ရာဇဝတ်မှုလို့ဆိုရမယ့် အောင်စိုးမိုးကျော် နစ်မြုပ်မှုအတွက် ဘယ်သူတွေ တာဝန်ယူ၊ တာဝန်ခံကြမှာလဲ

ရာဇဝတ်မှုလို့ဆိုရမယ့် အောင်စိုးမိုးကျော် နစ်မြုပ်မှုအတွက် ဘယ်သူတွေ တာဝန်ယူ၊ တာဝန်ခံကြမှာလဲ
Published 24 October 2016
စိုးထက်

စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့ကနေ အောက်တိုဘာ ၁၄ ရက် နံနက်ပိုင်းက ထွက်ခွာလာတဲ့ အေးငြိမ်းချမ်းသာ ရေယာဉ်လိုင်းက အောင်စိုးမိုးကျော် (၂) အမြန်ရေယာဉ်ဟာ အောက်တိုဘာ ၁၅ ရက် နံနက် ၅ နာရီဝန်းကျင်မှာ ကနီမြို့ နယ်အတွင်းက မိချောင်းတွင်းကျေးရွာအနီးမှာ နစ်မြုပ်မှုဖြစ်ပွားခဲ့ပါတယ်။
ရေယာဉ်ပေါ်မှာ သတင်းကျွတ် ကျောင်းပိတ်ရက်နဲ့ပြန်လာတဲ့ ဆရာ၊ ဆရာမတွေ၊ မုံရွာမှာ အဝေးသင် စာမေးပွဲဖြေဖို့လာကြတဲ့ တက္ကသိုလ် ကျောင်းသူကျောင်းသားတွေနဲ့ ဌာနဆိုင်ရာဝန်းထမ်းတွေ အများအပြား လိုက်ပါလာပြီး အသက်ရှင် လွတ်မြောက်လာသူတွေရဲ့ ပြောကြားချက်အရ လူ ၃၀၀ ကျော် လိုက်ပါလာတယ်လို့ ဆိုပါတယ်။ အဲဒီအထဲကမှ ၁၅၉ ဦးသာ ကယ်ဆယ်နိုင်ခဲ့ပြီး အောက်တိုဘာ ၂၀ ရက်က အောင်စိုးမိုးကျော် ရေယာဉ် ဆယ်ယူပြီးချိန်အထိ အလောင်း ၇၃ လောင်းပဲ ရှာဖွေတွေ့ရှိခဲ့ပါတယ်။ အခုအချိန်မှာတော့ နစ်မြုပ်ခဲ့တဲ့ အောင်စိုးမိုးကျော် အမြန်ရေယာဉ်ကို ဆယ်ယူခဲ့ပြီးပေမယ့် ဒီရေယာဉ်ပေါ်မှာ လူဘယ်နှဦး လိုက်ပါလာပြီး ဘယ်လောက် သေဆုံးတယ်ဆိုတာ မသိနိုင်သေးပါဘူး။
ချင်းတွင်းမြစ်အတွင်းမှာ အောင်စိုးမိုးကျော် အမြန်ရေယာဉ် တိမ်းမှောက်ခဲ့မှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဝေဖန်ပြောဆိုမှုတွေက အောက်တိုဘာ ၁၅ ရက်ကတည်း ကထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီအထဲကမှ အသက်ဘေးကလွတ်မြောက်လာတဲ့ ကိုအောင်ကျော်ဦး ဆိုတဲ့သူကိုယ်တိုင် ဒီလို ဘေးအန္တရာယ် ကြုံနိုင်တာကိုသိလို့ တာဝန်ရှိသူတွေကို တိုင်ကြားခဲ့ပေမယ့် ချင်းတွင်းမြစ်တစ်လျှောက်မှာရှိတဲ့သူတွေ ကိုယ်တိုင် တာဝန်ကို ရှောင်လွှဲခဲ့တာက အင်မတန်ရုပ်ဆိုးလွန်းလှပါတယ်။
