လွှတ်တော်နှစ်ရပ် သဘောကွဲလွဲသော ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေကို တတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းပူးပေါင်းကော်မတီ အစီရင်ခံစာ တင်သွင်း

လွှတ်တော်နှစ်ရပ် သဘောကွဲလွဲသော ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေကို တတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းပူးပေါင်းကော်မတီ အစီရင်ခံစာ တင်သွင်း
Published 16 November 2016

လွှတ်တော်နှစ်ရပ် သဘောကွဲလွဲသော ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေကို တတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စု လွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီက လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာကို နိုဝင်ဘာ ၁၆ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် တင်သွင်းသည်။အဆိုပါ ဥပဒေကြမ်းနှင့် ပတ်သက်၍ လွှတ်တော်နှစ်ရပ် သဘောကွဲလွဲသည့်အချက် ၁၁ ချက်ရှိကြောင်း၊ ပူးပေါင်းကော်မတီအနေဖြင့် ညှိနှိုင်းမှုများ ပြုလုပ်ခဲ့ကြောင်း အစီရင်ခံစာအရ သိရသည်။လွှတ်တော်နှစ်ရပ် သဘောကွဲလွဲသည့် ဥပဒေကြမ်း၏ အပိုဒ် ၁၈ အား အမျိုးသားလွှတ်တော်က ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေပုဒ်မ ၁၇ အား ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအတွင်း တစ်လနှင့်အထက် ကျော်လွန်၍ လာရောက်တည်းခိုနေထိုင်သူများရှိပါက မှတ်တမ်းထားရှိနိုင်ရန်အတွက် သတ်မှတ်နည်းလမ်းများနှင့်အညီ သက်ဆိုင်ရာ တာဝန်ရှိသူထံ အသိပေးအကြောင်းကြားရမည်ဟု အတည်ပြုထားချက် အတိုင်းထားရှိသင့်ကြောင်း ဥပဒေကြမ်းပူးပေါင်းကော်မတီက မှတ်ချက်ပြုထားကြောင်း သိရသည်။ဥပဒေကြမ်း၏ အပိုဒ် ၇၊ အပိုဒ်ခွဲ (က)တွင် မူလဥပဒေပုဒ်မ ၅၊ ပုဒ်မခွဲ (င) ၏ ခြွင်းချက်တွင် အမျိုးသားလွှတ်တော်က ဒေသခံ အငြိမ်းစားဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအတွင်း တစ်ဆက်တည်း နှစ်နှစ်နေထိုင်သူကို ထည့်သွင်းစဉ်းစားနိုင်သည်ဟု အတည်ပြုထားချက်သည် အချိန်ကာလတိကျစွာ ပြဋ္ဌာန်းခြင်းမှာ သင့်လျော်သည့်အတွက် အမျိုးသားလွှတ်တော်၏ အတည်ပြုချက်အတိုင်း ပြဋ္ဌာန်းသင့်ကြောင်း ဥပဒေကြမ်းပူးပေါင်းကော်မတီက ညှိနှိုင်းသဘောတူထားကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ထို့ပြင် ဥပဒေကြမ်း၏ အပိုဒ် ၁၄၊ အပိုဒ် ခွဲ (ဃ) ကို အမျိုးသားလွှတ်တော်က “ပုဒ်မ ၁၃၊ ပုဒ်မ ခွဲ (ဎ) အဖြစ် တရားဥပဒေစိုးမိုးရေး၊ မှုခင်းကျဆင်းရေးနှင့် လုံခြုံရေးတို့အတွက် စစ်ဆေးရန် လိုအပ်သော နေအိမ်ဥပစာနှင့် နေရာများကို လုံလောက်သော အကြောင်းပြချက်နှင့် အဖွဲ့ဖြင့် စနစ်တကျ ဝင်ရောက်စစ်ဆေးခြင်း”ဟု အတည်ပြုထားချက်အတိုင်း အတည်ပြုသင့်ကြောင်း ညှိနှိုင်းသဘောတူခဲ့ကြောင်း ပူးပေါင်းကော်မတီ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။ဆွေးနွေးမည့် လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် နိုဝင်ဘာ ၁၈ ရက် နောက်ဆုံးထားပြီး အမည်စာရင်း တင်သွင်းနိုင်သည်။

Most Read

Most Recent