မြန်မာအစိုးရအနေဖြင့် ရခိုင်ပြည်နယ်အရေးကို တရားဥပဒေ စိုးမိုးရေး၏ အခြေခံမူများအား အခြေခံပြီး တုံ့ပြန်ဆောင်ရွက်နေကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

မြန်မာအစိုးရအနေဖြင့် ရခိုင်ပြည်နယ်အရေးကို တရားဥပဒေ စိုးမိုးရေး၏ အခြေခံမူများအား အခြေခံပြီး တုံ့ပြန်ဆောင်ရွက်နေကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
Published 3 November 2016
ငြိမ်းကို

ဂျပန်နိုင်ငံသို့ တရားဝင်ချစ်ကြည်ရေး ခရီးရောက်ရှိနေသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က မြန်မာအစိုးရ အနေဖြင့် ရခိုင်ပြည်နယ်အရေးကို တရားဥပဒေစိုးမိုးရေး၏ အခြေခံမူများအား အခြေခံပြီး တုံ့ပြန်ဆောင်ရွက်နေကြောင်း ပြောကြားခဲ့သည်ဟု Reuters သတင်းဌာနက ဖော်ပြသည်။
ဂျပန်နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Fumio Kishida နှင့် နိုဝင်ဘာ ၃ ရက် ဒေသစံတော်ချိန် ၀၉း၄၅ နာရီတွင် The Imperial Hotel ၌ တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်က ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သတင်းတွင် ဖော်ပြသည်။
"ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ ပြဿနာဟာ အလွန်သိမ်မွေ့ပြီး တုံ့ပြန်ဆောင်ရွက်ရာမှာ အလွန်ဂရုစိုက်ဖို့ လိုပါတယ်။ မြန်မာအစိုးရအနေနဲ့ ရခိုင်ပြည်နယ်အရေးကို တရားဥပဒေ စိုးမိုးရေးရဲ့အခြေခံမူများကို  အခြေခံပြီး တုံ့ပြန်ဆောင်ရွက် နေပါတယ်" ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
 ဒေါ်အောင်ဆန်းစုကြည်နှင့် ဂျပန်နိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံဆွေးနွေးမှုတွင် ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက် တိုက်ခိုက်မှုများနှင့် ပတ်သက်၍ ထည့်သွင်း ဆွေးနွေးခဲ့ကြောင်း ဂျပန်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည်။
ဂျပန်နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Fumio Kishida က ရခိုင်ပြည်နယ် ပဋိပက္ခများကို ဖြေရှင်းရာတွင် ဂျပန်နိုင်ငံ အနေဖြင့် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ပြီး ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးအတွက် ဒေါ်အောင်ဆန်းစုကြည်၏ ဆောင်ရွက်မှုများကို ကြိုဆိုကြောင်း ပြောကြားခဲ့သည်ဟု သတင်းတွင် ဖော်ပြသည်။
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် NLD အစိုးရ တက်လာပြီးနောက် ပထမဆုံး ဖြစ်ပွားခဲ့သည့် အကြမ်းဖက် တိုက်ခိုက်မှုအဖြစ် အောက်တိုဘာ ၉ ရက် နံနက်ပိုင်းက မောင်တောမြို့နယ် မြောက်ပိုင်းရှိ အမှတ် (၁) နယ်ခြားစောင့် ရဲဌာနချုပ်၊ ငါးခူရစခန်းနှင့် ရသေ့တောင်မြို့နယ် ကိုးတန်ကောက် ရဲစခန်းများကို အကာလ်မူလ်မူဂျာဟီဒင်န် အဖွဲ့က အကြမ်းဖက်စီးနင်း တိုက်ခိုက်မှုကြောင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် ကိုးဦးကျဆုံးခဲ့ပြီး နယ်မြေရှင်းလင်းရေး လုပ်ငန်းများ ဆောင်ရွက်စဉ် တပ်မတော်သားငါးဦး ထပ်မံကျဆုံးခဲ့ကြောင်း အစိုးရက ထုတ်ပြန်ထားသည်။
ထို့ပြင် ဂျပန်နိုင်ငံ အနေဖြင့် ရခိုင်ပြည်နယ်မှ ပြည်သူများ အသုံးပြုရန်အတွက် သင်္ဘောအသစ် တစ်စင်းနှင့် တစ်ပတ်ရစ် သင်္ဘောနှစ်စင်း ပေးအပ်သွားမည်ဟုလည်း ဂျပန်နိုင်ငံခြားရေး ဝန်ကြီးက ပြောကြားခဲ့ကြောင်း သိရသည်။
နယ်ခြားစောင့်စခန်းသုံးခု တိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက်သမားများ လက်ထဲပါသွားသည့် လက်နက်များ ပြန်လည်ရရှိရေး၊ အကြမ်းဖက်သမားများ ရှာဖွေဖော်ထုတ် ဖမ်းဆီးရေးတို့ကို တပ်မတော်နှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့တို့က ဆောင်ရွက်လျက်ရှိရာ နိုင်ငံတကာ မီဒီယာများတွင် အခြေအနေမှန်ကို မျက်ကွယ်ပြုပြီး ပုံကြီးချဲ့ ပြောဆိုနေမှုများ၊ လူမျိုးရေးနှင့် ဘာသာရေး ဖိနှိပ်မှုအသွင် ကောလာဟလ သတင်းများ ထုတ်လွှင့်ရေးသားမှုများ ရှိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်နှင့် နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင်တို့ ခေါင်းဆောင်၍ ရန်ကုန်မြို့ရှိ ကုလသမဂ္ဂ ဌာနေညှိနှိုင်းရေးမှူး Ms Renata Dessallien နှင့် တရုတ်၊ အီဂျစ်၊ ဥရောပသမဂ္ဂ၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ထိုင်း၊ တူရကီ၊ အမေရိကန်နှင့် ဗြိတိန်သံအမတ်ကြီး၊ သံရုံးအကြီးအကဲများ ပါဝင်သည့် အဖွဲ့သည် ရခိုင်ပြည်နယ်၊ မောင်တောခရိုင်ရှိ ဖြစ်စဉ်ဖြစ်ပွားခဲ့ရာ ကျေးရွာများသို့ နိုဝင်ဘာ ၂ ရက် မှ ၃ ရက်အထိ လေ့လာရေးခရီး သွားရောက်ခဲ့ကြောင်း သိရသည်။
 

Most Read

Most Recent