အနောက်ဘက်တံခါးမှာ ကောက်ရိုးမီး လုံခြုံရေးမျိုး မဖြစ်ပါစေနဲ့

အနောက်ဘက်တံခါးမှာ ကောက်ရိုးမီး လုံခြုံရေးမျိုး မဖြစ်ပါစေနဲ့
Published 24 October 2016
သားရွှေဦး (ကစ္ဆပ)

အောက်တိုဘာ ၁၉ ရက် ညနေပိုင်းက မောင်တောအလိုတော်ပြည့် ကျောင်းတိုက်မှာ ဖွင့်လှစ်ထားတဲ့ ဒုက္ခသည်စခန်းကို နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင် ရောက်ရှိလာပြီး ဆရာတော်ကို လုံခြုံရေး ဆောင်ရွက်ထားမှုတွေနဲ့ လျှောက်ထားခဲ့ပါတယ်။အဲဒီလို လျှောက်ထားစဉ်မှာ ဆရာတော်က မောင်တောနယ်စပ်ကို လုံခြုံရေး ဆောင်ရွက်တဲ့အခါ ကောက်ရိုးမီးလို မဖြစ်ပါစေနဲ့၊ ရေရှည်လုံခြုံရေး ကောင်းမွန်အောင် လုပ်ပေးပါလို့ ဆရာတော်က မိန့်ကြားခဲ့ပါတယ်။အောက်တိုဘာ ၉ ရက်မှာ မောင်တောမြို့နယ်နဲ့ ရသေ့တောင် မြို့နယ်ထဲက အမှတ် (၁) နယ်ခြားစောင့်ရဲ ကွပ်ကဲမှု ဌာနချုပ် (ကျီးကန်းပြင်)၊ ကိုးတန်ကောက် ရဲကင်းစခန်းနဲ့ ငါးခူရ နယ်မြေရုံးများကို အကြမ်းဖက် သမားများက အလစ်အငိုက်ရယူ အကြမ်းဖက် စီးနင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တဲ့အတွက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် စုစုပေါင်း ကိုးဦး ကျဆုံးခဲ့ပြီးတော့ လက်နက်မျိုးစုံ ၄၈ လက်၊ ကျည်မျိုးစုံ ၆၆၂၄ တောင့်၊ လှံစွပ် ၄၇ ချောင်း၊ ကျည်အိမ် ၁၆၄ ခု ဆုံးရှုံးခဲ့တယ်လို့ အစိုးရက သတင်းထုတ်ပြန်ခဲ့ပါတယ်။မောင်တော အကြမ်းဖက်မှုကို RSO တွေ လုပ်တယ်ဆိုတာကို ဒေသခံ ရခိုင်တိုင်းရင်းသားတွေက အစောကြီး ကတည်းက ပြောခဲ့တာ ရှိပါတယ်။အဲဒီနောက်ပိုင်းမှာ မောင်တော အကြမ်းဖက်မှုကို RSO အကြမ်းဖက် အဖွဲ့နှင့် ဆက်နွှယ်သော အကြမ်းဖက်သမားများက လုပ်ဆောင်ခဲ့တယ်လို့ သမ္မတရုံးက ထုတ်ပြန်ခဲ့ပါတယ်။ မောင်တောဒေသမှာ အကြမ်းဖက် ဖြစ်စဉ်တွေဟာ အစိုးရ အဆက်ဆက်မှာ ဖြစ်ပေါ်ခဲ့တာပါ။ ဒါပေမဲ့ ကောက်ရိုးမီးလိုဖြစ်ပြီးစ အခြေအနေမှာ လုံခြုံရေးကို တင်းတင်းကျပ်ကျပ် ဆောင်ရွက်ပေမယ့် ရေရှည် အစီအမံတွေ မလုပ်ဆောင်ခဲ့နိုင်တာကြောင့် အကြမ်းဖက်မှုတွေဟာ ထပ်ကာထပ်ကာ ဖြစ်ပေါ်နေတာပါ။ ဒါ့အပြင် ဘင်္ဂါလီလူဦးရေ တိုးပွားလာမှု မထိန်းချုပ်နိုင်ခဲ့သလို ကျေးရွာတွေ၊ နေအိမ်တွေ တည်ဆောက်ရာမှာလည်း ဥပဒေနဲ့အညီ ကိုင်တွယ်နိုင်ခြင်း မရှိခဲ့ပါဘူး။ ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ဘူးသီးတောင်၊ မောင်တောဒေသအတွင်း ရပ်ကွက်ပေါင်း ၁၇ ရပ်ကွက်၊ ကျေးရွာအုပ်စုပေါင်း ၂၀၄ ခု၊ ကျေးရွာ ၉၀၅ ရွာအနက် ရခိုင်တိုင်းရင်းသားကျေးရွာမှာ ၃၄၉ ရွာရှိပြီး ဘင်္ဂါလီကျေးရွာမှာ ၅၃၆ ရွာရှိကြောင်း၊ တိုင်းရင်းသားနှင့် ဘင်္ဂါလီ အတူပူးတွဲနေထိုင်သည့် ကျေးရွာပေါင်း ၂၀ ရှိတယ်လို့ အောက်တိုဘာ ၁၇ ရက်က ပြန်ကြားရေး ဝန်ကြီးဌာနရုံးမှာလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ဒါ့အပြင် တိုင်းရင်းသား လူဦးရေမှာ ၁၂၂၀၄၁ ဦးရှိပြီးတော့ အိန္ဒိယတိုင်းရင်းသား ၅၀၃၁ ဦးရှိပြီး ဘင်္ဂါလီလူဦးရေမှာ ၇၆၅၈၆၂ ဦး ရှိတယ်လို့လည်း သိရပါတယ်။၂၀၁၂ ခုနှစ် ဇွန် ၈ ရက်က ဘင်္ဂါလီတွေ အကြမ်းဖက် မီးရှို့ခဲ့တဲ့ တိုင်းရင်းသားကျေးရွာတွေမှာ နေထိုင်တဲ့ တိုင်းရင်းသားတွေဟာ စိတ်မလုံမခြုံနဲ့ ဘဝကို ရှင်သန်နေကြရတာပါ။ နေအိမ် ၁၀၀ သာသာ ရှိတဲ့ ရခိုင်ရွာတွေကို အိမ်ခြေပေါင်း ထောင်ချီရှိနေတဲ့ ဘင်္ဂါလီရွာတွေက ဝိုင်းရံ တည်ရှိနေကြပြီး အဓိက လမ်းတွေဟာလည်း ဘင်္ဂါလီ ရွာကြီးတွေကို ဖြတ်သန်းဖောက်လုပ်ထားပါတယ်။ လူနည်းစု တိုင်းရင်းသားများဟာ သွားသတိ လာသတိနဲ့ လှုပ်ရှားနေရပြီး တောထဲတောင်ထဲ၊ ချောင်းထဲ၊ မြောင်းထဲကို တစ်ယောက်တည်း သွားလို့ မရကြပါဘူး။ ဒီလို စိတ်လုံခြုံမှု မရှိတော့တဲ့ အခြေအနေမှာမှ လက်နက်ကိုင် လုံခြုံရေး စခန်းကြီးကိုမှ ဝင်ရောက်အကြမ်းဖက် တိုက်ခိုက်တယ်။ လက်နက်တွေ ယူသွားတယ်ဆိုတဲ့ အကြမ်းဖက်မှု ဖြစ်စဉ်ကြောင့် တိုင်းရင်းသားတွေ ရပ်ရွာမှာ မနေရဲတော့ဘဲ နေရပ်စွန့်ခွာ ထွက်ပြေးသူ ထောင်ချီ ရှိခဲ့ပါတယ်။“လုံခြုံရေးရှိမှ ကျွန်မတို့ ပြန်နိုင်ပါမယ်။ လုံခြုံရေး မရှိရင် ပြေးနေရတော့ အသက်အိုးအိမ်ကို စိုးရိမ်ရတယ်။ သားသမီးတွေကို