တအာင်းလက်နက်ကိုင်အဖွဲ့ (PSLF/TNLA) နှင့် NCA လက်မှတ်ရေးထိုးထားသည့် ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS/SSA) အကြား တိုက်ပွဲဖြစ်ပွား

တအာင်းလက်နက်ကိုင်အဖွဲ့ (PSLF/TNLA) နှင့် NCA လက်မှတ်ရေးထိုးထားသည့် ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS/SSA) အကြား တိုက်ပွဲဖြစ်ပွား
Published 7 November 2016
ကျော်ဇင်ဝင်း

တအာင်းလက်နက်ကိုင်အဖွဲ့ (PSLF/TNLA) နှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) တွင် ပါဝင်လက်မှတ် ရေးထိုးထားသည့် ရှမ်းလက်နက်ကိုင် အဖွဲ့ဖြစ်သည့် ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) အကြား နိုဝင်ဘာ ၇ ရက်က တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း PSLF/TNLA အဖွဲ့၏ ဖေ့စ်ဘွတ်စာမျက်နှာတွင် သတင်းထုတ်ပြန်ထားသည်။
PSLF/TNLA အဖွဲ့၏ သတင်းထုတ်ပြန်ချက်တွင် မန်တုံမြို့နယ် မန်မိုင်ကျေးရွာအနီးတွင် နိုဝင်ဘာ ၇ ရက် နံနက် ၁၀ နာရီခွဲမှ ၁၁ နာရီအချိန်အထိ TNLA တပ်ရင်း ၇၆၅ နှင့် RCSS တပ်ဖွဲ့တို့ ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း၊ RCSS တပ်ဖွဲ့သည် မကြာခဏ ဆိုသလို ယခုတိုက်ပွဲ ဖြစ်ပွားသည့်နေရာသို့ လာရောက် တိုက်ခိုက်လျက်ရှိကြောင်း၊ ယခုတိုက်ပွဲတွင် RCSS တပ်ဖွဲ့သည် ပြည်သူလူထုအား ရှေ့မှသွားခိုင်းကာ လူထုကို အကာအကွယ်ယူပြီး TNLA အား လာရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ရေးသားထားသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ RCSS/SSA အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး စိုင်းငင်းအား မေးမြန်းခဲ့သော်လည်း ခရီးလွန်နေသဖြင့် TNLA နှင့် တိုက်ပွဲဖြစ်ပွားသည့် ကိစ္စအား မသိရှိသဖြင့် အခြားပြောရေးဆိုခွင့် ရှိသူများထံ ဆက်သွယ်ရန် ပြောကြားသဖြင့် ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်မှု မရရှိခဲ့ပေ။
အလားတူ PSLF/TNLA နှင့် RCSS/SSA တို့အကြား နိုဝင်ဘာ ၁ ရက် နံနက်ပိုင်းကလည်း မန်တုံမြို့နယ် မန်အီကျေးရွာနှင့် မန်ခိုင်ကျေးရွာကြား၌ တိုက်ပွဲဖြစ်ပွားခဲ့သေးကြောင်း PSLF/TNLA က ထုတ်ပြန်ထားသည်။
ထိုသို့ တိုက်ပွဲဖြစ်ပွားမှုများနှင့် ပတ်သက်၍ နမ့်ဆန်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် မိုင်းဝင်းထူးက “မုန့်လုံး စက္ကူကပ် ဆိုသလိုပဲ အစရှာဖို့ တော်တော်ခက်တဲ့ အလုပ်ပါပဲ။ ဘာကြောင့်လဲလို့ ပြောမယ်ဆိုရင်တော့ ကျွန်တော်ဘာကြောင့်လို့ ပြောတဲ့ဟာကို ပြန်ကြားတဲ့သူကလည်း စိတ်မကောင်း ဖြစ်လိမ့်မယ်။ တကယ်တမ်းတော့ ဘာကြောင့်လို့ ပြောဖို့မသင့်တော်ဘူးပေါ့ဗျာ။ မုန့်လုံးစက္ကူကပ်ပဲ။ ဟိုဘက်ကပ်လိုက်၊ ဒီဘက်ကပ်လိုက်။ ဟိုလူအပြစ်တင်လိုက်၊ ဒီလူအပြစ်တင်လိုက်။ ဟိုလူလက်ညှိုးထိုး လိုက်။ ဒီလူလက်ညှိုးထိုးလိုက်ပဲ။ အဓိက တော့ တိုက်ပွဲတွေ မဖြစ်အောင်လို့ ခလုတ်ကိုင်ထားတဲ့သူ ရှိပါတယ်။ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုက်ပွဲမဖြစ်တော့ဘူး။ ငါတို့အားလုံး စစ်ရပ်စဲလိုက်ပြီ။ တစ်ဖက်သတ် ရပ်စဲလိုက်ပြီလို့သာ ကြေညာလိုက် ဘယ်နေရာမှာမှ တိုက်ပွဲဖြစ်စရာ အကြောင်းမရှိဘူး။ ရှမ်းနဲ့ ပလောင်နဲ့ ဖြစ်စရာမရှိဘူး။ အစိုးရနဲ့ ဘယ်သူမှလည်း ဖြစ်စရာမရှိဘူး။ ဘယ်သူမှလည်း တိုက်ပွဲဖြစ်စရာ မရှိဘူး။ ပွင့်ပွင့်လင်းလင်း ပြောမယ်ဆိုရင်တော့ ဒီဘယ်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းဖြစ်ဖြစ်၊ သူတို့က တစ်ဖက်သတ် အပစ်အခတ် ရပ်စဲရေးတွေ ဘယ်လောက်ပဲပြောပြော တစ်ဖက်က ဝင်လာရင်တော့ သေနတ်ကိုင်တဲ့သူ အချင်းချင်း တွေ့ရင်တော့ ပစ်ကြမှာပဲ။ (ယခင်ကဒေသတွင်းမှာ ရှမ်းလက်နက်ကိုင်အဖွဲ့တွေ သွားတာ၊ လာတာ) မရှိဘူး။ နောက်ပိုင်းမှရှိတာ။ ပွင့်ပွင့်လင်းလင်းပြောမယ် ဆိုရင်တော့ ရှမ်းပြည်နယ် မြောက်ပိုင်းမှာတော့ SSPP (အခြားရှမ်း လက်နက်ကိုင်အဖွဲ့) ရှိတယ်။ SSPP နဲ့ TNLA နဲ့တော့ တိုက်ကြတာတွေ ခိုက်ကြတယ် ဆိုတာတော့ ကျွန်တော်တစ်ခါမှ မကြားဖူးဘူး။ RCSS ကတော့ NCA မထိုးခင်တုန်းက သူတို့က လွယ်တိုင်းလျှံ၊ ရှမ်းပြည်တောင်ပိုင်းမှာ အဲဒီမှာပဲ အခြေစိုက်နေကြတယ်။ NCA မထိုးခင် ဒီဘက်မှာ လွတ်လွတ်လပ်လပ် လာလို့မရသေးခင်ကတော့ သူတို့က တိုက်ပွဲမဖြစ်ခဲ့ကြပါဘူး။ အခုနောက်ပိုင်းမှာမှပဲ လွတ်လွတ်လပ်လပ် ပိုဖြစ်လာတယ်။ ပိုပြီးတော့မှ တိုက်ပွဲဖော်ဆောင်ဖို့ အခွင့်အရေး ရသွားသလား မပြောတတ်ပါဘူးဗျာ။ အဲဒါကြောင့်မို့ ကျွန်တော့်အနေနဲ့ မြင်တာက မိန်းခလုတ်ကြီးကတော့ အစောက ပုဂ္ဂိုလ်ကြီးဆီမှာပဲ ရှိတာပါ” ဟု မိုင်းဝင်းထူးက ပြောကြားသည်။
PSLF/TNLA နှင့် RCSS/SSA တို့အကြား တိုက်ပွဲများမှာ ၂၀၁၅ ခုနှစ်တွင် RCSS/SSA အနေဖြင့် NDA တွင် ပါဝင်လက်မှတ် ရေးထိုးပြီးနောက် ဖြစ်ပွားလာခြင်း ဖြစ်သော်လည်း အခြေခံရင်းမြစ်မှာ တိုင်းရင်းသားများ အကြား ပြည်ထောင်စုစိတ်ဓာတ် ပျက်ပြားအောင် လုပ်ဆောင်သည့် အာဏာရှင်အဆက်ဆက်၏ ပယောဂများကြောင့်ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီ တွဲဖက်အတွင်းရေးမှူး (၁) ဦးစိုင်းလိတ်က ပြောကြားသည်။
