လူတိုင်းမှာ ကိုယ်စီအခက်အခဲ၊ ပြဿ နာတွေ ရှိကြပါတယ်။ လူတစ်ယောက်နဲ့တစ်ယောက် ဘဝဖြတ်သန်းပုံချင်း မတူညီကြတဲ့အတွက် ကိုယ်စီကြုံတွေ့နေရတဲ့ အခက်အခဲတွေကလည်း အခြေအနေ၊ အချိန်အခါပေါ်လိုက်ပြီး တစ်ဦးနဲ့တစ်ဦး တူညီတာမျိုး ရှိနိုင်သလို မတူညီတဲ့ အခက်အခဲပြဿနာတွေ ဆိုတာလည်း များစွာရှိနေပါတယ်။လူတစ်ယောက်က ပြုံးနေရယ်နေတိုင်း၊ ဝတ်စားဆင်ယင်မှု အကောင်းစားတွေ ဝတ်ဆင်ပြနေတိုင်း သူ့မှာတော့ ဘာအပူအပင်အခက်အခဲမှ မရှိဘူး၊ အရာအားလုံး အဆင်ပြေနေတယ်လို့ ခပ်လွယ်လွယ် ကောက်ချက်ချလို့ မရပါဘူး။ ကိုယ့်ရဲ့ အခက်အခဲတွေအပူတွေကို တခြားသူတွေ မမြင်စေချင်လို့ ဟန်လုပ်ပြီး ဖုံးကွယ်ထားရသူတွေလည်း ဒုနဲ့ဒေးပါ။ တချို့က ကိုယ့်ရဲ့အခက်အခဲ ပြဿနာ တွေကို ထုတ်ဖော်ပြောဆို ညည်းညူတတ်ကြသလို တချို့ကတော့ ကိုယ့်အခက်အခဲတွေကို သူများတွေမြင်မှာစိုးလို့ ဖုံးကွယ်ဟန်ဆောင်ရင်း ဟန်မပျက် နေထိုင်ကြသူတွေလည်း ရှိပါတယ်။ ဘယ်လိုပဲဖြစ်စေဦးတော့ လူတိုင်းမှာ ကိုယ်ကသတိမပြုမိပေမယ့် အခက်အခဲတွေ ကိုယ်စီရှိနေတယ်ဆိုတာတော့ အသေအချာပါပဲ။ဒီတော့ အခက်အခဲတစ်ခုနဲ့ ကြုံလာတိုင်းမှာ ငါ့မှာမှ ဒီလိုအခက်အခဲ ပြဿနာ မျိုး ဖြစ်ရလေခြင်းဆိုပြီး စိတ်ဓာတ်ကျ အရှုံးပေးစရာ မလိုပါဘူး။ အဲဒီအခက်အခဲတွေကို ဘယ်လို ရင်ဆိုင်ဖြေရှင်းသွားလဲဆိုတာကသာ ကျွန်မတို့တွေရဲ့ဘဝကို ပုံဖော်ပေးသွားတာပါ။ဒီလိုဘဝမှာ ကျွန်မတို့ရင်ဆိုင် ကြုံတွေ့နေကြရတဲ့ အခက်အခဲတွေနဲ့ ပတ်သက်ပြီး အွန်လိုင်းပေါ်မှာဖတ်ရတဲ့ အကြောင်းအရာလေး တစ်ခုကို နမူနာအနေနဲ့ ပြောပြချင်ပါတယ်။ လူတော်တော်များများလည်း ဒီအကြောင်းအရာကို သိပြီးသားဖြစ်မှာပါ။ တစ်ခါက သားအဖနှစ်ယောက်မှာ သမီးဖြစ်သူက သူမမှာ အခက်အခဲပြဿနာတွေ ဆက်တိုက်ကြုံတွေ့နေရပြီး အဲဒါတွေအတွက် စိတ်ဆင်းရဲနေရတဲ့အကြောင်း၊ ဘယ်လိုဖြေရှင်းရမလဲဆိုတာ စဉ်းစားလို့ မရနိုင်လောက်အောင် အခက်အခဲတွေက တစ်ခုပြီးတစ်ခုဖြစ်နေတဲ့ အကြောင်းကို ရင်ဖွင့်ပြောတဲ့အခါ ဖခင်ဖြစ်သူက ဘာမှမပြောသေးဘဲ နောက်ဖေးမီးဖိုချောင်ထဲကို ဝင်သွားခဲ့တယ်။ အဲဒီနောက်မှာတော့ မီးဖိုကိုဖွင့်ပြီး တူညီတဲ့ မီးအပူရှိန်ပေးထားတဲ့ ရေနွေးအိုးသုံးအိုးကို တည်လိုက်ပါတယ်။ ပြီးတော့ ပထမအိုးထဲကို အာလူးတွေထည့်ခဲ့တယ်။ ဒုတိယအိုးထဲကို ကြက်ဥကိုထည့်ပြီး တတိယအိုးထဲကိုတော့ ကော်ဖီစေ့တွေ ထည့်ခဲ့ပါတယ်။ အချိန်အနည်းငယ်ကြာတဲ့အခါ သမီးဖြစ်သူကိုခေါ်ပြီး အဲဒီအိုးသုံးအိုးကို ကြည့်ခိုင်းပြီး ဘာမြင်သလဲလို့ မေးတဲ့အခါ သမီးဖြစ်သူက ‘အာလူး၊ ကြက်ဥနဲ့ ကော်ဖီ’ ကို မြင်ပါတယ်လို့ ပြောလိုက်တယ်။ အဲဒီအခါမှ ဖခင်ဖြစ်တဲ့သူက သူပြောလိုတဲ့စကားကို အေးဆေးစွာနဲ့ ဆက်ပြောပါတော့တယ်။“ဟုတ်တယ်။ အာလူး၊ ကြက်ဥနဲ့ ကော်ဖီစေ့တွေကို တူညီတဲ့ မီးအပူရှိန်ပေးထားတဲ့ ရေနွေးထဲကို ထည့်ခဲ့တာချင်းတူပေမယ့် အာလူးကတော့ အချိန်ကြာတဲ့အခါ သူ့ရဲ့မူလ မာကျောနေတဲ့ပုံစံကနေ ပျော့ပျောင်းသွားခဲ့တယ်။ ကြက်ဥအနှစ်တွေကတော့ မာလာတာကို တွေ့ရတယ်။ ကော်ဖီစေ့တွေကတော့ အောက်ကပေးထားတဲ့ အပူရှိန်နဲ့ သာမန်ရေနွေးတွေ ပေါင်းစပ်ပြီး မွှေးပျံ့တဲ့ သောက်ချင်စဖွယ် ကော်ဖီတွေ ဖြစ်စေခဲ့တယ်။ အဲဒီလိုပဲသမီး၊ လောကမှာလည်း လူတွေက တူညီတဲ့အခက်အခဲ ပြဿနာတွေနဲ့ ကြုံရတာတောင် တချို့က အဲ့ဒီအခက်အခဲကို ရင်မဆိုင်နိုင်ဘဲ အလွယ်တကူ လက်လျှော့ အရှုံးပေးသွားကြတယ်။ တချို့ကတော့ အဲဒီအခက်အခဲတွေကြောင့် မှားယွင်းတဲ့ လမ်းကြောင်းပေါ်ကို ရောက်သွားကြသူတွေလည်း ရှိတယ်။ လူတချို့ကတော့ အဲဒီအခက်အခဲ ပြဿနာတွေကို အကောင်းဆုံး ရင်ဆိုင်ဖြေရှင်းပြီး ဘဝကို ဒီထက်ပိုမိုကောင်းမွန်အောင် တည်ဆောက်သွားနိုင်ကြတယ်။ သမီးကရော ဘယ်လိုလူတစ်ယောက် ဖြစ်ချင်လဲဆိုတာ ကြုံတွေ့လာရတဲ့ အခက်အခဲတွေကို သမီးဘယ်လိုပုံစံနဲ့ ရင်ဆိုင်တုံ့ပြန် ဖြေရှင်းလဲဆိုတဲ့အပေါ်ပဲ မူတည်တယ်” လို့ပြောလိုက်ပါတယ်။ဒီအကြောင်းအရာလေးကနေ ကျွန်မတို့တွေရဲ့ ဘဝမှာလည်း အဲဒီလိုအခက်အခဲတွေနဲ့ ကြုံတွေ့လာရချိန်မှာ အဲဒီအခက်အခဲတွေကြောင့် အရှုံးပေးလိုက်မှာလား၊ ဒါမှမဟုတ် အဲဒီအခက်အခဲတွေကို ရင်ဆိုင်ဖြတ်သန်းပြီး အခုထက် ပိုမိုကောင်းမွန်တဲ့ အခြေအနေတစ်ခု