရန်အတွက် ထိန်းသိမ်းခဲ့ကြောင်း သိရသည်။
အစိုးရပိုင် ရေနံကုမ္ပဏီကြီး Petrobras မှ ဒေါ်လာဘီလျံ အမြောက်အမြား ခိုးယူမှုများ ပြုလုပ်ခဲ့မှုတွင် ထိပ်တန်းနိုင်ငံရေးသမား အချို့၏ အလွဲသုံးစားပြုမှုနှင့် အကျင့်ပျက်ခြစားမှုတို့အား Operation Car Wash ဖြင့် စုံစမ်းစစ်ဆေး နေခြင်းဖြစ်သည်။ ကက်ဘ်ရယ်အား ဖမ်းဆီးခဲ့မှုကြောင့် အကျင့်ပျက်ခြစားမှုများနှင့် ဆက်နွှယ်နေသော ဒါဇင်နှင့်ချီသည့် ဥပဒေပြု အမတ်များ ရှိနေသည့် ကွန်ဂရက်အား ဖိအားမြင့်တက် စေခဲ့သည်။
အကျင့်ပျက် ခြစားခဲ့သည်ဟု စွပ်စွဲချက်များကြောင့် ဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့ချိန်တွင် ၂၀၁၄ ခုနှစ်၌ ရာထူးမှ နုတ်ထွက်ခဲ့သော ကက်ဘ်ရယ်သည် ဆောက်လုပ်ရေး ကန်ထရိုက်များ ပေးရန်အတွက် လာဘ်ယူခဲ့ကြောင်း ဖက်ဒရယ်ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။ ယင်းကန်ထရိုက် ပေးမှုတွင် ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲ မတိုင်မီ မာရာကာနာ အားကစားကွင်း ပြင်ဆင်မွမ်းမံခြင်းလည်း ပါဝင်သည်။ ရီယိုတွင် အကျိုးအမြတ်အတွက် လာဘ်ထိုးခြင်း အစီအစဉ်၌ ပါဝင်ခဲ့သည်ဟု စွပ်စွဲခံခဲ့ရသည့် ကုမ္ပဏီကြီးများတွင် Petrobras ကုမ္ပဏီကြီးအား ကျယ်ကျယ်ပြန့်ပြန့် စုံစမ်းစစ်ဆေးမှု၌ အဓိက ပစ်မှတ်ထားခံခဲ့ရသည့် ဆောက်လုပ်ရေးကုမ္ပဏီကြီး အင်ဒရာဒေဂူတီရာရက်လည်း ပါဝင်သည်။
အုပ်ချုပ်ရေးမှူးအဖြစ် ထမ်းဆောင်စဉ်က ကက်ဘ်ရယ်သည် ဇနီးဖြစ်သူအတွက် တန်ဖိုးကြီး အဝတ်အထည်များ ဝယ်ယူခြင်း၊ လက်ဝတ်ရတနာများ ဝယ်ယူခြင်းနှင့် ဈေးနှုန်းမြင့်မားသော စားသောက်ဆိုင်များတွင် စားသောက်ခြင်းတို့အတွက် လာဘ်စားထားသည့် ငွေများဖြင့် သုံးစွဲခဲ့ကြောင်း၊ သားဖြစ်သူ၏ ပါတီပွဲအတွက် ဟော့ဒေါ့များ ဝယ်ယူရာတွင်ပင် ယင်းငွေများ သုံးစွဲခဲ့ကြောင်း Globo သတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့သည်။
နိုဝင်ဘာ ၁၆ ရက်တွင်လည်း နောက်ထပ် ရီယိုအုပ်ချုပ်ရေးမှူးဟောင်း အန်တိုနီဂါရိုတင်ဟိုသည် မဲဝယ်သည့် အစီအစဉ်များ ပြုလုပ်ခဲ့သည်ဟု စွပ်စွဲချက်ဖြင့် သီးခြားဖမ်းဆီး ခံခဲ့ရကြောင်း သိရသည်။
Ref : AFP

Most Read

Most Recent