တပ်မတော်အနေဖြင့် ခေတ်သစ်၊ စနစ်သစ်တွင် အမျိုးသားနိုင်ငံရေးကို ဆောင်ရွက်ရန် လွှတ်တော်ထဲ၌ ဆက်လက် ပါဝင်နေရခြင်းဖြစ်ကြောင်း ဥရောပသမဂ္ဂစစ်ဘက်ရေးရာကော်မတီအစည်းအဝေးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြောကြား

တပ်မတော်အနေဖြင့် ခေတ်သစ်၊ စနစ်သစ်တွင် အမျိုးသားနိုင်ငံရေးကို ဆောင်ရွက်ရန် လွှတ်တော်ထဲ၌ ဆက်လက် ပါဝင်နေရခြင်းဖြစ်ကြောင်း ဥရောပသမဂ္ဂစစ်ဘက်ရေးရာကော်မတီအစည်းအဝေးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြောကြား
Published 10 November 2016
မျိုးမင်းထက်

တပ်မတော်အနေဖြင့် ခေတ်သစ်၊ စနစ်သစ်တွင် အမျိုးသားနိုင်ငံရေးကို ဆောင်ရွက်ရန် လွှတ်တော်ထဲ၌ ဆက်လက် ပါဝင်နေရခြင်းဖြစ်ကြောင်း ဥရောပသမဂ္ဂ စစ်ဘက်ရေးရာကော်မတီအစည်းအဝေးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။European Union Military Committee အစည်းအဝေးတွင် “ The Military’s Role in a Democratic Myanmar” နှင့် ပတ်သက်၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဆွေးနွေးချက်များကို Senior General Min Aung Hlaing Facebook စာမျက်နှာတွင် နိုဝင်ဘာ ၉ ရက်က ဖော်ပြထားပြီး ၎င်းက အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။အဆိုပါ အစည်းအဝေး၌ “တပ်မတော်ဟာ ခေတ်အဆက်ဆက် ခိုင်မာတောင့်တင်းတဲ့ အမျိုးသားနိုင်ငံရေး အင်အားစုကြီးဖြစ်လို့ မြန်မာ့နိုင်ငံရေးဖြစ်စဉ်မှာ ထဲထဲဝင်ဝင် ပါဝင်ခဲ့ရပါတယ်။ ဒါ့ကြောင့်လည်း ခေတ်သစ်၊ စနစ်သစ်မှာ ကျွန်တော်တို့ဟာ အမျိုးသားနိုင်ငံရေးကို ဆောင်ရွက်ဖို့  လွှတ်တော်ထဲမှာ ဆက်လက်ပါဝင်နေရခြင်း ဖြစ်ပါတယ်။ ဒီမိုကရေစီကို ဖော်ဆောင်ခြင်းနှင့်အတူ ကာကွယ်စောင့်ရှောက်နေပါတယ်။ နိုင်ငံတော်နှင့် ပြည်သူ့အတွက် ခိုင်မာတဲ့ အာမခံချက် ရရှိတဲ့အချိန်မှာ တပ်မတော်ရဲ့ အခန်းကဏ္ဍကိုလည်း ပြန်လည်သုံးသပ် လုပ်ဆောင်သွားမှာဖြစ်ပါတယ်” ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထည့်သွင်းပြောကြားခဲ့ကြောင်း  သတင်းထုတ်ပြန်ထားသည်။၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် မိမိနိုင်ငံနှင့် ကိုက်ညီသည့် ပါတီစုံဒီမိုကရေစီစနစ်ကို အပြည့်အ၀ ပုံဖော်ပေးထားပြီး တပ်မတော်အနေဖြင့်  ပြည်သူတို့၏ ဆန္ဒဖြစ်သည့် ပါတီစုံ ဒီမိုကရေစီစနစ်ကို အခြေခံကျကျ ကာကွယ်ထိန်းသိမ်းနိုင်ရေး ပြဋ္ဌာန်းထားခဲ့သည်ကို  လေ့လာတွေ့ရှိနိုင်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆိုသည်။၎င်းက “၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေ အခန်း ၁၁ မှာ “အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များ” ကို လေ့လာကြည့်ရင် တပ်မတော်က နိုင်ငံတော်အာဏာကို အလွယ်တကူ မသိမ်းနိုင်အောင်၊ သမ္မတရဲ့ သဘောတူညီချက်ကြောင့် နိုင်ငံတော်ကို တပ်မတော်က တာဝန်ယူခဲ့ရလျှင်လည်း  အချိန်အကြာကြီး ဆုပ်ကိုင်မထားနိုင်အောင် ပြဋ္ဌာန်းချက်အဆင့်ဆင့်ဖြင့် စနစ်တကျ ပြဋ္ဌာန်းထားကြောင်း တွေ့ရမှာ ဖြစ်ပါတယ်။  ဒါဟာ တပ်မတော်ရဲ့ ပြည်သူ့ဆန္ဒအပေါ် အာမခံချက်ပဲ ဖြစ်ပါတယ်”ဟု ဆက်လက်ပြောကြားသည်။မြန်မာနိုင်ငံအနေဖြင့် နုနယ်သည့် ပါတီစုံ ဒီမိုကရေစီအတွေ့အကြုံကိုလည်း