နိုင်ငံရေးပြစ်မှုနှင့် နိုင်ငံရေးအကျဉ်းသား ဝေါဟာရ အဓိပ္ပာယ် ဖွင့်ဆိုရန်မရှိဟု ပြည်ထဲရေးဝန်ကြီးဌာနက ဖြေကြားထားသော်လည်း NLD အစိုးရ၏ သဘောထား ဟုတ်၊ မဟုတ် အဖြေအား မရရှိသေးကြောင်း ANP ပါတီ လွှတ်တော်ကိုယ်စားလှယ် ပြောကြား

နိုင်ငံရေးပြစ်မှုနှင့် နိုင်ငံရေးအကျဉ်းသား ဝေါဟာရ အဓိပ္ပာယ် ဖွင့်ဆိုရန်မရှိဟု ပြည်ထဲရေးဝန်ကြီးဌာနက ဖြေကြားထားသော်လည်း NLD အစိုးရ၏ သဘောထား ဟုတ်၊ မဟုတ် အဖြေအား မရရှိသေးကြောင်း ANP ပါတီ လွှတ်တော်ကိုယ်စားလှယ် ပြောကြား
Published 14 November 2016
ကျော်ဇင်ဝင်း

နိုင်ငံရေးပြစ်မှုနှင့် နိုင်ငံရေးအကျဉ်းသား ဝေါဟာရအဓိပ္ပာယ် ဖွင့်ဆိုရန်မရှိဟု ပြည်ထဲရေးဝန်ကြီးဌာနက ဖြေကြားထားသော်လည်း NLD အစိုးရ၏ သဘောထား ဟုတ်၊ မဟုတ် အဖြေအား မရရှိသေးကြောင်း ရခိုင်အမျိုးသားပါတီ (ANP) ဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက နိုဝင်ဘာ ၁၄ ရက်တွင် ပြောကြားသည်။ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းအနေဖြင့် ယခုအစိုးရသစ်လက်ထက်တွင် နိုင်ငံရေးပြစ်မှု၊ နိုင်ငံရေးအကျဉ်းသား စသည့် ဝေါဟာရများအတွက် စကားရပ်အဓိပ္ပာယ် ဖွင့်ဆိုသတ်မှတ်ပေးရန် အစီအစဉ် ရှိ၊ မရှိကို လွှတ်တော် ပထမပုံမှန်အစည်း အဝေးကာလဖြစ်သည့် ဇွန် ၂ ရက်တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေး၌ မေးခွန်းမေးမြန်းခဲ့ပြီး ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက အဓိပ္ပာယ်ဖွင့်ဆိုပေးရန်နှင့် နိုင်ငံရေးပြစ်မှု သတ်မှတ်ပေးရန် အစီအစဉ်မရှိကြောင်း ဖြေကြားခဲ့ရာ အဆိုပါဖြေကြားချက်သည် ပြည်ထောင်စု အစိုးရ၏သဘော ဟုတ်၊ မဟုတ် ဦးဖေသန်း၏ ထပ်ဆင့်မေးမြန်းမှုကို ဗိုလ်ချုပ်အောင်စိုးက ပြည်ထဲရေးဝန်ကြီးမှ တစ်ဆင့် အစိုးရအဖွဲ့သို့ တင်ပြကာ ပြန်လည်ေ ဖြေကြားပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သော်လည်း ယခု ပြန်လည် ကျင်းပမည့် လွှတ်တော် တတိယ ပုံမှန်အစည်းအဝေးကာလ ရောက်ရှိလာသည်အထိ တစ်စုံတစ်ရာ ဖြေကြားမှုမရရှိသေးကြောင်း ဦးဖေသန်း၏ ပြောကြားချက်အရ သိရသည်။သို့ဖြစ်၍ ယခု ပြန်လည်ကျင်းပမည့် လွှတ်တော် အစည်းအဝေးကာလအတွင်း လွှတ်တော်မှ ဖွဲ့စည်းထားသည့် အစိုးရ၏အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ၏ အစီရင်ခံစာ တင်သွင်းပါက အဆိုပါကိစ္စရပ်အား ထပ်မံ ဆွေးနွေးမည်ဟု ၎င်းက