ဝန်ကြီးချုပ်နေရာအား ပါတီတာဝန်ရှိသူများက နုတ်ထွက်ခိုင်းပါက ချက်ချင်းနုတ်ထွက်ပေးမည်ဖြစ်ကြောင်း မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦး ပြောကြား

ဝန်ကြီးချုပ်နေရာအား ပါတီတာဝန်ရှိသူများက နုတ်ထွက်ခိုင်းပါက ချက်ချင်းနုတ်ထွက်ပေးမည်ဖြစ်ကြောင်း မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦး ပြောကြား
Published 12 November 2016
ကျော်ဇင်ဝင်း

ဝန်ကြီးချုပ်နေရာအား ပါတီတာဝန်ရှိသူများက နုတ်ထွက်ခိုင်းပါက ချက်ချင်း နုတ်ထွက်ပေးမည်ဖြစ်ကြောင်း မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦးက နိုဝင်ဘာ ၁၂ ရက်တွင် ပြောကြားသည်။
ရန်ကုန်မြို့ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီရုံးချုပ်တွင် နိုဝင်ဘာ ၁၂ ရက်က ပြုလုပ်သည့် ပါတီ၏ ပထမ-ဗဟိုကော်မတီ ဆဋ္ဌမအကြိမ်မြောက် ပုံမှန်အစည်းအဝေးအပြီးတွင် မီဒီယာအချို့က ဝန်ကြီးချုပ်ရာထူးမှ နုတ်ထွက်မည်ဟု သတင်းများထွက်ပေါ်နေမှုအပေါ် မေးမြန်းမှုအား ၎င်းက ထိုသို့ပြော ကြားသည်။
 “ဆက်တိုက်ပဲ အစ်ကိုအတိုက်ခံရတယ်။ အဲဒီလောက်ပဲပြောပါရစေ။ သိသာနေပြီနော်။ ဆက်တိုက် ညီလေးတို့ သဘောပေါက်မှာပါ။ ဒီတစ်လထဲမှာ ဆက်တိုက်ကြီးဆော်နေတာ။ ဖြေရခက်တဲ့ဟာတွေပါတယ်။ တချို့အပိုင်းတွေက တချို့တစ်ဝက်မှန်တယ်။ တချို့တစ်ဝက် မမှန်ဘူး။ အချို့ကိစ္စတွေကျတော့ ပေါ်တင်ကစ်နေတာ။ အဲဒီလိုထက် အစ်ကိုပြောတာက အပေါ်က နုတ်ထွက်ခိုင်းရင် ချက်ချင်းထွက်ပေးမယ်။ ကိုယ်တို့မှာ ပါတီတာဝန်ရှိတဲ့သူတွေရှိတယ်။ သူတို့ကတောင်းဆိုရင် ချက်ချင်းထွက်ပေးမယ်။ ဒါကရှင်းရှင်းလေး။ ဘယ်နေရာမှ တပ်မက်တဲ့သူမဟုတ်ဘူး။ ၈၈ ကတည်းက လုပ်ခဲ့တဲ့သူတွေ” ဟု မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦးက ပြောကြားသည်။
မွန်ပြည်နယ်ဝန်ကြီးချုပ် အပြောင်းအလဲလုပ်မည်ဆိုသည့် သတင်းမှားနေကြောင်း NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်က နိုဝင်ဘာ ၈ ရက်တွင် နေပြည်တော်၌ သတင်းထောက်များအား ပြောကြားထားသည်။
လက်ရှိတွင် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦးနေရာတွင်  မွန်ပြည်နယ်အစိုးရအဖွဲ့ ပအိုဝ်းတိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်စံဝင့်ခိုင်အား အစားထိုးခန့်အပ်မည်ဟု သတင်းများထွက်ပေါ်ခဲ့ခြင်း ဖြစ်သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ မွန်ပြည်နယ်အတွင်းရေးမှူး ဦးငွေမြင့်က “သတင်းတွေက ထွက်နေပေမယ့် သေတော့ မသေချာသေးဘူး။ သေချာတာက ဗဟိုကနေ ဘာစာဘာညွှန်ကြားချက်မှ မဝင်လာသေးဘူး။ ဝန်ကြီးချုပ်အနေနဲ့ သူလုပ်ကိုင်ဆောင်ရွက်နေရတာ အရမ်းပင်ပန်းနေပြီ ပေါ့နော်။  အဲဒီလိုဖြစ်နေတော့ သူနားချင်တဲ့ စိတ်တော့ ရှိတယ်ပေါ့။ အဲဒီလိုတော့ ပြောခဲ့ဖူးတာရှိပါတယ်။ သူ့အနေနဲ့က ဝန်ကြီးချုပ် ရာထူးအပြင် အခြားဝန်ကြီးဌာနတွေကိုပါ တာဝန်ယူထားရတော့ ပင်ပန်းတာတော့အမှန်ပဲ။ အဲဒီအတွက် သူ့အနေနဲ့ စိတ်ပင်ပန်း၊ လူပင်ပန်းမခံနိုင်တော့တဲ့ သဘောလည်း ဖြစ်နိုင်ပါတယ်” ဟု နိုဝင်ဘာ ၈ ရက်က ပြောကြားထားသည်။
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦးသည် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ဘီးလင်းမဲဆန္ဒနယ် အမှတ် (၂) မှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်အဖြစ် အနိုင်ရခဲ့သူဖြစ်ပြီး လက်ရှိတွင် ဝန်ကြီးချုပ်ရာထူးအပြင် မွန်ပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေး ဝန်ကြီးဌာနနှင့် ဆောက်လုပ်ရေး ဝန်ကြီးဌာနတို့ကို ပူးတွဲ ကိုင်တွယ်ထားသည်။

Most Read

Most Recent