ကလင်တန်ဖောင်ဒေးရှင်း၏ တရားဝင်မဟုတ်သော ဒေါ်လာသန်း ၂၀ ပဟေဠိ ထွက်ပေါ်လာ

ကလင်တန်ဖောင်ဒေးရှင်း၏ တရားဝင်မဟုတ်သော ဒေါ်လာသန်း ၂၀ ပဟေဠိ ထွက်ပေါ်လာ
ကလင်တန်ဖောင်ဒေးရှင်းအား ထူထောင်သူ သမ္မတဟောင်း ဘီကလင်တန်ကို  စက်တင်ဘာ ၁၆ ရက်က နယူးယောက်ရှိ ပွဲတစ်ခု၌ တွေ့ရစဉ်   (Photo: AFP)
ကလင်တန်ဖောင်ဒေးရှင်းအား ထူထောင်သူ သမ္မတဟောင်း ဘီကလင်တန်ကို စက်တင်ဘာ ၁၆ ရက်က နယူးယောက်ရှိ ပွဲတစ်ခု၌ တွေ့ရစဉ် (Photo: AFP)
Published 6 November 2016
Ref: New York Post

ဟီလာရီကလင်တန်၏ မဲဆွယ်စည်းရုံးရေးအဖွဲ့ ဥက္ကဋ္ဌဖြစ်သူ ဂျွန်ပိုဒီစတာ၏ အီးမေးလ်များ ပေါက်ကြားရာမှ ကလင်တန်ဖောင်ဒေးရှင်း၏ တရားဝင်မဟုတ်ဘဲ ပဟေဠိဆန်သော လက်ခွဲအဖွဲ့တစ်ခု၏ အတွင်းပိုင်း လည်ပတ်ပုံ တစ်စိတ်တစ်ပိုင်း ထွက်ပေါ်လာခဲ့သည်။
 
ကနေဒါမိုင်းတွင်းသူဌေး ဖရန့်ဂူစထရာနှင့် မက္ကဆီကိုဘီလျံနာ ကားလို့စ်စလင်းတို့က လှူဒါန်းသည့် ဒေါ်လာသန်း ၂၀ ဖြင့် ကလင်တန်ဖောင်ဒေးရှင်းသည် ၂၀၁၀ ပြည့်နှစ် သြဂုတ်လတွင် ဒီလာဝယ်ပြည်နယ်၌  လူသိနည်းသည့် ဟေတီဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေအဖွဲ့ကို တည်ထောင်ခဲ့သည်။ ထိုရန်ပုံငွေအဖွဲ့သည် ၂၀၁၀ ခုနှစ် ဇန်နဝါရီလက ဟေတီ ငလျင်ကြီး လှုပ်ခတ်ခဲ့ပြီးနောက်ပိုင်း ဟေတီ စွန့်ဦးစီးပွားရေး လုပ်ငန်းရှင်များအတွက် ငွေအရင်းအနှီးများ စိုက်ထုတ်ပေးရန်အတွက် ဖြစ်သည်။
 
သို့သော် ထိုရန်ပုံငွေအဖွဲ့သည် စီမံကိန်းတစ်ခုကိုသာ ငွေကြေးအနည်းငယ်ထောက်ပံ့ခဲ့ကြောင်း နယူးယောက်ပို့စ်သတင်းဌာနက တွေ့ရှိခဲ့သည်။ ထို့နောက်ပိုင်း ရန်ပုံငွေအဖွဲ့သည် အကျိုးအမြတ်မယူသော အဖွဲ့အစည်းတစ်ခုအဖြစ် မဟုတ်တော့ဘဲ ပုဂ္ဂလိကလုပ်ငန်းတစ်ခုအဖြစ် ရပ်တည်ခဲ့သည်။ ကလင်တန်ဖောင်ဒေးရှင်းသည် ထိုဟေတီရန်ပုံငွေအဖွဲ့ကို ၎င်းတို့နှင့် ဆက်စပ်နေသည်ဟု မည်သည့်အချိန်ကမျှ မဖော်ပြခဲ့ပေ။ အသေးစိတ် စစ်ဆေးမှုများနှင့် မီဒီယာများ၏ ဖိအားတို့ကြောင့် ကလင်တန်ဖောင်ဒေးရှင်းသည် ၂၀၁၅ ခုနှစ်တွင် ငါးနှစ်စာ အခွန်ဆောင်မှုများကို မိမိသဘောဆန္ဒဖြင့် ထုတ်ပြန်သည့် အချိန်ရောက်မှ ထိုဟေတီ ရန်ပုံငွေအဖွဲ့အကြောင်း ပါလာခြင်းဖြစ်သည်။ 
 