ပြောကြားသည်။“ နိုင်ကျဉ်းတွေနဲ့ပတ်သက်ပြီးတော့ သူ (နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်) ကိုယ်တိုင်က ပြောခဲ့တာပဲလေ။ အကျဉ်းထောင်ထဲမှာ နိုင်ငံရေးအကျဉ်းသမား တစ်ယောက်ရှိရင်တောင် များနေပြီဆိုတဲ့ ကိစ္စလေ။ အဲဒီတော့ နိုင်ငံရေးသမားတွေ ထပ်ပြီးတော့ အကျဉ်းထောင်ထဲ ဝင်နေကြတာပေါ့။ ဒီအပေါ်မှာ သူအစိုးရဖြစ်လာတဲ့အခါ လုပ်ရမယ့်တာဝန်က အများကြီးရှိပါတယ်။ ဒါကိုသူတို့ဘက်ကလည်း သတိတော့ ရမှာပါ ဒီကိစ္စတွေကို။ ဒါပေမဲ့ ခက်တာက လုပ်ပိုင်ခွင့်အာဏာက ပြည်ထဲရေးမှာရှိတာကို။ အဲဒီ ပြည်ထဲရေးတို့၊ ကာကွယ်ရေးတို့၊ နယ်စပ်ရေးရာ ဝန်ကြီးသုံးပါးနဲ့ပတ်သက်ပြီးတော့လည်း သူတို့မှာ တိုက်တိုက်တွန်းတွန်း မရှိဘူးထင်ပါတယ်။ အမှန်က ဟိုဘက်က မသိချင်ယောင် ဆောင်နေရင်တော့မှ ဒီဘက်က ဒီကိစ္စတွေကို နိုင်ကျဉ်းတွေနဲ့ပတ်သက်လို့ ထောင်ထဲမှာ ရှိနေတာတွေကို ဘယ်လိုလုပ်မယ်ဆိုတဲ့ ကိစ္စမျိုးက ပြောသင့်တာပေါ့နော်။ သမ္မတကဖြစ်ဖြစ်၊ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ကပဲဖြစ်ဖြစ် ပြောသင့်တာပေါ့။ သူတို့ လုပ်ပိုင်ခွင့် မဟုတ်ဘူးဆိုပြီး ငြိမ်နေမယ်ဆိုရင်တော့ ကိုယ့်ဘက်က တာဝန်မကျေဘူးလို့ ယူဆတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဖွဲ့စည်းပုံအရ ဘာပဲပြောပြော နိုင်ငံတော်အကြီးအကဲက သမ္မတ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကြီး ဖြစ်နေတာကို။ အဲဒါကြောင့် ဒီဘက်ကလည်း ဒါတွေနဲ့ပတ်သက်လို့ မေးမြန်းပြီးတော့ ဖိအား တစ်စုံတစ်ရာ ပေးသင့်တာပေါ့နော်။ ပြောမယ်ဆိုရင် ဒါတွေ လုပ်သင့်တယ်ဆိုတာမျိုး အကြံပေးတာမျိုးလည်း ပြောသင့်တာပေါ့။ မလုပ်တဲ့အပိုင်းက သူတို့အပိုင်းပေါ့လေ။ ဒါပေမဲ့ ကိုယ်ကပြောတယ် သတိပေးတယ်ဆိုတဲ့ ပုံစံမျိုးတော့ ကိုယ့်ဘက်က ရှိခဲ့ရမယ်ထင်တယ်လေ။ အဲဒါမျိုးတော့ NLD အစိုးရ လုပ်၊ မလုပ်တော့ မသိဘူး။ အသံတွေကတော့ နိုင်ကျဉ်းတွေနဲ့ ပတ်သက်ပြီး ဘာမှမကြားဘူး” ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ပြောကြားသည်။နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန၏ ပထမရက် ၁၀၀ စီမံချက်နှင့် ပတ်သက်၍ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက ဇွန် ၂၇ ရက်ထုတ် အစိုးရသတင်းစာများ၌ ပြောကြားရာတွင် နိုင်ငံရေး ယုံကြည်ချက်ကြောင့်  