အောင်စိုးမိုးကျော် အမြန်ရေယာဉ်နဲ့လိုက်ပါလာတဲ့ ဦးအောင်ကျော်ဦးက “အောက်တိုဘာ ၁၄ ရက် နံနက်ပိုင်းမှာ ဟုမ္မလင်းမြို့ကနေ ထွက်ခွာလာတာပါ။ အေးငြိမ်းချမ်းသာ အမြန်ရေယာဉ်လိုင်းက အောင်စိုးမိုးကျော်ဆိုတဲ့ အမြန် ရေယာဉ်ပါ။ ကျောင်းပိတ်ရက်လည်း ဖြစ်တယ် သီတင်းကျွတ်ကာလလည်း ဖြစ်တော့ လူတွေကို အဆမတန် တင်လာတယ်။ ကျွန်တော် ကိုယ်တိုင်ကပြောတယ် ခင်ဗျားတို့ လူတွေကလည်း အရမ်းများနေပြီ။ လျှော့တင်ပါလို့။ လုံးဝပြောမရဘူး။ ဟုမ္မလင်းကနေ စုန်လာပြီး ဖောင်းပြင်ကို ရောက်တဲ့အခါ လူတွေ အဆမတန် တက်လာတယ်။ ရေယာဉ်နဲ့ ပတ်သက်ပြီး တာဝန်ရှိတဲ့ ယာဉ်စည်းကမ်း ထိန်းသိမ်းရေးအဖွဲ့ဆီကို သွားပြောတယ်။ ဒါတွေကိုပြောပေးပါဦးဆိုတော့ သူတို့လည်း မတတ်နိုင်ဘူး သူတို့ဘာသာ တင်တာလို့ပြောတယ်။ ပြည်သူတွေ အသက်သေကုန်တော့မယ်လို့လည်း ပြောခဲ့တယ်။ ဒါနဲ့ကျွန်တော်လည်း ဖုန်းနဲ့ဓာတ်ပုံရိုက်ပြီးတော့ကျွန်တော်အသုံးပြုနေတဲ့ Aung Lay ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်မှာ တင်ခဲ့တယ်။ ည ၈ နာ ရီလောက်မှာ မိတ်ဆွေတွေက ဖုန်းဆက်မေးတယ်။ အခြေအနေက ဘုရားတပြီး လိုက်နေရတယ်လို့ တောင်ပြောခဲ့သေးတယ်။ မနက် ၄ နာရီခွဲကျော်ကျော် ၅ နာရီလောက်မှာ အခုလို မှောက်ပြီးနစ်မြုပ်သွားတော့တာပါဘဲ” လို့ ဆိုပါတယ်။
ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ အောက်တိုဘာ ၂၂ ရက်က မုံရွာမြို့မှာ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့က ဦးဆောင်ပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။  ရေယာဉ်နစ်မြုပ်မှုအတွက် တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ဦးဆောင်တဲ့ စုံစမ်းရေးကော်မတီဖွဲ့ပြီး ဖြစ်စဉ်ကို စစ်ဆေးမယ်လို့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က ပြောပါတယ်။ လတ်တလောမှာတော့ ရေယာဉ်တိမ်းမှောက်မှုအတွက် ရေယာဉ်မှူး တစ်ဦးနဲ့ ရေယာဉ်နောက်လိုက် သုံးဦးကိုသာ ဖမ်းဆီးထားနိုင်ပြီး တိမ်းမှောက်ချိန်က ရေယာဉ်ကို မောင်းနှင်ခဲ့တဲ့ ရေယာဉ်မှူးနဲ့ ရေယာဉ် ပိုင်ရှင်ကိုတော့ အခုအချိန်ထိ ဖမ်းဆီးနိုင်ခြင်း မရှိသေးပါဘူး။

မိချောင်းတွင်းကျေးရွာ၌ အောင်စိုးမိုးကျော် အမြန်ရေယာဉ် နစ်မြုပ်မှုတွင် ရေနစ် သေဆုံးသွားသူများ၏ ဓာတ်ပုံများကို ပြသထားစဉ်