ရောက်အောင် ကြိုးစားကြမလား ဆိုတာကတော့ ကျွန်မတို့တွေရဲ့ ဆုံးဖြတ်ချက်ပေါ်ပဲ မူတည်ပါတယ်။လူတွေက ကိုယ့်ရဲ့အခက်အခဲ ပြဿနာ ကိုသာ အကြီးမားဆုံး၊ အဆိုးရွားဆုံးကိစ္စလို့ ထင်မှတ်တတ်ကြပါတယ်။ လူတစ်ယောက် ကိုယ့်ရှေ့မှာချော်လဲပြီး သွေးစက်လက်နဲ့ ဒူးပြဲသွားတဲ့ကိစ္စထက် ကိုယ့်ပါးပြင်ပေါ်က ဝက်ခြံဖု ထွက်နေတဲ့ကိစ္စက ကိုယ့်အတွက် ပိုစိတ်ဝင်စားစရာကောင်းပြီး အဲဒီအရာအတွက်လည်း ပိုမိုစိတ်ဖိစီး ခံစားနေရလေ့ရှိပါတယ်။ အဲ့ဒီလို ကိုယ့်အခက်အခဲတွေကမှ စိတ်ညစ်စရာအကောင်းဆုံး၊ ဖြေရှင်းရအခက်ဆုံးလို့ ထင်နေပြီး စိတ်ဓာတ်ကျတော့မယ်ဆိုရင် ကျွန်မတို့ပတ်ဝန်းကျင်မှာ ကျွန်မတို့ထက်ဆိုးတဲ့ အခြေအနေတွေ၊ အခက်အခဲတွေနဲ့ နေ့စဉ်နဲ့အမျှ ရင်ဆိုင်နေကြရသူတွေလည်း ရှိနေပါတယ်ဆိုတာကို အမှတ်ရစေချင်ပါတယ်။ ကိုယ့်အသံက နားထောင်လို့ မကောင်းလောက်အောင် ဆိုးရွားနေတယ်လို့ ခံစားရပြီး စိတ်ဓာတ်ကျတော့မယ်ဆိုရင် မွေးရာပါ စကားမပြောတတ်တဲ့သူတွေလည်း လောကမှာ အများကြီးရှိနေတာကြောင့် သူတို့အတွက် ကိုယ်ချင်းစာကြည့်လိုက်ပါ။ ကိုယ့်မျက်လုံးတွေ မလှပလို့ စိတ်ထိခိုက်နေမယ်ဆိုရင် မျက်စိမမြင်လို့ လောကမှာ နေ့စဉ်နဲ့အမျှ အမှောင်ထုကိုသာ ရင်ဆိုင်တွေ့နေရတဲ့သူတွေ များစွာရှိနေတယ်ဆိုတာကို သတိရလိုက်ပါ။ ကိုယ်က စီးပွားရေး အဆင်မပြေလို့ အစားအသောက်ကောင်းတွေ မစားနိုင်လို့ အားငယ်တော့မယ်ဆိုရင် တစ်နေ့လုံးနေလို့ ထမင်းတစ်နပ်စားရဖို့တောင် မသေချာလို့ အငတ်ငတ် အပြတ်ပြတ်ဖြစ်နေတဲ့ လမ်းဘေးက လူတွေရဲ့ဘဝကို မြင်ယောင်ကြည့်လိုက်ပါ။ တကယ်တော့လောကမှာ ကျွန်မတို့ထက်ဆိုးတဲ့ အခြေအနေတွေ အများကြီးရှိနေပါတယ်။ ကျွန်မတို့ စိတ်ဓာတ်ကျတော့မယ့် အခါတိုင်း ကျွန်မတို့ကြုံတွေ့နေရတဲ့ အခက်အခဲထက် ပိုခက်ခဲတဲ့ဘဝတွေမှာ ရှင်သန်နေကြရသူတွေကို မြင်ယောင်ကြည့်လိုက်ပါ။ အခက်အခဲတွေဆိုတာ ရင်ဆိုင်ဖြေရှင်းရတာမျိုးပါ။ ညည်းတွားပြီး စိတ်ဓာတ်ကျနေဖို့ မဟုတ်ပါဘူး။ အဲဒီအခက်အခဲတွေကို ဘယ်လိုပုံစံနဲ့ ရင်ဆိုင်ဖြေရှင်းသွားမလဲဆိုတာကပဲ အရေးကြီးတာပါ။တစ်ခါတုန်းက မြည်းတစ်ကောင်က ရေတွင်းနက်ထဲကို အမှတ်မထင် ပြုတ်ကျသွားခဲ့ပါတယ်။ အဲဒီအခါမှာ သူ့ပိုင်ရှင်ဖြစ်သူက သူ့ကိုရေတွင်းထဲကနေ ကယ်ထုတ်ဖို့အတွက် စဉ်းစားပေမယ့်လည်း ရေတွင်းကဟောင်းပြီး ပျက်စီးနေတာကြောင့်ရော သူ့မြည်းကလည်း အသက်အရွယ်လည်း ရနေပြီဖြစ်တဲ့အတွက် နောက်ဆုံးမှာတော့ ကယ်ဆယ်ဖို့ အခက်တွေ့နေတာကြောင့် အဲဒီရေတွင်းထဲမှာပဲ သတ်လိုက်တော့ဖို့ ဆုံးဖြတ်လိုက်ပါသတဲ့။ အဲဒါနဲ့သူတို့ရွာထဲက ရွာသားတချို့ကို အကူအညီတောင်းပြီး အဲဒီရေတွင်းနက်ထဲကို အပေါ်ကနေ မြေကြီးတွေဖို့ချခဲ့ပါတယ်။ ပထမတော့မြည်းက သူ့ကိုယ်ပေါ်ကို မြေကြီးတွေကျလာတဲ့အတွက် စူးစူးဝါးဝါး အော်ဟစ်ပါတယ်။ ခဏကြာတဲ့အခါ ဆက်လက်မအော်တော့ဘဲ အသံတိတ်သွားတာကြောင့် ပိုင်ရှင်ဖြစ်သူက ရေတွင်းနက်ကို ငုံ့ကြည့်တဲ့အခါ မြည်းက သူ့ကိုယ်ပေါ်ကိုကျလာတဲ့ မြေကြီးတွေကိုခါချပြီး ကျသွားတဲ့မြေကြီးတွေပေါ်မှာ ရပ်နေတာကို တွေ့ရပါသတဲ့။ အဲဒီနောက်မှာတော့ အပေါ်ကနေ မြေကြီးတွေထပ်ဖို့လေ မြည်းကလည်း ခါချလိုက် အဲဒီမြေကြီးတွေပေါ် တက်ရပ်လိုက်နဲ့ နောက်ဆုံးတော့ ရေတွင်းအပေါ်ဘက်ကို တဖြည်းဖြည်းရောက်လာခဲ့ပြီး မြည်းကအသက်ဘေးကနေ လွတ်မြောက်သွားခဲ့ပါတော့တယ်။ဒီဇာတ်လမ်းလေးထဲက မြည်းလိုမျိုး ကျွန်မတို့တွေရဲ့ဘဝမှာ အခက်အခဲတွေနဲ့ တွေ့ကြုံလာရတဲ့အခါ ညည်းတွားအော်ဟစ် အကူအညီတောင်းနေဖို့ထက် ကိုယ့်ရဲ့အခက်အခဲတွေကနေ လွတ်မြောက်အောင် ဘယ်လိုပုံစံနဲ့ ရင်ဆိုင်တုံ့ပြန် ဖြတ်သန်းသွားမလဲဆိုတာကို စဉ်းစားဆုံးဖြတ် လုပ်ဆောင်သင့်တာပါ။အခက်အခဲတွေကတော့ လူတိုင်းမှာရှိနိုင်ပါတယ်။ အခက်အခဲပြဿနာတွေအတွက် စိတ်ဓာတ်ကျ ညည်းညူနေဖို့ မလိုပါဘူး။ အခက်အခဲတွေဆိုတာ ရင်ဆိုင်ဖြတ်သန်းဖို့ပါ။ အဲဒီအခက်အခဲတွေကို ဘယ်လိုပုံစံနဲ့ ရင်ဆိုင်တုံ့ပြန်သွားသလဲ၊ ဘယ်လိုပုံစံနဲ့ ရင်ဆိုင်ဖြတ်သန်းသွားသလဲ ဆိုတာကသာ ကျွန်မတို့တစ်ယောက်ချင်းစီရဲ့ ဘဝတွေကို အဆုံးအဖြတ်ပေးသွားတာပါပဲ။
အခက်အခဲများကို ရင်ဆိုင်ဖြတ်သန်းခြင်း
Most Read
Most Recent
10 hours ago










