ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့တွင် အောက်တိုဘာ ၃၁ ရက် နံနက် ၇ နာရီ မိနစ် ၃၀ က ဇနီးဖြစ်သူနှင့် လူမှုရေးဖောက်ပြန်သည်ဟုဆိုကာ ကားဖြင့်လိုက်တိုက်ခဲ့မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ဖြစ်စဉ်မှာ လားရှိုးမြို့ ရပ်ကွက်(၅) (၁၉)လမ်းတွင် အန်းတာ (ခ) ဘခိုင် (၄၄)နှစ် လားရှိုးမြို့ ရပ်ကွက် (၅)နေသူသည် 1K/ - - - - VIGO အဖြူရောင်ယာဉ်ဖြင့် ဦးလှမြင့် (ခ) ရန်ချင်ယု (၆၈) နှစ်အား ကားဖြင့်လိုက်တိုက်ခဲ့ကြောင်း သိရသည်။အဆိုပါဖြစ်စဉ်ကြောင့် အန်းတာ (ခ) ဘခိုင်အား ဖမ်းဆီးစစ်ဆေးရာ ဦးလှမြင့်(ခ) ရန်ချင်ယုနှင့် ၎င်း၏ဇနီးတို့သည် လူမှုရေး ဖောက်ပြန်နေကြောင်း ၎င်းစားမည့် အစာထဲတွင် အဆိပ်ခတ်ရန် ဇနီးဖြစ်သူအား ဦးလှမြင့် (ခ) ရန်ချင်ယုက ခိုင်းစေကြောင်း သိရှိရသဖြင့် ဦးလှမြင့် (ခ) ရန်ချင်ယုအား သေစေရန် ယခုကဲ့သို့ လမ်း၌တွေ့စဉ် ကားနှင့်လိုက်တိုက်ခြင်းဖြစ်ကြောင်း၊ ကားဖြင့်တိုက်သတ်ရန် မအောင်မြင်သဖြင့် ဦးလှမြင့်(ခ) ရန်ချန်ယုအား လုပ်ကြံ သတ်ဖြတ်ရန်အတွက် နေအိမ်တွင် ထားရှိသော ၎င်းကိုင်ဆောင်သည့် သေနတ်ဖြင့် ပစ်သတ်မည်ဖြစ်ကြောင်း၊ သေနတ်မှာ နေအိမ်ရှိ ၎င်းအိပ်သည့် ဆက်တီထိုင်ခုံရှည်ပေါ်ရှိ ခေါင်းအုံးအောက်တွင် ကျည်အသင့် ဖြည့်ထားကြောင်း ပြောဆိုသဖြင့် လားရှိုးမြို့မ ရဲစခန်းမှ တာဝန်ရှိသူများက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ ၎င်းအိပ်သည့် စတီခုံမွေ့ယာအောက်မှ SMITH WESSON အမျိုးအစား အမေရိကန်နိုင်ငံလုပ် VED MOD-5906 နံပါတ်ပါသေနတ်အား ၎င်းကျည် ၁၃ တောင့်နှင့် တွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ကားဖြင့်လိုက်တိုက်မှုကြောင့် ဦးလှမြင့် (ခ) ရန်ချင်ယု၏ ခါးတွင် ဒဏ်ရာရရှိခဲ့ကြောင်း၊ အန်းတာ(ခ)ဘခိုင်ဆိုသူမှာ ယခင်ကလည်း ဦးလှမြင့် (ခ) ရန်ချင်ယုအား ရန်စောင်ပြီး ကားဖြင့် လိုက်တိုက်ခဲ့ဖူးကြောင်း ယခုတစ်ကြိမ်နှင့်ဆိုပါက နှစ်ကြိမ်ရှိပြီ ဖြစ်ကြောင်းနှင့် ဦးလှမြင့်က ၎င်းအား ကားဖြင့်လိုက်လံတိုက်သတ် အသက်အန္တရာယ်ပြုသူ အန်းတာ (၄၄) နှစ်အား ဥပဒေအရ အရေးယူပေးပါရန် တိုင်တန်းသဖြင့် လားရှိုးမြို့မ ရဲစခန်းတွင် (ပ) ၄၂၆ရ/ ၁၆ ရာဇသတ်ကြီးပုဒ်မ-၃၀၇/၃၂၃ အရ စစ်ဆေးလျက်ရှိကြောင်း သိရသည်။
ဇနီးဖြစ်သူနှင့် လူမှုရေး ဖောက်ပြန်သည်ဟုဆိုကာ ကားဖြင့်လိုက်တိုက်သူ၏ နေအိမ်အား စစ်ဆေးရာ သေနတ်တစ်လက် သိမ်းဆည်းရမိ