အရမ်း စိုးရိမ်တယ်။ အစမကောင်းလို့ အနှောင်းမသေချာလို့ ပြောရပါမယ်။ ပထမဖြစ်တဲ့ ကုလားဆိုး မီးရှို့တဲ့ အခါမှာကတည်းက စစ်အာဏာကို သုံးဖို့ လိုတယ်။ နယ်စပ်ဒေသဖြစ်လို့ ကုလားဆိုးတွေက ပုန်းပြီး သေနတ်နဲ့ ပစ်လို့လည်း ရတယ်။ ရွာတွေမှာ ဘင်္ဂါလီတွေက အများကြီးပဲ ဝိုင်းခုတ်ပြန်ရင်လည်း ရတယ်။ သူတို့က ပြောတယ်။ ဘင်္ဂါလီ တစ်ယောက်၊ ရခိုင်တစ်ယောက် ပင်လယ်မှာ ဆင်းသေရင်တောင် ကျန်တဲ့သူက ဒီမြေကို ရမယ်လို့ ပြောတယ်။ ဘင်္ဂါလီတွေက အများကြီး ကျွန်မတို့ရွာကို သွားကြည့်ရင် မြင်ရပါလိမ့်မယ်။ ဒါကြောင့် စစ်အင်အားက အရေးကြီးတယ်။ စစ်အင်အားက လိုအပ်နေပါတယ်” ဟု ဒေါ်ရီရီသန်းက ပြောကြားသည်။အစိုးရက ဘာပြောသလဲအောက်တိုဘာ ၁၉ ရက် ၂၀ ရက် ပြည်ထောင်စုဝန်ကြီးများ ဖြစ်တဲ့ နယ်စပ်ရေးရာဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲအောင်၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ နယ်/လုံဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်း၊ လူမှုရေးဝန်ကြီး ဒေါက်တာ ချမ်းသာတို့ မောင်တောခရိုင်သို့ ရောက်ရှိပြီး ကယ်ဆယ်ရေးစခန်းတွေဆီ သွားပြီး ကျေးရွာတွေမှာ လုံခြုံရေး ချပေးထားပြီဖြစ်ကြောင်း၊ နယ်ရပ်ပြန်လိုသူများကို လုံခြုံရေးဖြင့် ပို့ဆောင်ပေးမယ်လို့ ပြောကြားခဲ့ပါတယ်။ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာက “နံပါတ် (၁) ဒုက္ခသည် နေရပ်ပြန်ဖို့၊ သူတို့စိတ်ထဲမှာ သူတို့လုံခြုံမှ သူတို့ ပြန်ချင်တဲ့စိတ်ရှိမှ ကျွန်တော်တို့ ပြန်ပို့မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ မေးမြန်းတဲ့အခါ သူတို့ ပြန်ချင်တယ်။ ပြန်ချင်ပေမယ့် အချက်နှစ်ချက်ကို သူတို့ တင်ပြတယ်။ အဓိက အချက်က လုံခြုံရေးကိစ္စ၊ နံပါတ် (၂) က စားနပ်ရိက္ခာ အဲဒီနှစ်ခုလုံး ပြည့်စုံအောင် ကျွန်တော်တို့ ဆောင်ရွက်နေပါတယ်။ လုံခြုံရေးနဲ့ ပတ်သက်လို့တော့ ကျွန်တော်တို့ တိုင်းရင်းသား ကျေးရွာတွေမှာ ကျွန်တော်တို့ ကာကွယ်ရေးစခန်းတွေ လုံခြုံရေး