ထိုင်းအလံ၏ အရောင်အဆင်းရှိသည့် သေးငယ်သော ငါးတစ်ကောင်ကို ဒေါ်လာ ၁၅၀၀ ဖြင့် ရောင်းချခဲ့

ထိုင်းအလံ၏ အရောင်အဆင်းရှိသည့် သေးငယ်သော ငါးတစ်ကောင်ကို ဒေါ်လာ ၁၅၀၀ ဖြင့် ရောင်းချခဲ့
Published 18 November 2016

ထိုင်းနိုင်ငံအလံ၏ အရောင်အဆင်းအတိုင်းဖြစ်သည့် အနီ၊ အဖြူ၊ အပြာ အစင်းကျားရှိသော ဆိုင်ရာမိစ်တိုက်ငါး တစ်ကောင်ကို ဘတ် ၅၃၅၀၀ (ဒေါ်လာ ၁၅၀၀) ဖြင့် ရောင်းချခဲ့ကြောင်း သိရသည်။ ယင်းသည် လက်မအနည်းငယ်သာ ရှည်လျားသော အိမ်မွေးတိရိစ္ဆာန် တစ်ကောင်အတွက် အလွန်များပြားသော တန်ဖိုးဖြစ်သည်။ အရောင်အသွေး စုံလင်လှသော ဆိုင်ရာမိစ်တိုက်ငါးမျိုးကို ဘတ်တာငါးဟုလည်း ခေါ်ကြသည်။ ထိုငါးမျိုးစိတ်၏ မူရင်းဒေသဖြစ်သည့် ထိုင်းနိုင်ငံတွင် ယင်းတို့ကို ငါးဒေါ်လာမှ စ၍ဝယ်ယူနိုင်သည်။ သို့သော်လည်း ဈေးအများဆုံး ပေးနိုင်ခဲ့သည့် ချူချက်လီဒန်ယူက နိုင်ငံတော်အလံ အရောင်ဖြစ်နေသည့် ငါးကို မြင်ပြီးနောက် အွန်လိုင်းလေလံပွဲတွင် မည်သို့မျှ အလျှော့မပေးနိုင်ခဲ့ဟု ဆိုသည်။
“အရင်ကလည်း နိုင်ငံတော်အလံရဲ့ အရောင်ပါတဲ့ တိုက်ငါးတွေရှိပါတယ်။ ဒါပေမဲ့ ဘယ်ငါးကမှ အခုလောက် ပြတ်ပြတ်ထင်ထင် အရောင်မရှိပါဘူး” ဟု အသက် ၄၄ နှစ်အရွယ် အလွတ်တန်း ဓာတ်ပုံဆရာနှင့် ငါးဝါသနာရှင် တစ်ဦးဖြစ်သည့် လီဒန်ယူက ပြောကြားခဲ့သည်။
ယခုတိုက်ငါးထီးကို ဘတ် ၁၃၀၀၀ (၃၆၅ ဒေါ်လာ) မှ စတင်ဈေးခေါ်ခဲ့ခြင်းဖြစ်ပြီး လီဒန်ယူသည် နိုဝင်ဘာ ၉ ရက်တွင် ဘတ်ငွေ ၅၃၅၀၀ (ဒေါ်လာ ၁၅၀၀) ဈေးပေးပြီး ပြိုင်ဘက်များကို အနိုင်ပိုင်းခဲ့ခြင်း ဖြစ်သည်။
“ဒီပိုက်ဆံက ကျွန်တော့်အတွက် များပါတယ်။ ဒါပေမဲ့ တန်တယ်လို့ ယူဆတယ်” ဟု ၎င်းက ပြောကြားခဲ့ပါတယ်။
ဆိုင်ရာမိစ်တိုက်ငါးများကို ဝါသနာအရ မွေးမြူနေသည့် အသက် ၄၀ အရွယ် ကုန်စုံဆိုင်ပိုင်ရှင် ကချန်ဝါရာချိုင်က ယခုတိုက်ငါး၏ ဓာတ်ပုံကို Facebook ပေါ်ရှိ လေလံသီးသန့် စာမျက်နှာ တစ်ခုပေါ်တွင် တင်ခဲ့ပြီးနောက် ယင်းဓာတ်ပုံမှာ ပျံ့နှံ့သွားခဲ့သည်ဟု သိရသည်။ ကချန်က ထိုငါးကို ဘတ်ထောင်ဂဏန်း ဈေးလောက်သာ ရမည်ဟု မျှော်မှန်းခဲ့သည်ဟု သိရသည်။
သုံးလအရွယ် ထိုတိုက်ငါးကို သုံးရောင်ခြယ်ဟု အဓိပ္ပာယ်ရသည့် ထိုင်းအမည်တစ်ခု ပေးထားကြောင်း သိရသည်။
လီဒန်ယူသည် ၎င်း၏ အိမ်မွေးတိရစ္ဆာန် ဖြစ်လာသည့် ထိုငါးကို ဓာတ်ပုံများ ရိုက်ကူးမည်ဟု စီစဉ်ထားသည်ဟု ဆိုသည်။ ဆိုင်ရာမိစ် တိုက်ငါးများသည် အချင်းချင်း သေသည်အထိ တိုက်ခိုက်မှုများအတွက် နာမည်ကျော်သဖြင့် ယခုငါးကို သီးသန့်ကန်ဖြင့် ခွဲထားမည်ဟု သိရသည်။ “ထိုင်းမှာ ဒီလိုလှတဲ့ ငါးတစ်ကောင် ပေါက်ဖွားနိုင်တယ်ဆိုတာ ကမ္ဘာကို ပြချင်ပါတယ်။ ဒီငါးကို ထိုင်းနိုင်ငံသားအားလုံး ပိုင်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။             
Ref : AFP