ဥပဒေနှင့်အညီ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်မှုအပေါ် အရေးယူခံရမှုကိုသာ နိုင်ငံရေးအကျဉ်းသားအဖြစ် လက်ခံသည်ဟု ဆိုသော ထည့်သွင်းပြောကြားမှုအပေါ် နိုင်/ကျဉ်းရေးရာ အဖွဲ့အစည်းများက ဝေဖန်မေးခွန်းထုတ်မှုများ ပြုလုပ်ခဲ့ကြသည်။ထို့အတူ အဆိုပါ သဘောထားသည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားဆန္ဒဟု မယုံကြည်ကြောင်း နိုင်/ကျဉ်းရေးရာ အဖွဲ့အစည်း တာဝန်ရှိသူများက လက်ခံထားကြသည်။ထို့ပြင် နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ် ဖွင့်ဆိုချက်ကို နိုင်ငံတော်က သတ်မှတ်ပေးရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ နိုင်ကျဉ်းရေးရာ အဖွဲ့အစည်းများ ပူးပေါင်း၍ ဇွန် ၃၀ ရက်က အိတ်ဖွင့် ပန်ကြားစာတစ်စောင် ပေးပို့ထားသော်လည်း တစ်စုံတစ်ရာ အကြောင်းပြန်ကြားမှု မရှိသေးကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ ဦးဆောင် ကော်မတီဝင် ဦးထွန်းကြည်က ပြောကြားသည်။“အခုချိန်ထိ စတက်တက်လာခြင်း နှစ်ကြိမ်ပေါ့။ နိုင်ငံတော် အတိုင်ပင်ခံအမိန့်နဲ့ ပေါ့လေ။ ကြေညာချက်ပေါ့။ ပထမကြေညာချက်ကတော့ ၇ ရက် ကြေညာတယ် ၈ ရက်မှာ လွှတ်တယ်လေ။ ဒုတိယကတော့ သမ္မတကြီးရဲ့ ကြေညာချက်ပေါ့။ အဲဒါကတော့ နှစ်ဆန်းတစ်ရက်နေ့မှာပေါ့။ အဲဒီနောက်ပိုင်း နိုင်ကျဉ်းနဲ့ ပတ်သက်လို့က လုံးဝ၊ လုံးဝကို ဘာသံမှ မကြားရတဲ့အပြင်ကို အဲဒီနှစ်ကြိမ်စလုံးကို လွှတ်ပေးလိုက်တာသည် ပြည်ထဲရေး ဝန်ကြီးဌာနရဲ့ရက် ၁၀၀ သတင်းစာရှင်းလင်းပွဲမှာ အမြဲတမ်းအတွင်းဝန်က ဘာပြောလဲဆိုတော့ သမ္မတကြီးနဲ့နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်နှစ်ယောက် မေတ္တာရပ်ခံချက်အပေါ်မှာ လွှတ်ပေးခြင်းဖြစ်တယ်လို့ ပြောသွားတယ်။ အကြီးအကဲ နှစ်ယောက်စလုံးကို စော်ကားတဲ့အပြင် သူတို့ကြောင့် လွှတ်ပေးခံရတဲ့ နိုင်ကျဉ်းတွေကိုပါ စော်ကားသလိုဖြစ်တယ်လေ။ အမှန်မှန်ကတော့ ညွှန်ကြားချက်နဲ့ အမိန့်နဲ့ လွှတ်ပေးရမယ့်နေရာမှာ ပြည်ထဲရေး အမြဲတမ်း အတွင်းဝန်က အဲဒီလိုပြောတာတဲ့ အခါကျတော့ စဉ်းစားစရာတွေ၊ မေးခွန်းထုတ်စရာတွေ မြောက်မြားစွာဖြစ်လာတယ်။ ဧပြီ ၁၇ ရက်မှသည် အခုချိန်ထိကတော့ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ နိုင်ငံရေးအကျဉ်းသားကိစ္စကို လုံး၀ ရေငုံနှုတ်ပိတ်ပဲ။ နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ်ဖွင့်ဆိုချက်ကိုတောင်မှ ပြည်ထဲရေးဒုဝန်ကြီးက