အပစ်ရပ်စဲရေး စာချုပ်တွင် လက်မှတ် မရေးထိုးရသေးသည့် အဖွဲ့များ ပါဝင်လာအောင် နည်းလမ်းများ ရှာရမည်ဖြစ်ပြီး အဆိုပါ အဖွဲ့များကလည်း ပါဝင်လာရန် စိတ်အားထက်သန်ဖို့ လိုအပ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြား

အပစ်ရပ်စဲရေး စာချုပ်တွင် လက်မှတ် မရေးထိုးရသေးသည့် အဖွဲ့များ ပါဝင်လာအောင် နည်းလမ်းများ ရှာရမည်ဖြစ်ပြီး အဆိုပါ အဖွဲ့များကလည်း ပါဝင်လာရန် စိတ်အားထက်သန်ဖို့ လိုအပ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြား
Published 28 October 2016
စိုးမင်းထိုက်

အပစ်ရပ်စဲရေး စာချုပ်တွင် လက်မှတ်မရေးထိုး ရသေးသည့် အဖွဲ့များ ပါဝင်လာအောင် နည်းလမ်းများ ရှာရမည်ဖြစ်ပြီး အဆိုပါ အဖွဲ့များကလည်း ပါဝင်လာရန် စိတ်အားထက်သန်ဖို့ လိုအပ်ကြောင်း UPDJC ဥက္ကဋ္ဌ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစည်းအဝေးအား အောက်တိုဘာ ၂၈ ရက်တွင် နေပြည်တော်ရှိ သင်္ဂဟဟိုတယ်တွင် စတင်ကျင်းပခဲ့ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ ပြည်ထောင်စုဝန်ကြီးများ၊ တပ်မတော်မှ အရာရှိများ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်က “NCA မှာ လက်မှတ် မထိုးရသေးတဲ့သူတွေ ပါဝင်လာနိုင်အောင် ဘယ်လိုလုပ်ရမလဲဆိုတဲ့ နည်းတွေကိုလည်း ရှာရပါလိမ့်မယ်။ လက်မှတ်မထိုးရသေးတဲ့ သူတွေကလည်း ပါဝင်လာဖို့ စိတ်အားထက်သန်လာဖို့ လိုပါတယ်။ ကျွန်မတို့အနေနဲ့ အားလုံးပါဝင်နိုင်ရေးကို ဦးတည်ပါတယ်။ အားလုံးပါဝင်နိုင်ရေးဟာ အားလုံးကို ကိုယ်စားပြုတဲ့ ပုဂ္ဂိုလ်များ ပါဝင်နိုင်ရေး ဆိုတာကို ဆိုလိုတာပါ။  တိုင်းရင်းသား လူမျိုးစုငယ်လေးတွေက စိုးရိမ်ပူပန်ကြပါတယ်။ သူတို့ကျန်ရစ်ခဲ့မှာလား။ နောက်ပြီးတော့ လက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ ဆက်သွယ်မှုမရှိတဲ့ တိုင်းရင်းသား လူမျိုးစုတွေကလည်း သူတို့ကျန်ရစ်ခဲ့မှာလား ဆိုပြီး စိုးရိမ်ပူပန်မှုတွေ ဖြစ်လာပါတယ်။ အားလုံး ပါဝင်နိုင်အောင်လို့ စီစဉ်သွားမှာ ဖြစ်ပါတယ်။ အမျိုးသားအဆင့် ဆွေးနွေးပွဲတွေနဲ့ ပတ်သက်ပြီးတော့ စမ်းသပ်ကာလ ရောက်ပြီလို့ ထင်ပါတယ်” ဟု အဖွင့်မိန့်ခွန်းတွင် ပြောကြားသည်။
ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အပစ်အခတ်ရပ်စဲရေး စာချုပ်ကို လက်မှတ်ရေးထိုးထားသည့် အစုအဖွဲ့များနှင့် လက်မှတ်မထိုးရသေးသည့် အဖွဲ့များလည်း ရှိနေကြောင်း၊ ထို့အတွက် အားလုံးတစုတစည်းတည်း ပါဝင်နိုင်အောင် လုပ်ဆောင်ရန် တစ်ဦးချင်း တစ်ဦးချင်းတွင် တာဝန်ရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
“အမှန်တကယ် ငြိမ်းချမ်းရေး လိုချင်တယ် ဆိုရင်တော့ ဒီစားပွဲမှာ ထိုင်နေသူတွေရော၊ မထိုင်နေတဲ့ သူတွေရော၊ ငြိမ်းချမ်းရေးကို ဆောင်ရွက်နေတဲ့ သူတွေနဲ့ ဆက်နွှယ်နေတဲ့သူ အားလုံးဟာ တစ်ဦးချင်း တစ်ဦးချင်းမှာ တာဝန်ရှိတယ်လို့ ခံယူစေချင်ပါတယ်။ ဒါကြောင့် အပစ်အခတ် ရပ်စဲရေး စာချုပ်ကို လက်မှတ် မရေးထိုးရသေးတဲ့ အစုအဖွဲ့များ ပါဝင်လာနိုင်အောင် ဘယ်လိုလုပ်ရမလဲဆိုတဲ့ နည်းတွေကိုလည်း ရှာရပါလိမ့်မယ်။ လက်မှတ်မရေးထိုးရသေးတဲ့ အစုအဖွဲ့တွေကလည်း ပါဝင်လာဖို့  စိတ်အားထက်သန်ဖို့ လိုပါတယ်။ ငြိမ်းချမ်းရေး လမ်းဆိုတာ တစ်လမ်းပဲ ရှိပါတယ်။ ပဋိပက္ခရပ်စဲရေးလမ်းပဲ။ ပဋိပက္ခမရပ်စဲဘဲနဲ့ ငြိမ်းချမ်းတယ်ဆိုတာ ဘယ်လိုမှ လက်တွေ့ကျတဲ့ကိစ္စ ဖြစ်နိုင်တယ် မဟုတ်ပါဘူး။ အပြောပဲရှိမယ်၊ အဖြစ်မရှိဘူး။ ပဋိပက္ခရပ်စဲရေး လမ်းကြောင်းကို အားလုံးဦးတည်ရမှာ ဖြစ်ပါတယ်။ အားလုံးက ဝိုင်းပြီးတော့ စဉ်းစားစေချင်တယ်” ဟု ၎င်းက ပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည်က ငြိမ်းချမ်းရေးအတွက် အချိန်မဆွဲ သင့်တော့ကြောင်း၊ နိုင်ငံအနေဖြင့် အချိန်ဆွဲ၍ မရတော့ကြောင်း၊ ထို့အတွက် ငြိမ်းချမ်းရေးရရှိရန် အားလုံးပူးပေါင်း ဆောင်ရွက်ကြရန် လိုအပ်ကြောင်း တိုက်တွန်းပြောကြားသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က “အချိန်ကို သိပ်မဆွဲပါနဲ့။ ကျွန်မတို့ကို အချို့က ပြောပါတယ်။ အချိန်ပေးပါဦး။ အချိန်ကို မပေးချင်လို့ မဟုတ်ဘူး။ အချိန်ကို မဆွဲချင်လို့။ အချိန်ဆွဲတာနဲ့ အချိန်ပေးတာ မတူပါဘူး။ အချိန်ပေးတယ်ဆိုတာ လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်တွေ ပြီးမြောက်အောင်လုပ်ဖို့ အချိန်ပေးခြင်း ဖြစ်ပါတယ်။ အချိန်ဆွဲတယ် ဆိုတာက တကယ်လုပ်ဖို့ မလိုအပ်ဘဲ အကြောင်းကြောင့်မို့လို့ ဆုံးဖြတ်ချက် မချချင်လို့ အချိန်ကို မကုန်ကုန်အောင် လုပ်ထားတာက အချိန်ဆွဲခြင်း ဖြစ်ပါတယ်။ အချိန်ဆွဲနိုင်တဲ့ အခြေအနေမှာ မရှိပါဘူး။ ကျွန်မတို့ နိုင်ငံဟာ အချိန်ဆွဲလို့ မရပါဘူး။ ဆယ်စုနှစ်တွေနဲ့ ချီပြီးတော့ ငြိမ်းချမ်းရေးကို ငတ်မွတ်နေခဲ့တဲ့ နိုင်ငံဖြစ်ပါတယ်။ ဘယ်လောက်လောက် အချိန်ယူချင်သေးလဲ။ အချိန်ယူဖို့ ဆိုတာကတော့ ငြိမ်းချမ်းရေး ညီလာခံထဲဝင်ပြီး အချိန်ယူ ဆွေးနွေးကြပါ။ ဒီလိုပဲ တိုက်တွန်းချင်ပါတယ်။ ငြိမ်းချမ်းရေး ညီလာခံ ပြင်ပကနေပြီးတော့ အချိန်မဆွဲပါနဲ့။ အားလုံး ပါဝင်ကြပါ။ ဒီလိုပြောခြင်းအားဖြင့် လက်မှတ်မရေးထိုး ရသေးတဲ့ အဖွဲ့တွေရဲ့ အနေအထားကို နားလည်မှုမပေးတာ မဟုတ်ပါဘူး။ နားလည်မှု ပေးပါတယ်။ ဒါပေမဲ့လည်း ဟိုဘက်ကလည်း ကျွန်မတို့ကို နားလည်မှု ပေးစေချင်ပါတယ်။ အချိန်ဆိုတာ အကန့်အသတ်နဲ့ ရှိပါတယ်။ အားလုံး ကြားဖူးကြပါတယ်။ အချိန်နဲ့ ဒီရေဟာ လူကိုမစောင့်ဘူး ဆိုတာ။ ဒီအချိန်တွေကို မှန်မှန်ကန်ကန် သုံးစွဲဖို့ လိုပါတယ်။ ဒါကြောင့် ဒုတိယပင်လုံ အစည်းအဝေးကို ဖေဖော်ဝါရီလမှာ ကျင်းပမယ်လို့ ကျွန်မတို့ မျှော်မှန်းထားပါတယ်။ အဲဒီအစည်းအဝေး မကျင်းပမီ ကျွန်မရဲ့ မျှော်လင့်ချက်ကတော့ အားလုံးဟာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ကို ရေးထိုးပြီးတော့ ငြိမ်းချမ်းရေး ညီလာခံကြီးထဲမှာ အပြည့်အ၀ ပါဝင်လာနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ဒီမျှော်လင့်ချက်ကိုလည်း အကောင်အထည်ဖော်နိုင်ဖို့ ကျွန်မတို့ ကြိုးစားပါမယ်။ အားလုံးကလည်း ဝိုင်းပြီးကြိုးစားပေးကြပါလို့ မေတ္တာရပ်ခံချင်ပါတယ်” ဟု ပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည်က UPDJC အဖွဲ့အား အလေးထားကြောင်း၊ တန်ဖိုးထားကြောင်း၊ UPDJC နှင့် မကြာခဏ တွေ့ချင်ကြောင်း၊ အမြဲတမ်းတွေ့နေမှ အားလုံးလိုချင်သည့် ငြိမ်းချမ်းရေးကို အမြန်ဆုံး ရောက်ရှိနိုင်မည် ဖြစ်ကြောင်း၊ UPDJC နှင့် NRPC အတွက် လိုအပ်သည့် ရန်ပုံငွေများကို NRPC မှ ဦးဆောင်ပြီး ရှာမည်ဖြစ်ကြောင်း၊ တာဝန်ယူကြောင်း ဆက်လက် ပြောကြားသည်။
“အားလုံးက ကျွန်မတို့ကို ကူညီချင်ကြတယ်။ အလှူရှင်တွေ အင်မတန်မှ များပါတယ်။ ဘာလို့ အလှူရှင် များနေလဲဆိုတော့ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး ရတာကို မြင်ချင်ကြလို့ပါပဲ။ အဲဒီအလှူရှင်တွေက အိမ်နီးနားချင်း နိုင်ငံတွေ မဟုတ်ပါဘူး။ အဝေးကြီးကပါ။ အားလုံးက တက်တက်ကြွကြွနဲ့ ပါဝင်နိုင်တဲ့ အဆင့်ကို သွားဖို့အတွက် ကြိုးပမ်းမှာ ဖြစ်ပါတယ်။ အားလုံးက ဝိုင်းဝန်းကူညီကြပါလို့ ပြောချင်ပါတယ်” ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။        
 

Most Read

Most Recent