အဲဒီသတင်းစာရှင်းလင်းပွဲမှာ စစ်ကိုင်းတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဖြစ်သူ ဦးသန်းညွန့်ဝင်းက တိမ်းမှောက်ခဲ့တဲ့ အောင်စိုးမိုးကျော ်ရေယာဉ်ဟာ ပြေးဆွဲခွင့်လိုင်စဉ်မရှိဘဲ မောင်းနှင် နေတယ်လို့ ထုတ်ဖော်ပြောကြား သွားခဲ့ပါတယ်။ မုံရွာမြို့က ရေယာဉ် လုပ်ငန်းရှင ်အသိုင်းအဝိုင်းအဝိုင်းကတော့ ဒီလိုလိုင်စင်မရှိဘဲ ပြေးဆွဲနေတာ အတော်များများ ရှိသေးတယ်လို့ဆိုပါတယ်။ ပြေးဆွဲခွင့်လိုင်စင်မရှိဘဲ ချင်းတွင်းမြစ်အတွင်း နှစ်ပေါင်းများစွာ ပြေးဆွဲနေတာကို သက်ဆိုင်ရာဌာနက မတားမြစ်ခဲ့တာကတော့ နောက်ကွယ်မှာ အကြောင်းအရာ ကြီးကြီးမားမား ရှိနိုင်ပါတယ်။
မုံရွာမြို့ကိုအခြေပြုပြီး အထက်ချင်းတွင်းဒေသကို ပြေးဆွဲနေတဲ့ ရှော်တယ်လို့ခေါ်တဲ့ အမြန်ရေယာဉ် အစင်းရေ ၁၀၀ ကျော်ရှိတယ်လို့ မုံရွာမြို့က ရေယာဉ်လုပ်ငန်းရှင် အသိုင်းအဝိုင်းက ပြောပါတယ်။ အဲဒီရေယာဉ်တွေကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနလက်အောက် ရေကြောင်းညွှန်ကြားမှုဦးစီးဌာန (ရညန)က လိုင်စင်ထုတ်ပေးနေတာပါ။ ရေယာဉ်တစ်စင်း တည်ဆောက်တော့မယ်ဆိုရင် (ရညန) မှာ လိုအပ်တဲ့ အထောက်အထား စာရွက်စာတမ်းတွေနဲ့ လျှောက်ထားရတယ်လို့ ဆိုပါတယ်။ အဲဒီနေရာမှာလည်း ပွဲစားတွေနဲ့ လုပ်ဆောင်လေ့ ရှိကြတယ်လို့ သိရပါတယ်။ (ရညန) ကတော့ အမြန်ရေယာဉ်တည်ဆောက်ရာမှ ရေလုံခန်း ဘယ်နှခန်းပါရမယ်။ ရေယာဉ် အရွယ်အစားအလိုက် ရေယာဉ်မှူး၊ စက်ဆရာ ဘယ်အဆင့်၊ ဘယ်အဆင့် ပါရမယ်ဆိုတဲ့ ညွှန်ကြားချက်တွေ ရှိပြီးသားပါ။ ဒါပေမဲ့ ရေယာဉ်ပိုင်ရှင်တွေကလည်း သူတို့ အကျိုးစီးပွားအတွက် သတ်မှတ် စံချိန်စံညွှန်းတွေကို လိုက်နာခြင်းမရှိဘဲ လာဘ်ပေး လာဘ်ယူနဲ့သာ ကျော်ဖြတ်ကြတယ်လို့ ဆိုပါတယ်။ ရေလုံခန်းဆိုတာ တစ်စုံတစ်ခုနဲ့တိုက်မိရင် အလွယ်တကူ တိမ်းမှောက်မသွားအောင် မဖြစ်မနေ ထည့်သွင်း တည်ဆောက်ခိုင်းထားတာ ဖြစ်ပေမယ့် အဲဒီနေရာတွေမှာ ကုန်တွေ တင်ကြလို့ အလွယ်တကူ နစ်မြုပ်ပြီး လူတွေ သေခဲ့ကြရတာ ဖြစ်ပါတယ်။
ရှော်တယ်လို့ လူတွေပြောနေကြတဲ့ အမြန်ရေယာဉ်တွေဟာ ၂၀၀၀ ပြည့်နှစ်လောက်ကစပြီး ပြေးဆွဲနေကြတာပါ။ အခုလက်ရှိမှာတော့ မုံရွာမြို့ကနေ ဟုမ္မလင်းအထိ ပြေးဆွဲနေတဲ့ အမြန်ရေယာဉ်လိုင်း လေးလိုင်းရှိပြီး ဥရုချောင်းဖျားအထိ ပြေးဆွဲတဲ့ လိုင်းတွေအပါအဝင်ဆို အဝေးပြေးလိုင်း ခုနစ်လိုင်း ရှိတယ်လို့ သိရပါတယ်။ အဲဒီလိုင်းတွေမှာလည်း ရေယာဉ်တွေများနေလို့ တစ်စင်းကို တစ်လတစ်ခါလောက်သာ ထွက်ခွင့်ရကြတယ်လို့ ဆိုပါတယ်။
