သမ္မတရွေးကောက်ပွဲက အမေရိကန်တွင် ကွဲလွဲမှုနက်ရှိုင်းနေကြောင်း ပြသခဲ့ဟု ဟီလာရီကလင်တန် ပြောကြား

သမ္မတရွေးကောက်ပွဲက အမေရိကန်တွင် ကွဲလွဲမှုနက်ရှိုင်းနေကြောင်း ပြသခဲ့ဟု ဟီလာရီကလင်တန် ပြောကြား
Published 17 November 2016
Ref: AFP

နိုဝင်ဘာ ၈ ရက်က အမေရိကန်သမ္မတ ရွေးကောက်ပွဲတွင် ဒေါ်နယ်ထရန့်အား ရှုံးနိမ့်ခဲ့ပြီးနောက် လူမြင်ကွင်းသို့ ပထမဆုံးထွက် ပေါ်လာခဲ့သော ဟီလာရီကလင်တန်က ယင်းရွေးကောက်ပွဲသည် ကမ္ဘာပေါ်ရှိ အကြီးကျယ်ဆုံးနိုင်ငံတွင် သဘောထားကွဲလွဲမှု နက်ရှိုင်းနေခြင်းအား ပြသခဲ့သည်ဟု နိုဝင်ဘာ ၁၆ ရက်တွင် ပြောကြားခဲ့သည်။ 
 
“ပြီးခဲ့တဲ့သီတင်းပတ်မှာ လူတွေအများကြီးက ကိုယ့်ကိုယ်ကိုယ် မေးခဲ့ကြတယ်။ အမေရိကဆိုတာ ကျွန်မတို့ ထင်ထားခဲ့တဲ့ နိုင်ငံမျိုး ဟုတ်သလားပေါ့”  ဟု ကလင်တန်က ဝါရှင်တန်တွင် ရန်ပုံငွေပွဲတစ်ခု၌ ပြောကြားခဲ့သည်။ 
 
“သဘောထား ကွဲလွဲမှု အရမ်းနက် ရှိုင်းနေတာကို ဒီရွေးကောက်ပွဲက လှစ်ဟပြလိုက်တယ်။ ဒါပေမဲ့ အမေရိကဟာ တန်ဖိုးကြီးတယ်လို့ ကျွန်မ ပြောတာတွေကို ကျေးဇူးပြုပြီး နားထောင်ပေးပါ”  ဟု  ၎င်းက ပြောကြားခဲ့သည်။
 
ချို့တဲ့သော ကလေးများအတွက် အကျိုးအမြတ်မယူဘဲ ဆောင်ရွက်သည့် ကလေးသူငယ် ကာကွယ်ရေးရန်ပုံငွေအဖွဲ့၏ အခမ်းအနားသို့ တက်ရောက်စဉ် ကလင်တန်က အလှူရှင်များနှင့် အခြားဧည့်သည်များအား ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ ယင်း အဖွဲ့တွင် ၁၉၇၀ ပြည့်လွန်နှစ်များ၌ လူငယ် ရှေ့နေတစ်ဦးအဖြစ် စတင်လုပ်ကိုင်ခဲ့ပြီး နောက်ပိုင်းတွင် ဒါရိုက်တာဘုတ်အဖွဲ့ဥက္ကဋ္ဌ အဖြစ် ထမ်းဆောင်ခဲ့ဖူးသည့် ကလင်တန်အား ယင်းအခမ်းအနား၌ ဂုဏ်ပြုခဲ့သည်။
 
“ပြီးခဲ့တဲ့ သီတင်းပတ်မှာ ကျွန်မ အလုပ်ချင်ဆုံး အရာတွေက စာအုပ်ကောင်းကောင်း တစ်အုပ်ဖတ်တာရယ်၊ ကျွန်မရဲ့ခွေးတွေနဲ့ အချိန်ဖြုန်းတာရယ်ပေါ့။ အိမ်ထဲကနေ အိမ်ပြင် ထပ်မထွက်တော့ပါဘူး”  ဟု ကလင်တန်က ဆိုခဲ့သည်။ ပရိသတ်ထုထဲမှ လူအများအပြားက ရွေးကောက်ပွဲရလဒ်အား စိတ်ပျက်ခဲ့ကြကြောင်း ၎င်းက ဆိုခဲ့သည်။
 
ရှုံးနိမ့်မှုနှင်ပတ်သက်၍ ကလင်တန်က ၎င်းကိုယ်တိုင်ပင် ဖော်ထုတ်ပြသနိုင်သည်ထက်ပို၍ စိတ်ပျက်ရသည်ဟု ကြေကွဲစွာ ရယ်မောနေသူများအား ပြောကြားခဲ့သည်။ 
 
အထောက်အထားမဲ့ ရွှေ့ပြောင်းအခြေချ သန်းနှင့်ချီအား နေရပ်ပြန်ပို့မည်ဟု မဲဆွယ်မှုများအတွင်း ထရန့်၏ ကတိပြုမှုအား ရည်ညွှန်းလျက် ကလင်တန်က အားနည်းနေသော ကလေးများအား ဆက်လက်ထောက်ပံ့ကြရန် တိုက်တွန်းခဲ့သည်။ 
 
သမ္မတရွေးကောက်ပွဲတွင် ထရန့်သည် တစ်ဆင့်ခံမဲပေးမှု electoral vote ၌ မဲ ၂၉၀ ရရှိခဲ့ပြီး ကလင်တန်က မဲ ၂၃၂ မဲသာ ရရှိခဲ့သည်။ သို့သော် လူထုမဲတွင်မူ ကလင်တန်က ထရန့်ထက် မဲတစ်သန်းကျော် ပို၍ ရရှိခဲ့ကြောင်း သိရသည်။

Most Read

Most Recent