မြောင်းမြတွင် လိုင်စင်နှင့် မကိုက်ညီဘဲ သိုလှောင်ထားသည့် အရက်အမျိုးအစားအစုံ ကျပ်သိန်း ၇၀၀ ကျော်ဖိုး ဖမ်းဆီးရမိ

မြောင်းမြတွင် လိုင်စင်နှင့် မကိုက်ညီဘဲ သိုလှောင်ထားသည့် အရက်အမျိုးအစားအစုံ ကျပ်သိန်း ၇၀၀ ကျော်ဖိုး ဖမ်းဆီးရမိ
Published 10 November 2016
မင်းသူဝင်းထွဋ် (မြောင်းမြ)

မြောင်းမြမြို့ အမှတ် (၁၀) ရပ်ကွက်၊ ရိုးကူးလမ်း၊ ခြံအမှတ် (၁၀) ရှိ အရက်သိုလှောင်ရုံ တစ်ခုအား နိုဝင်ဘာ ၉ ရက် ည ၉ နာရီခန့်က ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ဝင်ရောက်ရှာဖွေရာတွင် သတ်မှတ်ထားသည့် လိုင်စင်နှင့် မကိုက်ညီဘဲ သိုလှောင်ထားသည့် ကျပ်သိန်း ၇၀၀ ကျော်တန်ဖိုးရှိ အရက်အမျိုးအစားအစုံ ၃၁၆၄ ဖာအား ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ အဆိုပါနေ့တွင် ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းအရ ဦးမောင်မောင်ဝင်း အမည်ဖြင့်  DIA လိုင်စင်ရရှိထားသည့် ဦးအေးလွင် ၃၀ နှစ် (ဘ) ဦးတင်မြ လက်ရှိ လုပ်ငန်းလုပ်ကိုင်နေသော အရက်သိုလှောင်ရုံတစ်ခုအား မြို့နယ်ရဲတပ်ဖွဲ့၊ အသိသက်သေများနှင့်တကွ ဝင်ရောက်ရှာဖွေရာတွင် DIA လိုင်စင်နှင့် မကိုက်ညီဘဲ သယ်ဆောင်ခွင့် မျှောစာမဲ့ သယ်ယူသိုလှောင်ထားသော အရက်အမျိုးအစားစုံ ၃၁၆၄ ဖာ စုစုပေါင်း ကာလတန်ကြေး ကျပ် ၇၀၆၂၂၄၀၀ တန်ဖိုးအား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
“သူတို့မှာက လိုင်စင်တွေတော့ရှိတယ်၊ အမျိုးအစားကွဲတာပေါ့၊ ဒါကြောင့်တွေ့တဲ့ အမျိုးအစား အကုန်သိမ်းတာ မဟုတ်ပါဘူး၊ လိုင်စင်နဲ့ကွဲနေတဲ့ အမျိုးအစားတွေကိုပဲ သိမ်းခဲ့တာပါ” ဟု မြောင်းမြမြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ဇေယျက မြို့နယ်အတွင်းရှိ ယစ်မျိုးလိုင်စင် ရယူထားသည့် ဆိုင်ပိုင်ရှင်များနှင့် တွေ့ဆုံပွဲအပြီးတွင် ပြောကြားသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ မြောင်းမြမြို့မရဲစခန်းမှ DIA လိုင်စင်ထက်ကျော်လွန်ပြီး သယ်ဆောင်ခွင့် မျှောစာမဲ့ အရက်အမျိုးအစားများ သိုလှောင်ထားရှိသည့် ဦးအေးလွင် (၃၀ နှစ် ) (ဘ) ဦးတင်မြအား (ပ) ၃၆၃/၂၀၁၆ ယစ်မျိုးပုဒ်မ ၃၀ (က)ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။