ချင်းတွင်းမြစ်တစ်လျှောက်မှာရှိတဲ့ မြို့နယ်တွေဟာ ရေလမ်းခရီးကိုပဲ အဓိကအားထားပြီး ဆယ်သွယ်နေရတာ ဖြစ်ပါတယ်။ အစိုးရသင်္ဘောတွေက တွက်ခြေမကိုက်လို့ဆိုပြီး မပြေးဆွဲတာ ကြာပြီဖြစ်လို့ အမြန်ရေယာဉ်တွေကိုပဲ အားထားနေရတာပါ။ (ရညန) ရဲ့ စည်းကမ်းသတ်မှတ်ချက်မှာတော့ လူစီးရေယာဉ်နဲ့ ကုန်တင်ရေယာဉ် သီးခြား သတ်မှတ်ထားပေမယ့် အမြန်ရေယာဉ်တွေမှာ လူရောကုန်ရော အားလုံး တင်ဆောင်ကြပါတယ်။ အခုနစ်မြုပ်သွားတဲ့ အောင်စိုးမိုးကျော်မှာဆိုရင် ဆိုင်ကယ်အစီး ၂၀ ဝန်းကျင် တင်ဆောင်လာပါတယ်။ ရေယာဉ်ရဲ့ ဝမ်းအတွင်းမှာ သယ်ဆောင်လာတဲ့ ကုန်တွေ ဘယ်လောက်ရှိမယ်ဆိုတာ ဘယ်သူမှ မသိနိုင်ပါဘူး။ နောက်ပြီး ရေယာဉ်တစ်စင်းရဲ့ အရွယ်အစားအလိုက် တင်ဆောင်ခွင့်ပြုတဲ့ လူဦးရေ အရေအတွက်ကလည်း ရှိပြီးသားပါ။ နစ်မြုပ်ခဲ့တဲ့ အောင်စိုးမိုးကျော်မှာ တင်ဆောင်ခွင့်ပြုတာက ၃၆ ဦးသာဖြစ်ပြီး တပ်ဆင်ထားတဲ့ ထိုင်ခုံအရေအတွက်က ၁၀၀ ကျော် ရှိတယ်လို့ သိရပါတယ်။ နောက်ထပ် စည်းကမ်းတွေ အများကြီး ကျန်သေးတယ်လို့လည်း မုံရွာမြို့ ရေယာဉ်လုပ်ငန်းရှင် အသိုင်းအဝိုင်းက စုံစမ်း သိရပါတယ်။
ဒီလိုသတ်မှတ်စည်းကမ်းတွေ ရှိလျက်နဲ့ ဘာလို့ ဒီလိုအဖြစ်ဆိုးမျိုး ကြုံခဲ့ရတာလဲဆိုတာက စဉ်းစားစရာ ဖြစ်ပါတယ်။ ရေယာဉ်လိုင်းတွေ ကိုကြီးကြပ်ကွပ်ကဲဖို့ ပုဂ္ဂလိက ရေယာဉ်များ စနစ်တကျပြေးဆွဲရေး ကော်မတီ (ရစက) ဆိုပြီး ဖွဲ့စည်းထားတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ အစိုးရလက်ထက်က စစ်ကိုင်းတိုင်း ဒေသကြီးလွှတ်တော်မှာ ဒီကော်မတီတွေ ဖွဲ့စည်းဖို့ ဥပဒေ ရေးဆွဲခဲ့တာပါ။ (ရစက) ဖွဲ့စည်းဖို့ ကော်မတီ ဖွဲ့စဉ်ကတော့ ဌာနဆိုင်ရာ အသီးသီးက တာဝန်ရှိသူတွေ ပါခဲ့ပေမယ့် တကယ်တမ်း (ရစက) ဆိုတာလည်း ဖွဲ့ရော ရေယာဉ်ပိုင်ရှင်တွေနဲ့ပဲ ဖွဲ့ခဲ့ကြတယ်လို့ ဆိုပါတယ်။ အဲဒီအတွက်ကြောင့် အကျိုးစီးပွားဆိုင်ရာ ဆက်နွှယ်မှုတွေ ရှိလာပြီး ဘာမှလုပ်ပိုင်ခွင့် မရှိတော့တဲ့ အဖွဲ့အစည်း ဖြစ်သွားတယ်လို့ ဆိုကြပါတယ်။