ထိုရန်ပုံငွေအဖွဲ့ကို ယန်းမက်ဗစ်လင် ဆိုသူက ကြီးကြပ်ခဲ့သည်ဟု သိရသည်။  ဗစ်လင်သည် ကလင်တန်ဖောင်ဒေးရှင်း၌ အလုပ်လုပ်နေစဉ်မှာပင် ၂၀၁၀ ပြည့်နှစ်တွင် ဒေဝါလီ တစ်ကြိမ်ခံခဲ့ရသေးသည်။ ရန်ပုံငွေအဖွဲ့အား ကြီးကြပ်မှုအတွက် ဗစ်လင်သည် တစ်နှစ်ဝင်ငွေ ဒေါ်လာ ၁၀၀,၀၀၀ ရရှိကြောင်း ပိုဒီစတာ၏ ပေါက်ကြားခဲ့သည့် အီးမေးလ်များအရ သိရသည်။
 
ကလင်တန်ဖောင်ဒေးရှင်း၏ အကြီးဆုံး အလှူရှင်များထဲမှ တစ်ဦးဖြစ်သည့် ဂူစထရာမှာလည်း အငြင်းပွားမှုကိစ္စများနှင့်  မကင်းသူတစ်ဦးဖြစ်သည်။ ၂၀၀၅ ခုနှစ်က ဂူစထရာနှင့် သမ္မတကလင်တန်တို့သည် ကာဇက်စတန် နိုင်ငံသို့သွားပြီး ကာဇက်စတန် ခေါင်းဆောင်နှင့် တွေ့ဆုံခဲ့ကြသည်။ ယင်းခရီးစဉ်မတိုင်မီက ဂူစထရာသည် ဒေါ်လာသုံးဘီလျံကျော် တန်ဖိုးရှိသည့် ကာဇက်စတန်၏ အစိုးရမိုင်းတွင်း လုပ်ငန်းသုံးခုကို ရရှိခဲ့သည်။ ဂူစထရာအနေနှင့် ထိုကဲ့သို့ ကာဇက်စတန်မိုင်းတွင်း လုပ်ပိုင်ခွင့်များရရှိစေရန် ကလင်တန်က ကူညီပေးခဲ့သည်ဆိုသော စွပ်စွဲမှုများကို နှစ်ဦးစလုံးက ငြင်းဆိုခဲ့သည်။ 
 
ဟတီရန်ပုံငွေအဖွဲ့၏ ငွေအချို့မှာမူ ဟေတီ စွန့်ဦးစီးပွားရေးလုပ်ငန်းရှင်များ လက်ထဲသို့ ရောက်ခဲ့သည်ဟု သိရသည်။ ကလင်တန်ဖောင်းဒေးရှင်း၏ ထုတ်ပြန်ချက်တစ်ခုထဲတွင် ၂၀၁၁ ခုနှစ်က ဟေတီလက်မှုပညာသည် အုပ်စုသို့ ပထမဆုံးအနေနှင့်  ဒေါ်လာ ၄၁၅,၀၀၀ ရင်းနှီးမြှုပ်နှံခဲ့သည်ဟု ဖော်ပြခဲ့သည်။ ထို့နှစ်ထဲမှာပင် ဗစ်လင်၌  အကောင်အထည်ဖော်ရန် ကြီးမားသည့် စီမံကိန်းကြီးများရှိနေခဲ့ပြီး ဒေါ်လာ ၁၂ သန်း လိုအပ်နေခဲ့ကြောင်း အီးမေးလ်များထဲတွင် ဖော်ပြခဲ့သည်။ ထို့ ကြောင့် ဗစ်လင်သည် ပိုဒီစတာနှင့် တွေ့ဆုံရန် ခွင့်တောင်းခဲ့သည်ဟု သိရသည်။ ပိုဒီစတာထံ မှ ပြန်သည့်အီးမေးလ်ထဲတွင်မူ ဒေါ်လာ  ၁၂ သန်း ပေး မပေးကို နောက်တစ်နေ့မှအကြောင်း ပြန်မည်ဟု ဖော်ပြထားသည်။ ဗစ်လင်၏စီမံကိန်းများ အကောင်အထည် ဖော်ဖြစ်ခဲ့ပါက ကလင်တန်ဖောင်ဒေးရှင်း၏ အခွန်ဆောင်မှုကိုမူ ရှင်းရှင်းလင်းလင်း မသိခဲ့ရပေ။ 
 
ဗစ်လင်သည် ၂၀၁၃ ခုနှစ်တွင်း ကလင်တန်ဖောင်ဒေးရှင်မှ အလုပ်ထွက်သွားခဲ့ပြီး လက်ရှိတွင် တောင်ကယ်ရိုလိုင်းနားရှိ ဆေးရုံတစ်ခု၌ အလုပ်လုပ်နေကြောင်း သိရသည်။ ယခုကိစ္စနှင့် ပတ်သက်၍ ဗစ်လင်က တစ်စုံတစ်ရာ ဖြေကြားခဲ့ခြင်း မရှိပေ။

Most Read

Most Recent