၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွက် ပြည်ထောင်စုအဖွဲ့အစည်းအလိုက် ဖြည့်စွက်ခွင့်ပြုငွေအဖြစ် ကျပ် ၁၃၅၄ ဒသမ ၆၁၄ ဘီလျံ ပြည်ထောင်စုလွှတ်တော်သို့ တင်ပြတောင်းခံ

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွက် ပြည်ထောင်စုအဖွဲ့အစည်းအလိုက် ဖြည့်စွက်ခွင့်ပြုငွေအဖြစ် ကျပ် ၁၃၅၄ ဒသမ ၆၁၄ ဘီလျံ ပြည်ထောင်စုလွှတ်တော်သို့ တင်ပြတောင်းခံ
Published 16 November 2016
စိုးမင်းထိုက်၊ ငြိမ်းဇော်လင်း၊ မျိုးမင်းထက်

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွက် ပြည်ထောင်စုအဖွဲ့အစည်းအလိုက် ဖြည့်စွက်ခွင့်ပြုငွေအဖြစ် ကျပ် ၁၃၅၄ ဒသမ ၆၁၄ ဘီလျံ တင်ပြ တောင်းခံထားသည့် ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းကို နိုဝင်ဘာ ၁၆ ရက်က ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့ တင်သွင်းသည်။ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းတွင် ဖော်ပြထားချက်အရ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွက် ပြည်ထောင်စုဌာနအဖွဲ့အစည်းအလိုက် ဖြည့်စွက်ခွင့်ပြုငွေ တောင်းခံထားမှုမှာ ဗဟိုအဖွဲ့အစည်းများမှ ကျပ် ၀ ဒသမ ၅၂၃ ဘီလျံ၊ ဝန်ကြီးဌာနများမှ ကျပ် ၁၀၂၂ ဒသမ ၀၄၆ ဘီလျံ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ကျပ် ၁၃၀ ဒသမ ၅၈၄ ဘီလျံ၊ တပ်မြို့စည်ပင်သာယာရေးအဖွဲ့များမှ ကျပ် ၀ ဒသမ ၀၈၄ ဘီလျံ၊ နေပြည်တော်ကောင်စီမှ ကျပ် ၇ ဒသမ ၉၅၂ ဘီ လျံ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ကျပ် ၈ ဒသမ ၈၇၁ ဘီလျံတို့ဖြစ်ပြီး ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ အစီအစဉ် ပြင်ပမှ ဆောင်ရွက်သော နိုင်ငံတော်ပိုင် စီးပွားရေးအဖွဲ့အစည်းများ ဖြစ်သည့် ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးအတွက် ကျပ် ၁၇၈ ဒသမ ၈၅၅ ဘီလျံနှင့် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းအတွက် ကျပ် ၃ ဒသမ ၆၃၈ ဘီလျံ တောင်းခံထား၍ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ အစီအစဉ်ပြင်ပမှ ဆောင်ရွက်သော ဝန်ကြီးဌာနများနှင့် ဦးစီးဌာနများ (လူမှုဖူလုံရေးအဖွဲ့) အတွက် ကျပ် ၂ ဒသမ ၀၆၁  ဘီလျံ စုစုပေါင်း ကျပ် ၁၃၅၄ ဒသမ ၆၁၄  ဘီလျံဖြစ်ကြောင်း သိရသည်။ဖြည့်စွက် ခွင့်ပြုငွေတောင်းခံသည့် အကြောင်းအရာနှင့် အသုံးစရိတ် အမျိုးအစားများတွင် နိုင်ငံတော်သို့ ရငွေအဖြစ် ပေးသွင်းရန် တောင်းခံသည့်ငွေများ၌ ဝင်ငွေခွန် ကျပ် ၁၅ ဒသမ ၂၅ ဘီလျံ၊ ကုန်သွယ်လုပ်ငန်းခွန် ကျပ် ၁၄၄ ဒသမ ၉၆၃ ဘီလျံ၊ နိုင်ငံတော်သို့ ထည့်ဝင်ငွေ ကျပ် ၁၅၁ ဒသမ ၄၅၄ ဘီလျံတို့ ဖြစ်ကြောင်း၊ ပြည်ပအကူအညီရငွေ၊ ချေးငွေ တို့အတွက် တောင်းခံရသည့် ငွေကျပ် ၂၇၉ ဒသမ ၃၅၂ ဘီလျံဖြစ်ကြောင်း၊ သာမန်အသုံးစရိတ်များတွင် ထပ်မံလိုအပ်လာသည့် ငွေ ကျပ် ၁၀၀ ဒသမ ၁၇၈ ဘီလျံ (လစာစရိတ် ချီးမြှင့်ငွေကျပ် ၃၉ ဒသမ ၃၇၈ ဘီလျံ၊ ပင်စင် ကျပ် ၂ ဒသမ ၉ ဘီလျံ၊ အတိုးပေးငွေ ကျပ် ၅၇ ဒသမ ၉ ဘီလျံ) နှင့် ဘဏ္ဍာနှစ်အတွင်း မဖြစ်မနေ ဆောင်ရွက်ရမည့် ဦးစားပေးအသုံးစရိတ်များမှ လုပ်ငန်းပြီးစီးမှု အခြေအနေအရ ဘဏ္ဍာနှစ်မကုန်မီ ပေးချေရမည့် အသုံးစရိတ်များမှာ ကျပ် ၆၆၃ ဒသမ ၄၁၇ ဘီလျံ ဖြစ်ကြောင်း ဥပဒေကြမ်းအရ သိရသည်။ဖြည့်စွက်ရန်ပုံငွေ တောင်းခံသော အသုံးစရိတ်များနှင့် ပတ်သက်၍ နောက်နှစ် မူလခန့်မှန်းခြေငွေစာရင်း (BE) ၌ ဆောင်ရွက်နိုင်သည်များကို နောက်နှစ် (BE) မှသာ တောင်းခံရန်၊ ယခုနှစ်အတွင်း သုံးစွဲရန် ငါးလခန့်သာ ကျန်ရှိတော့သဖြင့် ငါးလအတွင်း အမှန်သုံးနိုင်မည့်ကိစ္စများကိုသာ ဦးစားပေး တောင်းခံရန် သတ်မှတ်ပေးခဲ့ကြောင်း၊ ဖြည့်စွက်ခွင့်ပြု ငွေတောင်းခံမှုများအနက် မဖြစ်မနေ ပေးချေရန်ဖြစ်ပြီး နိုင်ငံတော်အတွက် ဝင်ငွေရရှိမည့် အသုံးစရိတ်များဖြစ်သော ကုန်သွယ်လုပ်ငန်းခွန်၊ ဝင်ငွေခွန်၊ နိုင်ငံတော်သို့ ထည့်ဝင်ငွေများကို တောင်းခံသည့်အတိုင်း ခွင့်ပြုခဲ့ကြောင်း၊ ပြည်ပအကူအညီနှင့် ချေးငွေများ ထပ်မံရရှိလာခြင်းကြောင့် လိုအပ်လာသော အသုံးစရိတ်၊ အမှန်တကယ် ထပ်မံလိုအပ်သော လစာ၊ စရိတ်၊ ပင်စင်၊ အတိုးပေးငွေနှင့် ပြည်ထောင်စုအစိုးရအဖွဲ့က ဖြည့်စွက်ခွင့်ပြုငွေ တောင်းခံရန် ခွင့်ပြုထားသော အသုံးစရိတ်များကိုလည်း စိစစ်ခွင့်ပြုခဲ့ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြည်ထောင်စုလွှတ်တော်သို့ ရှင်းလင်းတင်ပြသည်။

Most Read

Most Recent