ကြားဖြတ်ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများအား ရွေးချယ်ရာ၌ နိုင်ငံရေး အရည်အချင်းရှိသူများကို NLD ပါတီ ဦးစားပေးရွေးချယ်မည်

ကြားဖြတ်ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများအား ရွေးချယ်ရာ၌ နိုင်ငံရေး အရည်အချင်းရှိသူများကို NLD ပါတီ ဦးစားပေးရွေးချယ်မည်
Published 10 November 2016
စိုးမင်းထိုက်

၂၀၁၇ ခုနှစ် ဧပြီ ၁ ရက်တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများအား ရွေးချယ်ရာတွင် နိုင်ငံရေးအရည်အချင်းရှိသူများကို ဦးစားပေးရွေးချယ်မည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်က နိုဝင်ဘာ ၈ ရက်တွင် ပြောကြားသည်။ဦးဝင်းထိန်က “၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲမှာ ရွေးချယ်မယ့် ကိုယ်စားလှယ်လောင်းတွေကိုလည်း ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ၊၂၀၁၅ ရွေးကောက်ပွဲမှာ ချပြခဲ့တဲ့မူတွေအတိုင်းပဲ ရွေးမယ်။ ပြီးတဲ့အခါ ဘယ်သူ့ကို ဦးစားပေးမလဲဆိုရင် လူငယ်၊ အမျိုးသမီး၊ တိုင်းရင်းသား၊ သို့သော်လည်းပဲ အရည်အချင်းရှိတဲ့သူတွေကို ပိုပြီးတော့ ဦးစားပေးမယ်။ အရည်အချင်းက နိုင်ငံရေးအရည်အချင်း၊ ပညာအရည်အချင်းနဲ့ နိုင်ငံရေးအရည်အချင်းကို ပိုပြီးတော့ ဦးစားပေးမယ်ဆိုတာက အခုရွေးကောက်ပွဲနိုင်လို့ တက်လာတဲ့ ကိုယ်စားလှယ်တွေထဲမှာ ပညာအရည်အချင်းတွေ အများကြီးတော်တာ ရှိတယ်။ ဒါပေမဲ့ နိုင်ငံရေးကျတော့ အားနည်းတာတွေ တွေ့ရတယ်။အဲဒီတော့ တွေ့ရှိချက်ကတော့ နိုင်ငံရေးမှာ အထိုက်အလျောက် အရည်အချင်းရှိတဲ့သူတွေက ပိုပြီးတော့ သင့်လျော်တယ်လို့ ယူဆတဲ့အတွက်ကြောင့် နိုင်ငံရေးအရည်အချင်းကို ဦးစားပေးမယ်။ အဲဒီတော့ မြို့နယ် ၁၉ မြို့နယ်ဆိုတော့ အေးဆေးပါ။ မျက်စိမှိတ်တောင် လုပ်လို့ရတယ်။ ဘာလို့လဲဆိုတော့ ပြီးခဲ့တဲ့ ၂၀၁၅ တုန်းက နယ်တွေက တင်လာတာ လူဦးရေ ၄၀၀၀ လောက်ရှိတယ်။ ၁၁၀၀ လောက်ပဲ စိစစ်ရွေးတဲ့အခါကျတော့ ၃၀၀၀ နီးပါး ပယ်ရတယ်။ အဲဒီမှာ ပွက်လောထပြီးတော့ စကားတွေ များကြ။ ရန်တွေ ဖြစ်ကြ။ အခုကတော့ များစရာအကြောင်း မရှိပါဘူး။ ၁၉ ယောက်တည်းကို။ နည်းလည်း နည်းတာကိုး။ အထူးသဖြင့် ပြောချင်တာကတော့ ခဏခဏ မေးကြတယ်။ ကော့မှူးမြို့နယ် ဘယ်သူ့ရွေးမလဲဆိုတော့ ကော့မှူးမြို့နယ်ကိုလည်း ကျန်တဲ့ ၁၉ မြို့နယ်နဲ့အတူ အရည်အချင်းရှိတဲ့ နိုင်ငံရေးသမားသစ် တစ်ယောက်ကိုရွေးပြီးတော့ ရွေးကောက်ပွဲ အောင်မြင်စေဖို့အတွက် ရည်ရွယ်ထားတယ်။ ထူးထူးခြားခြား ဦးစားပေးစရာအကြောင်း မရှိပါဘူး”ဟု ပြောကြားသည်။တိုင်းရင်းသားနေရာများတွင် ယခင်ကတည်းက ရွေးကောက်ပွဲလုပ်ပါက အရွေးခံမည့်ပုဂ္ဂိုလ်များ ရှိပြီးသားဖြစ်ကြောင်း၊ ယင်းတို့အထဲတွင် ကျန်းမာရေးကောင်းသည့် သူများနှင့် ကျန်းမာရေးမကောင်းသည့်သူများလည်း ရှိကြောင်း၊ ကျန်းမာရေးကောင်းသူများကို ပြန်ပြီး နေရာပေးမည်ဖြစ်ကြောင်း၊ ထိုသူများအား ကိုယ်စားလှယ်လောင်းအဖြစ် ရွေးမည်ဖြစ်ကြောင်း၊ ယခုအချိန်တွင် ပြောရန်စောသေးကြောင်း၊ ယခုလ ၁၂ ရက်တွင် ဗဟိုကော်မတီညီလာခံ ရှိကြောင်း၊ ဗဟိုကော်မတီညီလာခံတွင် တင်ပြရမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။“၂၀၁၅ ရွေးကောက်ပွဲမှာကတည်းက မျှော်မှန်းထားတဲ့ ပြဿနာတွေ အများကြီးရှိတယ်။ အဲဒီမျှော်မှန်းထားတဲ့ ပြဿနာတွေကိုလည်း ဘယ်လိုနည်းနဲ့ ဖြတ်ကျော်မယ်ဆိုတာတွေကို ရေးခဲ့ပြီးပြီ။ အဲဒါတွေကိုလည်း အထိုက်အလျောက် အောင်မြင်မှုရှိတဲ့အတွက်ကြောင့် ၁၉ ယောက်တည်း ရွေးရမယ့် ကြားဖြတ်ရွေးကောက်ပွဲကတော့ ၂၀၁၅ လောက် အခက်အခဲရှိစရာအကြောင်း မရှိဘူး။ ရွေးကောက်ပွဲ ကော်မရှင်ကလည်း အသစ်။ သမာသမတ်ကျမယ်လို့ ယူဆတဲ့သူတွေကို ရွေးထားတဲ့ အတွက်ကြောင့်မိုလို့ ပိုပြီးတော့ အဆင်ပြေမယ်လို့ ယူဆတယ်။ ထင်ပါတယ်”ဟု ဦးဝင်းထိန်က ပြောကြားသည်။၂၀၁၇ ခုနှစ် ဧပြီ ၁ ရက်တွင် ပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော် လစ်လပ်နေရာများအဖြစ် မုံရွာ၊ ချောင်းဆုံ၊ အမ်း၊ လှိုင်သာယာ၊ ဒဂုံ (မြို့သစ်) ဆိပ်ကမ်း၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း)၊ ကော့မှူး၊ ကျေးသီး၊ မိုင်းရှူးမြို့နယ် မဲဆန္ဒနယ်များဖြစ်ပြီး အမျိုးသားလွှတ်တော် လစ်လပ်မဲဆန္ဒနယ်များမှာ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ် (၃)၊ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၄)၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၆)တို့ဖြစ်ကာ ပြည်နယ်လွှတ်တော် လစ်လပ်နေရာမှာ ခုနစ်နေရာ ရှိသည်။      

Most Read

Most Recent