တပ်မတော်အနေဖြင့် လွှတ်တော်အတွင်း၌ ပါဝင်ပြီး ထိန်းညှိပေးရန် လိုအပ်သေးကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။မကြာသေးမီက ဂျပန်နိုင်ငံသို့ ချစ်ကြည်ရေးခရီး သွားရောက်ခဲ့သည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယင်းခရီးစဉ်အတွင်း ဂျပန်ရောက် မြန်မာများနှင့် တွေ့ဆုံရာ၌ လွှတ်တော်ရှိ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းနှင့် ပတ်သက်၍လည်း “ကျွန်မတို့ ဒီကိစ္စနဲ့ ပတ်သက်လို့  ပွင့်ပွင့်လင်းလင်း ပြောခဲ့ပါတယ်။ ကျွန်မတို့က ဦးတည်နေတာဟာ ပြည့်ဝတဲ့ ဒီမိုကရေစီစနစ်ဆိုတာ လွှတ်တော်ထဲမှာ ရွေးချယ်ခံရတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေပဲ ရှိရမှာဖြစ်ပါတယ်။ ဒါပေမဲ့ အကြောင်းကြောင်းကြောင့်မို့လို့ တပ်မတော်သား ၂၅ ရာခိုင်နှုန်း ပါနေတာကို ကျွန်မတို့ဟာ ဥပဒေဘောင်အတွင်းကနေ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြုပြင်ချင်တယ်။ ပြောင်းလဲချင်တယ်ဆိုပြီးတော့ အခုတင် မဟုတ်ပါဘူး။ ရွေးကောက်ပွဲ မတိုင်ခင်တုန်းက ပြောခဲ့ပါတယ်။ကျွန်မတို့ ပြည်သူပြည်သားများ ဒီဟာကို စိတ်ဝင်စားတယ်။ တကယ်ပဲ လေ့လာခဲ့တယ်ဆိုရင် ဒါကိုသိမှာပါ။ ကျွန်မတို့  ၂၀၁၄ အတွင်းမှာ ဖွဲ့စည်းပုံအခြေခံဥပဒေပြုပြင်ရေးနဲ့ ပတ်သက်လို့ လွှတ်တော်ထဲမှာ ဆွေးနွေးကြပါတယ်။ ကျွန်မတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အဲဒီမှာ ပွင့်ပွင့်လင်းလင်း ဘယ်အပိုင်းတွေ၊ ဘယ်အပိုင်းတွေကို ပြုပြင်သင့်တယ်ဆိုပြီးတော့ ကျွန်မတို့တင်ခဲ့ပါတယ်။ အဲဒီအထဲမှာဆိုလို့ရှိရင် တပ်မတော်သားကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းနဲ့ ပတ်သက်လို့ ကျွန်မတို့ရဲ့ ဦးတည်ချက်က ပြည့်ဝတဲ့ ဒီမိုကရေစီစနစ်ဖြစ်တဲ့ ပြည်သူတွေက ရွေးချယ်တင်မြှောက်ထားတဲ့ ကိုယ်စားလှယ်တွေနဲ့သာ ထူထောင်ထားတဲ့ လွှတ်တော်ဖြစ်တယ်။ သို့သော်ငြားလည်း အမျိုးသားရင်ကြားစေ့ရေးကို အလေးထားပြီးတော့ ဒီကိစ္စကို အဆင့်ဆင့်ချင်း ညှိနှိုင်းပြီးတော့မှ  ဆောင်ရွက်သွားမယ်ဆိုပြီးတော့ ကျွန်မတို့ ပြောပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဘယ်ကိစ္စမဆို အောင်မြင်ဖို့ဆိုတာ ညှိနှိုင်းဆောင်ရွက်ပြီးတော့ အေးအေးဆေးဆေး လုပ်သွားမှ တကယ့်အောင်မြင်မှုရမှာပါ”ဟု ပြောကြားထားသည်။တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဥရောပသမဂ္ဂ စစ်ဘက်ရေးရာကော်မတီအစည်းအဝေး၌  မြန်မာ့တပ်မတော်အနေဖြင့် သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးနှင့် လူသားချင်း စာနာမှုဆိုင်ရာကိစ္စရပ်များ၊ စစ်ဘက်ဆေးပညာရပ်များ၊ ငြိမ်းချမ်းမှုထိန်းသိမ်းရေး ကိစ္စရပ်များ စသည့် တိုက်ခိုက်ရေးနှင့် မသက်ဆိုင်သည့် ကိစ္စရပ်များဖြစ်သော နည်းပညာနှင့် လေ့ကျင့်ရေးကဏ္ဍများတွင် ဥရောပသမဂ္ဂ၏ ကူညီဆောင်ရွက်မှုများရရှိရန် မျှော်လင့်ထားကြောင်း၊ ဥရောပသမဂ္ဂနှင့် စစ်ဘက်ဆိုင်ရာ ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်နိုင်ခြင်းအားဖြင့် မြန်မာ့တပ်မတော်၏ Standard Army အဖြစ် တည်ဆောက်ဖွဲ့စည်းဆောင်ရွက်နေမှုများ အပေါ်တွင်လည်း အထောက်အကူဖြစ်စေလိမ့်မည်ဟု ယုံကြည်ကြောင်း ဆွေးနွေးပြောကြားသည်။       

Most Read

Most Recent