စခန်းတွေ ဆောက်နေပါတယ်။ မနက်ဖြန်က စပြီး တည်ဆောက်မှာပါ။ လုံခြုံရေး အခိုင်အမာပေးပြီး ဌာနေတိုင်းရင်းသားတွေကို ကာကွယ်ပေးဖို့ ဖြစ်ပါတယ်။ အဲဒီလို ကာကွယ်ပေးခြင်းအားဖြင့် သူတို့ မိသားစုတွေ လုံခြုံနေမှန်း သိတဲ့အခါမှာ အဝေးကို ရောက်နေတဲ့ မိသားစုတွေ ပြန်လာဖို့ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီရွာတွေက ပျက်သွားတာ မဟုတ်ဘူး။ ရွာတွေမှာ ကျွန်တော်တို့ အိမ်ရှင်တွေ ကျန်ခဲ့တယ်။ ယောက်ျားတွေ ကျန်ခဲ့တယ်။ သူတို့တွေရဲ့ လယ်ယာကိုင်းကျွန်းတွေ ကျန်ခဲ့တယ်။ သူတို့လည်း ကိုယ့်ရွာကို ကိုယ်ပြန်ချင်ကြတယ်။ ဒါပေမဲ့ လုံခြုံရေးကို စိုးရိမ်လို့ နိုင်ငံတော် အစိုးရက လုံခြုံရေးကို တာဝန်ယူ ဆောင်ရွက်ပေးဖို့ ဖြစ်ပါတယ်” လို့ ပြောပါတယ်။အောက်တိုဘာ ၁၇ ရက်က မောင်တောမြို့ကို ရောက်လာတဲ့ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေကတော့ မြန်မာနိုင်ငံတွင် နေထိုင်သူတိုင်းဟာ မြန်မာနိုင်ငံရဲ့ တရားဥပဒေ စိုးမိုးမှုအောက်မှာ နေထိုင်ရမှာဖြစ်ပြီးတော့ မနေနိုင်သူတွေ ထွက်သွားနိုင်တယ်လို့ သတင်းမီဒီယာတွေနဲ့ တွေ့ဆုံရာမှာ ပြောသွားပါတယ်။
မောင်တောနယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်တစ်ဦး နယ်စပ်ခြံစည်းရိုးအနီး လုံခြုံရေး ဆောင်ရွက်နေစဉ် (ဓာတ်ပုံ-ဝင်းမောင်)နယ်ခြားစောင့် ရဲဌာနချုပ်ကနေ အကြမ်းဖက်သမားတွေ လက်ထဲ ပါသွားတဲ့ လက်နက်တွေ မရမချင်း နယ်မြေရှင်းလင်းမှုကို ဆောင်ရွက်သွားမယ်လို့လည်း ပြောသွားပါတယ်။ ဒါ့အပြင် နယ်ခြားစောင့် ကွပ်ကဲရေးမှူးကိုလည်း အစားထိုး အလဲအလှယ် လုပ်ထားပြီး ဖြစ်ပါတယ်။ အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်ပွားပြီး ငါးရက်အကြာ အောက်တိုဘာ ၁၄ ရက်မှာတော့ မောင်တောဒေသကို စစ်ဆင်ရေးနယ်မြေအဖြစ် သတ်မှတ်ပြီးတော့ လုံခြုံရေးတိုးမြှင့်ကာ နယ်မြေရှင်းလင်းရေးတွေ ဆောင်ရွက်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ အကြမ်းဖက် တိုက်ခိုက်မှုမှာ ပါဝင်ပတ်သက်တဲ့ အဖွဲ့အစည်းမှ သေဆုံးသူ ၃၀ ဦး ရှိခဲ့ပြီးတော့ အရှင်ဖမ်းဆီး မိတာတွေလည်း ရှိခဲ့ပါတယ်။ နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေတဲ့ တပ်မတော်သား ငါးဦးလည်း အကြမ်းဖက်သမားတွေရဲ့ လက်ချက်ကြောင့် ကျဆုံးခဲ့ရပါတယ်။စိုးရိမ်ထိတ်လန့်နေတဲ့ ဒေသခံ တိုင်းရင်းသားတွေဟာ ရရာ ကားတွေ၊ လှေတွေနဲ့ မောင်တောမြို့ပေါ်ကို တက်လာကြပြီး မောင်တောမြို့ပေါ်က ကယ်ဆယ်ရေးစခန်းတွေမှာ ခိုလှုံသူ ရှိသလို ဘူးသီးတောင်မြို့သို့ သွားပြီး ကယ်ဆယ်ရေးစခန်းမှာ သွားခိုလှုံသူနဲ့၊ စစ်တွေမြို့ပေါ်ရှိ ကယ်ဆယ်ရေးစခန်းအထိ သွားရောက်ခိုလှုံနေသူဟာ သုံးထောင်ကျော်သွားပါပြီ။ တခြား ဆွေမျိုးတွေ ရှိရာကို ထွက်ပြေးသွားသူတွေလည်း ထောင်နှင့်ချီ ရှိနေပါတယ်။ အစိုးရက လုံခြုံရေး ပေးထားပြီး နေရပ်ပြန်လိုက ပြန်ပို့ပေးမယ်လို့ ပြောဆိုထားပေမယ့် ရပ်ရွာတွေမှာ လုံခြုံရေး အပြည့်အ၀ ချပေးပြီးမှ နေရပ်ပြန်နိုင်မယ်။ အကြမ်းဖက်သမားတွေ မရှိတော့မှသာ နေရပ်ပြန်မယ်လို့ ပြောဆိုနေကြပါတယ်။ဘူးသီးတောင် အထက ခွဲ (၁) ကျောင်းတွင် ဖွင့်လှစ်ထားတဲ့ ကယ်ဆယ်ရေးစခန်းမှာ ရောက်ရှိနေသူ မောင်တောမြို့နယ် မောရဝတီ ကျေးရွာမှ ဦးထွန်းဝေက “ကယ်ဆယ်ရေးစခန်းကို အောက်တိုဘာ ၁၂ ရက်က စရောက်ပါတယ်။ ကျေးရွာ အခြေအနေက စိတ်မချရသေးတဲ့အတွက် မပြန်နိုင်သေးပါဘူး။ ကျွန်တော်တို့က ရွာကို သတင်းပြန်ပြန်မေးနေပါတယ်။ မေးတဲ့အခါ ကျေးရွာအုပ်ချုပ်ရေးမှူးက သုံးလေးရက်လောက် အခြေအနေ စောင့်ကြည့်ပါဦး။ မပြန်နဲ့ဦးဆိုလို့ ကျွန်တော်တို့ မပြန်သေးပါ။ ကျေးရွာအုပ်ချုပ်ရေးမှူးက စိတ်ချလောက်ပြီ ဆိုရင်တော့ ကျွန်တော်တို့ ပြန်မှာပါ။ ဝန်ကြီးများအဖွဲ့က ကျွန်တော်တို့ကို ပြောသွားတယ်။ ခင်ဗျားတို့ကို လုံခြုံရေးတွေ လုပ်ပေးတယ်။ အားလုံးကို အဆင်ပြေအောင် လုပ်ပေးထားတယ်။ ခင်ဗျားတို့ကို ပြန်ပို့ဖို့ ဆိုပြီး ပြောတယ်။ ကျွန်တော်တို့ မပြန်ဝံ့ပါ။ ဘာဖြစ်လို့လဲဆိုရင် ကျွန်တော်တို့က ၁၉၉၄ ခုနှစ်ကလည်း တစ်ကြိမ် ကျွန်တော်တို့ ခံထားပြီးပြီ။ ၉၄ ခုနှစ်ကလည်း