အစီအစဉ် မရှိဘူးဆိုတဲ့အပြင် သူလာရှင်းတာတောင်မှ သူ့ဝန်ကြီးကခိုင်းလို့ လာဖြေရှင်းတာ။ အစိုးရသဘောထား လုံးဝမပါဘူး။ အဲဒါကလည်း တော်တော် အရုပ်ဆိုး အကျည်းတန်တယ်” ဟု ဦးထွန်းကြည်က ပြောကြားသည်။လက်ရှိတွင် ထောင်ဒဏ်ကျခံနေရသည့် နိုင်ငံရေးအကျဉ်းသား ၉၀ ခန့်ရှိပြီး တရားရင်ဆိုင်နေရသူ ၁၀၀ ခန့်ရှိကြောင်း ဦးထွန်းကြည်က ပြောကြားသည်။နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် ပတ်သက်၍ NLD၊ SNLD တို့အပါအဝင် နိုင်ငံရေးပါတီများ၊ နိုင်ငံရေးအကျဉ်းသားဆိုင်ရာ အဖွဲ့အစည်းများနှင့် အရပ်ဘက် အဖွဲ့အစည်းများ ပါဝင်သော ၂၀၁၄ ခုနှစ် သြဂုတ်က ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သည့် အလုပ်ရုံဆွေးနွေးပွဲက အစိုးရမဟုတ်သည့် နိုင်ငံရေး အကျဉ်းသားများဆိုင်ရာ အဖွဲ့အစည်းများက မည်သူမဆို၊ မည်သည့်အကြောင်းကြောင့်ဖြစ်စေ၊ လွတ်လပ်မှု၊ တရားမျှတမှု၊ တန်းတူညီမျှမှု၊ လူ့အခွင့်အရေးနှင့် တိုင်းရင်းသားအားလုံး ပါဝင်သည့် နိုင်ငံသားအခွင့်အရေးတို့အတွက် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ၊ လှုပ်ရှားဆောင်ရွက်ခြင်း၊ အားပေးကူညီခြင်း၊ ပူးပေါင်းကြံစည်ပါဝင်ခြင်း၊ ဆက်စပ်ပတ်သက်ခြင်းတို့ကြောင့် နိုင်ငံရေး ရည်ရွယ်ချက်ဖြင့် ပြစ်မှုကြောင်းအရ ဖြစ်စေ၊ တရားမကြောင်းအရ ဖြစ်စေ၊ ဖမ်းဆီး၊ ထိန်းသိမ်း၊ ပြစ်ဒဏ် ချမှတ်ခံရသူများကိုလည်း  နိုင်ငံရေးအကျဉ်းသားအဖြစ် သတ်မှတ်ကြောင်း အဓိပ္ပာယ် ဖွင့်ဆိုသတ်မှတ်ထားသည်။ထို့ပြင် ဖွဲ့စည်းပုံအခြေခံဥပဒေအရဖြစ်စေ၊ ဥပဒေ တစ်ရပ်ရပ်အရဖြစ်စေ၊ ဖွဲ့စည်း ပေါ်ပေါက်လာသော မဏ္ဍိုင်သုံးရပ်နှင့် လုပ်ငန်းအဖွဲ့များ (သို့မဟုတ်) ပြည်ထောင်စုအဖွဲ့ဝင် လုပ်ငန်းအဖွဲ့များ၏ ရပ်တည်ချက်၊ ဆောင်ရွက်ချက်များအပေါ် နည်းလမ်းအမျိုးမျိုးဖြင့် တစ်ဦးချင်းဖြစ်စေ၊ စုပေါင်း၍ဖြစ်စေ၊ ကန့်ကွက်ခြင်း၊ ဟောပြောခြင်း၊ ရေးသားပုံနှိပ် ထုတ်ဝေဖြန့်ချိခြင်း၊ ဆန္ဒထုတ်ဖော်ခြင်း၊ မကျေနပ်ကြောင်း၊ ကန့်ကွက်ကြောင်းကို အခြားပုံသဏ္ဌာန် တစ်ခုခုဖြင့် လှုပ်ရှားဆောင်ရွက်ခြင်း၊ အားပေးကူညီခြင်း၊ ပူးပေါင်းကြံစည်ခြင်း၊ ဆက်စပ် ပတ်သက်ခြင်း စသည်တို့ကြောင့် ပြစ်မှုကြောင်းအရဖြစ်စေ၊ တရားမကြောင်းအရဖြစ်စေ၊ ဖမ်းဆီးထိန်းသိမ်း ပြစ်ဒဏ်ချမှတ် ခံရသူများကိုလည်း နိုင်ငံရေးအကျဉ်းသားအဖြစ် သတ်မှတ်ထားသည်။

Most Read

Most Recent