စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် အင်းတော်မြို့နယ် နားခါကျေးရွာအနီးတွင် ၁၀ ဘီးကားဖြင့် တင်ဆောင်လာသော တရားမဝင် မှောင်ခိုကျွဲ အကောင် ၂၀ အား နိုဝင်ဘာ ၁၃ ရက်တွင် ဖမ်းဆီးရမိခဲ့ကြောင်း အင်းတော် မြို့မရဲစခန်းမှူး ဒုရဲမှူးအောင်ဇော်ဦးက ပြောကြားသည်။
တရားမဝင် မှောင်ခိုကျွဲများ ဖမ်းဆီးရမိပုံမှာ နိုဝင်ဘာ ၁၃ ရက် ည ၉ နာရီခွဲတွင် အင်းတော်မြို့နယ် ရဲတပ်ဖွဲ့မှ ဒုရဲမှူးတင်ယု၊ ဒုရဲမှူးအောင်ဇော်ဦး၊ ရဲအုပ်သောင်းစိန်ထွန်းတို့ ပါဝင်သောအဖွဲ့သည် သက်သေများနှင့်အတူ တရားမဝင်ကျွဲ၊ နွားများ သယ်ဆောင်လာကြောင်း သတင်းအရ နားခါကျေးရွာအနီး စောင့်ဆိုင်းနေစဉ် မဲဇာဘက်မှ အင်းတော်ဘက်သို့ ယာဉ်မောင်း စောစိုး (ခ)ဇာကရီယာ (ခ) ချစ်ကိုနှင့် ယာဉ်နောက်လိုက် အောင်အောင် (ခ) အောင်မြင့်သူတို့ မောင်းနှင်လာသော ယာဉ်အမှတ် ၇က/၉၈၇၇ ဆယ်ဘီးကားအား စစ်ဆေးရှာဖွေရာ ကျွဲအကောင် ၂၀ ကာလတန်ဖိုး ၈၂ သိန်းခန့်အား တွေ့ရှိရပြီး အထောက်အထား တစ်စုံတစ်ရာ ပြသနိုင်ခြင်း မရှိသဖြင့် ဥပဒေအရ အရေးယူပါရန် ရဲအုပ်သောင်းစိန်ထွန်းက တရားလိုပြုလုပ် တိုင်ကြားထားသော အမှုဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် တရားမဝင် ကျွဲများ သယ်ဆောင် မောင်းနှင်လာသူ စောစိုး (ခ) ဇာကရီယာ (ခ) ချစ်ကို (၃၆ နှစ်) အောင်ဇေယျရပ်ကွက် အင်းတော်မြို့နေသူနှင့် အောင်မြင့်သူ (ခ) အောင်အောင် နန့်မွန်းရွာ မိုးညှင်းမြို့နယ် ကချင်ပြည်နယ်နေသူတို့အား အင်းတော်မြို့မ ရဲစခန်းက (ပ)၂၀၀/၂၀၁၆ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေပုဒ်မ ၅ အရ အရေးယူ ဆောင်ရွက်ထားကြောင်း သတင်းရရှိသည်။
အင်းတော်မြို့နယ် နားခါကျေးရွာအနီးတွင် ၁၀ ဘီးကားဖြင့် တရားမဝင် မှောင်ခိုကျွဲ အကောင်၂၀ တင်ဆောင်လာသူအား ဖမ်းဆီးရမိ