ဇန်နဝါရီလက ၁၀ နှစ်အရွယ် မိန်းကလေးကို သားမယားပြုကျင့်ပြီး မတ်လတွင် အမျိုးသမီးတစ်ဦးအား ဓားဖြင့်ထိုးကာ နားကပ်လုယက်ခဲ့သူကို သာကေတမြို့နယ်၌ ဖမ်းဆီးရမိ

ဇန်နဝါရီလက ၁၀ နှစ်အရွယ် မိန်းကလေးကို သားမယားပြုကျင့်ပြီး မတ်လတွင် အမျိုးသမီးတစ်ဦးအား ဓားဖြင့်ထိုးကာ နားကပ်လုယက်ခဲ့သူကို သာကေတမြို့နယ်၌ ဖမ်းဆီးရမိ
Published 27 October 2016
မင်းသိန်းနိုင်၊ သန့်ဇင်ကျော်

၂၀၁၆ ခုနှစ် ဇန်နဝါရီတွင် ၁၀ နှစ်အရွယ် မိန်းကလေးကို သားမယားပြုကျင့်ပြီး မတ်လတွင် အမျိုးသမီးတစ်ဦးကို ဓားဖြင့်ထိုးသတ်ကာ ရွှေနားကပ်လုယက်ခဲ့သော ကျူးလွန်သူအား သာကေတမြို့နယ်တွင် ဖမ်းဆီး ရမိခဲ့ကြောင်း အောက်တိုဘာ ၂၇ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ သိရသည်။၎င်းကို သာကေတမြို့နယ်တွင် အခြားပြစ်မှုတစ်ခု ကျူးလွန်မှုဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ၎င်းမှာ၂၀၁၆ ခုနှစ် ဇန်နဝါရီတွင် မြောက်ဒဂုံမြို့နယ်၌ ၁၀ နှစ်အရွယ် မိန်းကလေးကို သားမယားပြုကျင့်မှုနှင့် မတ်လတွင် ရွှေပြည်သာမြို့နယ်၌ အမျိုးသမီးတစ်ဦးကို သတ်၍ နားကပ်လုယက်မှုတို့ကို ကျူးလွန်ခဲ့ခြင်း ဖြစ်ကြောင်း တာဝန်ရှိသူများ၏ စစ်ဆေးချက်အရ သိရသည်။ရွှေပြည်သာမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်မှာ ၂၀၁၆ ခုနှစ် မတ် ၁၉ ရက် နံနက် ၃ နာရီခန့်တွင် ရွှေပြည်သာမြို့နယ်၊ လှော်ကား၊ ၂၆ ရပ်ကွက်နေ အသက် ၄၅ နှစ်ဝန်းကျင်ခန့်ရှိ အမျိုးသမီးတစ်ဦးမှာ လှော်ကားဘူတာအနီး ရထားသံလမ်း နံဘေးတွင် ရင်ညွန့်ထိုးသွင်းဒဏ်ရာ၊ နဖူးပေါက်ပြဲဒဏ်ရာတို့ ရရှိကာလဲကျနေသည်ကို တွေ့ရှိခဲ့ရသဖြင့် ပတ်ဝန်းကျင်ရှိလူများက အဆိုပါအမျိုးသမီးအား အင်းစိန်ဆေးရုံသို့ တင်ပို့ကုသစဉ် သေဆုံးသွားခဲ့ခြင်း ဖြစ်ပြီး အဆိုပါဖြစ်စဉ်ကို လှော်ကားနယ်မြေ ရဲစခန်းက (ပ)၁၆၂/၂၀၁၆ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ကာ ကျူးလွန်သူအား ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။တာဝန်ရှိသူများက ကျူးလွန်သူအား ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ရာ ခိုး၊ ဆိုး၊ လု၊ နှိုက် ပြစ်ချက်ဟောင်းရှိသူ ကော့မှူးမြို့နယ်နေ ခင်ညွန့် (ခ) မျိုးထက်အား သာကေတမြို့မ ရဲစခန်းတွင် စက်ဘီးခိုးမှုဖြင့် ဖမ်းဆီးရမိထားကြောင်းနှင့် ၎င်းကို ရွှေပြည်သာမြို့နယ်တွင် ဖြစ်ပွားခဲ့သော လူသတ်မှုနှင့် ပတ်သက်၍ မသင်္ကာဖွယ် စုံစမ်းသိရှိရသဖြင့် ဆက်လက်စစ်ဆေးခဲ့သည်။စစ်ဆေးချက်အရ ၎င်းသည် ရွှေပြည်သာမြို့နယ်၊ လှော်ကား၊ ရထားသံလမ်းနံဘေး၌ ဓားထိုးဒဏ်ရာများဖြင့် သေဆုံးခဲ့သူအမျိုးသမီးနှင့် သိကျွမ်းသူ ဖြစ်ကြောင်း၊ အခင်းဖြစ်သည့် နေ့နံနက် ၁ နာရီ ဝန်းကျင်ခန့်က အခင်းဖြစ်နေရာတွင် အဆိုပါအမျိုးသမီးနှင့် တွေ့ဆုံခဲ့ပြီး နားကပ်အား အသုံးလို၍ တောင်းခဲ့ကြောင်း၊ ယင်းသို့တောင်းရာ မပေးသဖြင့် စကားများရာမှ ဓားဖြင့်ထိုး၍ နားကပ်အား လုယူခဲ့သည်ဟု ဝန်ခံ ထွက်ဆိုခဲ့ကြောင်း သိရသည်။“လှော်ကား လူသတ်မှု ဖြစ်စဉ်မှာ ဖြစ်ပြီးတဲ့နောက်ပိုင်းမှာ ကျွန်တော်တို့ စစ်ဆေးတယ်။ အမှုက မသင်္ကာတဲ့ ခင်ညွန့်ဆိုတဲ့သူ ပျောက်နေလို့ ကျွန်တော်တို့ ရှာဖွေနေတာ ဖြစ်ပါတယ်။ သူက မျိုးအောင်နာမည်နဲ့ သာကေတမှာ ပြစ်မှုကျူးလွန်ပြီး အောက်တိုဘာ ၂၁ ရက်မှာ အဖမ်းခံရတာ ဖြစ်ပါတယ်။ သူ့ကို ခရိုင် ဒ/န အဖွဲ့က မသင်္ကာလို့ စစ်ဆေးတော့ လှော်ကားမှာ ပြစ်မှုကျူးလွန်တဲ့ ခင်ညွန့်ဆိုတဲ့သူ ဖြစ်ကြောင်း သိရလို့ ကျွန်တော်တို့နယ်မြေ ရဲစခန်းကို ခေါ်ဆောင်လာတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ထပ်မံစစ်ဆေးတဲ့အခါမှာလည်း သူကိုယ်တိုင်ကလည်း ဝန်ခံတယ်။ သေဆုံးတဲ့ အမျိုးသမီးဆီက လုသွားတဲ့ နားကပ်ကိုလည်း သိမ်းဆည်း ရမိပါတယ်” ဟု လှော်ကားနယ်မြေ ရဲစခန်းက ရဲအရာရှိတစ်ဦးက ပြောကြားသည်။ဆက်လက်စစ်ဆေးရာ ၎င်းမှာ ၂၀၁၆ ခုနှစ် ဇန်နဝါရီလအတွင်းက ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ် ဘုရားပွဲဈေးတွင်လည်း အသက် ၁၀ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးအား သားမယားပြုကျင့်ကာ တိမ်းရှောင်နေ သူတစ်ဦး ဖြစ်ကြောင်းသိရပြီး ၎င်းကို အခြားပြစ်မှုများ ကျူးလွန်ထားခြင်း ရှိ၊ မရှိ ဆက်လက် စစ်ဆေးလျက်ရှိကြောင်း သိရသည်။