“ပထမတစ်ချက်တော့ NCA ကြောင့် ဖြစ်တယ်လို့ ယူဆရမလို ဖြစ်တာပေါ့။ ဒါပေမဲ့ NCA မရှိခင်တုန်းက တိုင်းရင်းသား အဖွဲ့အစည်းကြား အထူးအားဖြင့် ပလောင်နဲ့ (TNLA)၊ RCSS ကြားပေါ့နော်။ ကျွန်တော်တို့ တိုက်ပွဲဖြစ်တာ တစ်ခါမှ ကျွန်တော်တို့ မကြားဖူးဘူး။ NCA ထိုးပြီးနောက်ပိုင်းမှ ဖြစ်လာတော့ NCA ကြောင့်လို့ ပြောလို့ရကောင်း ရပါလိမ့်မယ်။ ဒါပေမဲ့ ဒါအခြေခံရင်းမြစ် မဟုတ်ဘူး။ အခြေခံရင်းမြစ်ကတော့ တိုင်းရင်းသားတွေ ကြားထဲမှာ ပြည်ထောင်စုစိတ်ဓာတ် ပျက်ပြားအောင် လုပ်လာတဲ့ အာဏာရှင် အဆက်ဆက်ရဲ့ ပယောဂကြောင့်လို့ ပြောလို့ရတယ်။ အဲဒီထက် အခြေခံအရင်းကျကျ ပြောရရင်တော့ ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ မူမမှန်မှုကြောင့်ပေါ့နော်။ ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ မူမမှန်မှုကြောင့် တိုင်းရင်းသား အချင်းချင်းကြား ပြည်ထောင်စုစိတ်ဓာတ်တွေ ပျက်ပြားတယ်။ ရှမ်းပြည်ပါ စိတ်ဓာတ်တွေ ပျက်ပြားတယ်။ အဲဒါကြောင့်မို့ အခြေခံအကျဆုံးကတော့ နိုင်ငံရေး ပဋိပက္ခပါပဲ။ နိုင်ငံရေးပဋိပက္ခကို မရှင်းနိုင်လို့ရှိရင် ဒီကိစ္စ ထပ်ထပ်ပြီး ပေါ်နေဦးမယ်လို့ပဲ ပြောချင်ပါတယ်” ဟု ဦးစိုင်းလိတ်က ပြောကြားသည်။
ထို့အတူ တပ်မတော်နှင့် တအောင်း လက်နက်ကိုင်အဖွဲ့ PSLF/TNLA အဖွဲ့တို့ကြား အောက်တိုဘာလအတွင်း အကြိမ် ၂၀ ခန့် တိုက်ပွဲများဖြစ်ခဲ့ပြီး အောက်တိုဘာ လကုန်ပိုင်းက စတင်ကာ ယခုအချိန်ထိ တပ်မတော်နှင့် တိုက်ပွဲများ နေ့စဉ်နီးပါး ဖြစ်ပွားနေကြောင်း PSLF/TNLA အဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ တပ်မတော်နှင့် TNLA တို့ အောက်တိုဘာ လကုန်ပိုင်းမှ လက်ရှိအချိန်အထိ ဖြစ်ပွားနေသည့် တိုက်ပွဲများတွင် တပ်မတော်သားအချို့ ကျဆုံး၊ ထိခိုက်ဒဏ်ရာ ရရှိမှုများရှိကြောင်း တပ်မတော်ပိုင် မြဝတီ သတင်းစာတွင် သတင်းများ ဖော်ပြမှုအရ သိရသည်။
PSLF/TNLA သည် NCA စာချုပ်တွင် ပါဝင်ခြင်း မရှိသေးသည့် အဖွဲ့ဖြစ်သည့်အပြင် ပြည်ထောင်စုအဆင့်၊ ပြည်နယ်အဆင့်ကဲ့သို့ အစိုးရနှင့် အခြားသဘောတူညီချက်များလည်း မရှိသော အဖွဲ့ဖြစ်သည်။
NCA လက်မှတ် ရေးထိုးပြီးနောက်တွင် RCSS/SSA နှင့် တပ်မတော် အကြားတွင်လည်း ထိတွေ့မှု အချို့ရှိခဲ့ပြီး အောက်တိုဘာလအတွင်း ရှမ်းပြည်နယ် မိုင်းကိုင်မြို့နယ်အတွင်းရှိ RCSS/SSA မှ ဖွင့်လှစ်ထားသည့် မူးယစ်ဆေးဝါး သုံးစွဲသူများ ပြန်လည်ထူထောင်ရေး စခန်းအား တပ်မတော်က ရုတ်တရက် ဝင်ရောက် စီးနင်းသည့်ပုံစံ ဆောင်ရွက်သဖြင့် တိုက်ပွဲဖြစ်ပွားရခြင်း ဖြစ်ကြောင်း RCSS/SSA က ထုတ်ဖော်ပြောဆို ခဲ့သည့်အပြင် ပြည်ထောင်စုအဆင့်၊ ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေး ကော်မတီများထံသို့ စာရေးသား တိုင်ကြားသဖြင့် နိုဝင်ဘာ ၁ ရက်မှ စတင်ကာ ပြည်ထောင်စုအဆင့်မှ ဖွဲ့စည်းသည့် စိစစ်အတည်ပြုရေး အဖွဲ့က တိုက်ပွဲဖြစ်ပွားရာ ဒေသသို့ သွားရောက်ကာ ကွင်းဆင်းစစ်ဆေးခြင်းများ ပြုလုပ်ထားသည်။
 

Most Read

Most Recent