ကျွန်တော်တို့ ကျေးရွာမှာ လူနှစ်ယောက် သေတယ်။ လူကြီးတွေကလည်း ကျွန်တော်တို့ရွာကို ပြန်ခေါ်ပြီးတော့ အေးအေးဆေးဆေးနေပါ။ နောင်ကို ဘာမှ မဖြစ်ရဆိုပြီး နေလာတယ်။ နေလာတဲ့အခါ ၂၀၁၂ မှာတစ်ခါ ကျွန်တော်တို့ကို အကြမ်းဖက်ပြီးတော့ မီးရှို့တာ ခံရပါတယ်။ အဲဒီအခါမှာလည်း အဘိုးကြီး တစ်ယောက်နဲ့ လူငယ်တစ်ယောက်ကို မီးထဲမှာ ပစ်ထည့်ပစ်ခဲ့ပါတယ်။ အဲဒီလို သင်္ကေတတွေကို ကြည့်ပြီးတော့ရင် ဟိုမှာ အထက်ဘက်မှာ ဖြစ်ပြီးတော့ရင် တောင်ပိုင်းရွာတွေမှာ ပုန်းခိုနေတာ ရှိပါတယ်။ သူတို့ ထွက်ပြီးတော့ အကြမ်းဖက်လာမှာ ကြောက်ပါတယ်။ ရွာမှာရှိနေတဲ့ ရဲလေးငါးယောက် ဆယ်ယောက်ကို ကျွန်တော်တို့ စိတ်မချရပါ။ ကျီးကန်းပြင်ဌာနချုပ်မှာ ရဲအခိုင်အမာနဲ့ နေတာတောင် ဘင်္ဂါလီကျေးရွာသားတွေနဲ့ RSO တွေနဲ့ ပေါင်းပြီးတော့ တုတ်ဓားတွေနဲ့ သိမ်းသွားတာမှာ ကျွန်တော်တို့ ရဲလေးငါးဆယ်ယောက်ကို အားကိုးလို့ ရမလား။ အဲဒီအတွက်ကြောင့်မို့ ကျွန်တော်တို့ မိသားစုတွေကို လွတ်အောင် ကျွန်တော်တို့ ဒီကို ပို့ပေးပါတယ်။ ကျွန်တော်တို့အားလုံး ဒီကို လာခဲ့ပါတယ်။ ကျွန်တော်တို့ ယောက်ျားသားတွေ မကြောက်ပေမယ့် ကလေးသူငယ်တွေ မိန်းမတွေကို အသေမခံနိုင်ပါ။ မနေ့က ဗိုလ်ချုပ်တွေ လာပြီးတော့ ပြောသွားပါတယ်။ လုံခြုံရေးတွေ လုပ်ပေးတယ်။ ပြောသွားပါတယ်။ သူတို့ လုပ်ပေးတဲ့ လုံခြုံရေးက ကျွန်တော်တို့ ရွာမှာ ပွဲပြီးမှ ရောက်ရောက်လာတာ။ အခုတစ်ခါ ဖြစ်တာကလည်း ကျွန်တော်တို့ရွာ ဘုန်းကြီးကျောင်းမှာ တပ်လည်း ရှိတယ်။ တောင်ပေါ်မှာလည်း ရှိတယ်။ ဟိုမှာ မြောက်ပိုင်းမှာလည်း ဖြစ်လည်းဖြစ်ရော ကျွန်တော်တို့ရွာက တစ်ယောက်မှ မကျန်ဘဲ ထွက်သွားတော့ ကျွန်တော်တို့ ကျေးရွာသားတွေ မနေရဲတော့ဘဲ ပြေးလာရပါတယ်။ လုံခြုံမှု မရှိရင် မနေရဲပါ” လို့ ပြောပါတယ်။အမှန်တကယ်မှာ တိုင်းရင်းသား ကျေးရွာတွေ အားလုံးကိုတော့ လုံခြုံရေး ယူပေးနိုင်ခြင်း မရှိသေးပါဘူး။ ဖြစ်စဉ်ပြီး နောက်ပိုင်းမှာ ကင်းစခန်း တချို့က လုံခြုံရေးတွေကို ရုပ်ပြီး လိုအပ်တဲ့ စခန်းတွေမှာ အင်အားဖြည့်တင်းတာတွေ လုပ်ဆောင်ခဲ့ပါတယ်။ ရဲကင်းစခန်း တစ်ခုမှာ လုံခြုံရေးအင်အား ၁၀ မပြည့်တဲ့ အနေအထားကြောင့် ဒေသခံ တိုင်းရင်းသားတွေဟာ စိတ်ချရတဲ့ လုံခြုံရေးမျိုးကို လိုလားနေကြပါတယ်။ မောင်တောမြို့နယ် အတွင်းရှိ တိုင်းရင်းသား ကျေးရွာတွေမှာ လုံခြုံရေးစခန်း ၁၂ ခု ထပ်မံတိုးချဲ့ဖို့ နဲ့ နဂိုရှိပြီးသား ကင်းစခန်းတွေကိုလည်း ထပ်မံ အင်အားဖြည့်သွားမယ်လို့ ပြည်နယ်အစိုးရအဖွဲ့က ပြောဆိုထားပါတယ်။မောင်တော အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်စဉ်ဟာ နိုင်ငံရဲ့ အချုပ်အခြာ အာဏာကို ထိပါးတဲ့ဖြစ်စဉ် ဖြစ်တဲ့အတွက် အကြမ်းဖက်သမားများ ဖော်ထုတ်ဖမ်းဆီးပြီး ပါသွားတဲ့ လက်နက်အားလုံး ပြန်ရရှိရေးမှာ အဓိက အရေးပါနေပြီး အကြမ်းဖက်သမားတွေကို ထိထိရောက်ရောက် တုံ့ပြန် ချေမှုန်းပြီးမှသာ အနောက်ဘက် တံခါးမှာ နေထိုင်ကြတဲ့ ရခိုင်တိုင်းရင်းသားတွေ စိုးရိမ်မှု ကင်းကင်းနဲ့ နေနိုင်ကြပါမယ်။အနောက်ဘက် တံခါးက ပြည်သူတွေရဲ့ စကားသံတွေ၊ သူတို့ လိုအပ်ချက်တွေကို မျက်ကွယ်မပြုဘဲနဲ့ အနောက်ဘက်တံခါး မကျိုးပေါက်ရေးအတွက် ရေတိုရေရှည် အစီအမံကောင်းတွေ လုပ်နိုင်မှသာ ဒီမြေဒီရေ တည်တံ့ခိုင်မြဲမှာ ဖြစ်ပါတယ်။“နိုင်ငံတော် အစိုးရရော တပ်မတော်ရော နယ်ခြားစောင့် ရဲတပ်ဖွဲ့ရော ကောက်ရိုးမီးလို လုံခြုံရေးမျိုး မဖြစ်ဖို့ ၂၀၁၂ အရေးအခင်းတုန်းကလည်း ဖြစ်ခဲ့တဲ့ အခါမှာ ဒေသခံ တိုင်းရင်းသားများကို ကာကွယ်စောင့်ရှောက်ခဲ့တဲ့ နေရာမှာလည်း တပ်မတော်က အဓိက ပါဝင်ခဲ့တာပေါ့။ အဲဒီနောက်ပိုင်းမှာ လုံခြုံရေးတွေ လျော့ရဲလာတယ်။ ပေါ့ပေါ့ဆဆ နေသည့်အတွက်ကြောင့် အခုအချိန်အခါမှာ အကြမ်းဖက်ခြင်း ခံလိုက်ရတာ ဆရာတော်တို့ အနေနဲ့ ဝမ်းနည်းတယ်။ ဒါကြောင့်မို့လို့ လုံခြုံရေးကိုလည်း ကောက်ရိုးမီးကဲ့သို့ တစ်ခါတည်း တောက်လောင်တဲ့ ချက်ချင်းပဲ လုံခြုံရေးကောင်းတယ်။ နောက်မှာ အေးသွားတယ် ဆိုတာမျိုး မဖြစ်ဖို့ အတွက် နိုင်ငံတော် အစိုးရ တပ်မတော်ရော တိုက်တွန်းပါတယ်” လို့ မိန့်ကြားခဲ့ပါတယ်။