မိုင်းရှူးမြို့၌ SSA (ဝမ်ဟိုင်း) အဖွဲ့ဝင် တစ်ဦးအား စစ်ဆေးရန်တားဆီးစဉ် ဆိုင်ကယ်မောင်းပြေးသဖြင့် ခြောက်လှန့်ပစ်ခတ်ရာ ကျည်ထိမှန်၍ အသေဖမ်းဆီး ရမိခဲ့ကြောင်း တပ်မတော်ပိုင် မြဝတီသတင်းစာ ဖော်ပြ

မိုင်းရှူးမြို့၌ SSA (ဝမ်ဟိုင်း) အဖွဲ့ဝင် တစ်ဦးအား စစ်ဆေးရန်တားဆီးစဉ် ဆိုင်ကယ်မောင်းပြေးသဖြင့် ခြောက်လှန့်ပစ်ခတ်ရာ ကျည်ထိမှန်၍ အသေဖမ်းဆီး ရမိခဲ့ကြောင်း တပ်မတော်ပိုင် မြဝတီသတင်းစာ ဖော်ပြ
Published 28 October 2016

ရှမ်းပြည်နယ်၊ တန့်ယန်း-မိုင်းရှူး ကားလမ်းပေါ်ရှိ မိုင်းရှူးမြို့ဝင်၊ မြို့ထွက်စစ်ဆေးရေးဂိတ်တွင် SSA (ဝမ်ဟိုင်း) အဖွဲ့ဝင်တစ်ဦး စီးနင်းလာသည့် ဆိုင်ကယ်အား စစ်ဆေးရန် တားဆီးစဉ် မရပ်တန့်ဘဲ ဆိုင်ကယ်မောင်းပြေးသဖြင့် စစ်သည်တစ်ဦးက ရပ်တန့်စေရန် ခြောက်လှန့်ပစ်ခတ်ရာ ကျည်ထိမှန်၍ အသေဖမ်းဆီး ရမိခဲ့ကြောင်း အောက်တိုဘာ ၂၈ ရက်ထုတ် တပ်မတော်ပိုင် မြဝတီသတင်းစာတွင် သတင်းဖော်ပြထားသည်။
SSA (ဝမ်ဟိုင်း) အဖွဲ့မှာ ရှမ်းတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ဖြစ်သည့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) အဖွဲ့ဖြစ်ပြီး အဆိုပါအဖွဲ့မှာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) တွင် ပါဝင်လက်မှတ် ရေးထိုးရခြင်း မရှိသေးသည့် အဖွဲ့ဖြစ်သည်။
အဆိုပါ သတင်းဖော်ပြချက်အရ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ မိုင်းရှူးမြို့တွင် SSA (ဝမ်ဟိုင်း) အဖွဲ့မှ လူသစ်စုဆောင်းခြင်းနှင့် မူးယစ်ဆေးဝါး သယ်ဆောင် ရောင်းဝယ်ခြင်းများ ဆောင်ရွက်နေကြောင်း သတင်းအရ တပ်မတော် စစ်ကြောင်းနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် တန့်ယန်း-မိုင်းရှူး ကားလမ်းပေါ်ရှိ မိုင်းရှူးမြို့ အဝင်ဂိတ်နေရာ၌ ယာဉ်အဝင်/အထွက်များ စစ်ဆေးဆောင်ရွက်စဉ် အောက်တိုဘာ ၂၆ ရက် နံနက် ၁၀ နာရီခန့်တွင် SSA (ဝမ်ဟိုင်း) အဖွဲ့မှ စိုင်းစိန် မောင်းနှင်လာသော SURF အမျိုးအစား နက်ပြာရောင် (လိုင်စင်မဲ့) မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးခဲ့ရာ ယာဉ်အတွင်းမှ လေသေနတ်တစ်လက်၊ ခဲဘူးတစ်ဘူးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထို့အတူ SSA (ဝမ်ဟိုင်း) အဖွဲ့မှ အမာခံသတင်းပေးနှင့် လူသစ်စုဆောင်းရေး တာဝန်ခံ ခိုဆုံကျေးရွာနေ အိုက်စုသည် မိုင်းရှူးမြို့တွင် ရောက်ရှိနေကြောင်းနှင့် အောက်တိုဘာ ၂၃ ရက် နံနက် ၉ နာရီခန့်က မိုင်းရှူးမြို့၊ ရပ်ကွက် (၄) တွင် နေထိုင်သော တောင်ယာလုပ်ငန်း လုပ်ကိုင်သူ ဒေသခံပြည်သူ ၁၂ ဦးကိုလည်း လူသစ်စုဆောင်း ခေါ်ဆောင်သွားကြောင်း သတင်းအရ ပူးပေါင်းအဖွဲ့ဖြင့် ဆက်လက်စောင့်ဆိုင်း စစ်ဆေးလျက်ရှိစဉ် နံနက် ၁၁ နာရီ ၁၅ မိနစ်ခန့်တွင် မိုင်းရှူးမြို့ အတွင်းမှ မြို့ပြင်ဘက်သို့ မော်တော်ဆိုင်ကယ် အပြင်းမောင်းနှင်လာသော အိုက်စုကို စစ်ဆေးရန် တားဆီးခဲ့ရာ ရပ်တန့်ခြင်းမရှိဘဲ ရဲတပ်ဖွဲ့ဝင် တစ်ဦးအား ဆိုင်ကယ်ဖြင့် ပွတ်တိုက်ကာ ထွက်ပြေးသွားခဲ့သဖြင့် မြို့ပြင်တွင် လုံခြုံရေး ဆောင်ရွက်နေသည့် တပ်မတော် စစ်ကြောင်းက နံနက် ၁၁ နာရီ မိနစ် ၂၀ ခန့် တွင် ထပ်မံတားဆီးရာ ရပ်တန့်ခြင်းမရှိဘဲ အရှိန်ပြင်းစွာ ဆက်လက်မောင်းနှင် ထွက်ပြေးသွားသဖြင့် စစ်သည်တစ်ဦးက ရပ်တန့်စေရန် သေနတ်ဖြင့် ခြောက်လှန့် ပစ်ခတ်ခဲ့ရာ SSA (ဝမ်ဟိုင်း) တပ်ဖွဲ့ဝင် အိုက်စုမှာ ကျည်ထိမှန်ခဲ့ပြီး နေရာတွင်ပင် အသေဖမ်းဆီးရမိခဲ့ကြောင်း မြဝတီသတင်းစာက ဖော်ပြရေးသားထားသည်။
ယင်းဖြစ်စဉ်တွင် ဖမ်းဆီးရမိခဲ့သည့် SSA (ဝမ်ဟိုင်း) အဖွဲ့မှ အဖွဲ့ဝင်တစ်ဦးနှင့် လက်နက်၊ ဆက်စပ် ပစ္စည်းတို့အား တရားဥပဒေအရ အရေးယူ ဆောင်ရွက်နိုင်ရေး မြို့နယ်ရဲတပ်ဖွဲ့စခန်းသို့ စနစ်တကျ အပ်နှံဆောင်ရွက် သွားမည်ဖြစ်ပြီး အသေဖမ်းဆီးရမိခဲ့သူအား မြို့နယ်ပြည်သူ့ဆေးရုံမှ ဆရာဝန်များဖြင့် ဆေးစစ်ချက်ရယူကာ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သေမှုသေခင်း ဖွင့်လှစ်၍ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း တပ်မတော်ပိုင် မြဝတီသတင်းစာ၏ သတင်းဖော်ပြချက်အရ သိရသည်။
ထိုသို့ မြဝတီသတင်းစာ၏ သတင်းဖော်ပြမှုနှင့် ပတ်သက်၍ SSPP/SSA တာဝန်ရှိသူများထံ ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။
တပ်မတော်နှင့် SSPP/SSA တို့အကြား ရင်ဆိုင်ထိတွေ့ တိုက်ပွဲများ ဖြစ်ပွားခြင်း မရှိသေးသော်လည်း တပ်မတော်အနေဖြင့် မိုင်းရှူးမြို့ပေါ်ဘက်မှ SSPP/SSA တပ်စခန်းများရှိရာဘက်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများ ရှိနေသဖြင့် စစ်ရေးတင်းမာနေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်ရာ လမ်းကြောင်းရှိ လွိုင်နိုင်းရွာမှ ဒေသခံများအား ရွာရပ်မိရပ်ဖများက ကျေးရွာမှ ခေတ္တတိမ်းရှောင်နေရန် ပြောကြားမှုများ ရှိသဖြင့် စစ်ရှိန်မြင့်လာနိုင်ကြောင်း SSPP/SSA ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးစိုင်းဆုက အောက်တိုဘာ ၂၇ ရက်တွင် ပြောကြားထားသည်။

Most Read

Most Recent