ရှော်တယ်လိုင်းတွေဟာ မုံရွာမြို့ကနေ ချင်းတွင်းမြစ်ဖျားက ရွှေမှော်တွေကို အဓိကထားပြီး ပြေးဆွဲနေကြတာ ဖြစ်ပါတယ်။ ရှော်တယ်တစ်စင်းရဲ့ တန်ဖိုးကလည်း သိန်း ၃၅၀ ကနေ သိန်း ၄၅၀ အကြားမှာရှိပါတယ်။ နောက်ပြီး ရေယာဉ်တည်ဆောက်ခွင့် ရဖို့အတွက် အချိန်တစ်နှစ်ကနေ သုံးနှစ်လောက်အထိ ကြာတတ်တယ်လို့ သိရပါတယ်။ လုပ်ငန်းလိုင်စင်ရဖို့ မခက်ပေမယ့် လိုင်းဝင်ခွင့်ရအောင် သိန်း ၆၀ ကနေ သိန်း ၁၀၀ ကျော် ပေးရတယ်လို့ ဆိုတဲ့အတွက် အရင်းအနှီးကြီးတယ်လို့ ဆိုရပါမယ်။ မိုးရာသီတစ်ခုလုံး အရှုံးခံပြီး ပြေးဆွဲရလို့ ခရီးသွားများတဲ့ သီတင်းကျွတ်ကာလနဲ့ သင်္ကြန်ကာလရောက်မှ အလုပ်ဖြစ်တဲ့အတွက် အခုလို မတန်တဆ တင်ကြတာလို့ ရေယာဉ်ပိုင်ရှင်တွေက ပြောပါတယ်။
ချင်းတွင်းမြစ်ဟာ မြစ်အထက်ပိုင်းမှာရှိတဲ့ ရွှေလုပ်ငန်းတွေကြောင့် မြစ်ကြမ်းပြင် မြင့်တက်လာပြီး ရေကြောင်းပိတ်ဆို့မှု ဖြစ်လာတာကြောင့် မော်တော်ကြီးတွေ မသွားနိုင်တာကြာပါပြီ။ မော်တော်ကြီးတွေ နေရာမှာ ရှော်တယ်လို့ခေါ်တဲ့ အမြန်ရေယာဉ်နဲ့ အစားထိုးပြီး ပြေးဆွဲလာလို့ မြစ်ကြောင်း တစ်လျှောက်မှာ နေထိုင်သူတွေဟာ ရွေးချယ်စရာ မရှိတော့ဘဲ ဒီအမြန်ရေယာဉ်တွေနဲ့ပဲ သွားလာနေကြရတာလို့လည်း ဆိုကြပါတယ်။
အမြန်ရေယာဉ်လိုင်းတွေက အချင်းချင်းညှိနှိုင်းပြီး ပြေးဆွဲကြလို့ ခရီးသည်တွေဟာ ရွေးချယ်စရာ မရှိဘဲ ဒီရက်ဆို ဒီအမြန်ယာဉ်နဲ့ လိုက်ရတဲ့ သဘောဖြစ်နေပါတယ်။ နောက်ပြီး ဘေးအန္တရာယ် ဖြစ်မှာစိုးလို့ တားမြစ်ခဲ့ရင်လည်း မော်တော်သမားတွေက မချေမငံ ဆက်ဆံလေ့ ရှိပါတယ်။ ရွေးချယ်စရာမရှိတဲ့ ပြည်သူတွေကတော့ လာတဲ့မော်တော်ကိုပဲစီးရတဲ့ အန္တရာယ်များမှန်း သိပေမယ့် လိုက်နေကြရတာပါ။ ဒီလိုဖြစ်စဉ်တွေကို မော်တော်ပိုင်ရှင်တွေနဲ့ ဖွဲ့စည်းထားတဲ့ (ရစက) လိုအဖွဲ့အစည်းတွေက အရေးယူနိုင်ခြင်း မရှိပါဘူး။
တစ်စင်းနဲ့တစ်စင်း ခရီးသည်၊ ကုန်ရဖို့အတွက် ညပိုင်းတွေပါ မှောင်းနှင်ကြတာကြောင့် တိမ်းမှောက်မှုတွေ ဖြစ်ပေါ်ခဲ့ဖူးလို့ ညပိုင်း မောင်းနှင်ခြင်းမပြုဖို့ တားမြစ်ထားတာ ကြာပါပြီ။ ဒါပေမဲ့ အမြန်ရေယာဉ်တွေကတော့ လိုက်နာခြင်း မရှိတာများပါတယ်။ အခုတိမ်းမှောက်ခဲ့တဲ့ အောင်စိုးမိုးကျော်ဟာလည်း  ည ၁၂ နာရီ လောက်မှာ ကလေးဝမြို့ကို ဖြတ်သွားပြီး လူ ၃၀ လောက် တင်သွားသေးတယ်လို့ ကလေးဝမြို့ခံတွေက ပြောပါတယ်။ မနက် ၅ နာရီမှာတော့ မိချောင်းတွင်းမှာ တိမ်းမှောက်ခဲ့တာ ဖြစ်ပါတယ်။
နောက်တစ်ခု ပြောစရာရှိတာက ချင်းတွင်းမြစ်အတွင်း သွားလာနေကြတဲ့ ရေယာဉ်တွေမှာ မောင်းနှင်နေကြတဲ့ ရေယာဉ်မောင်း (ဆလင်) တွေပဲဖြစ်ပါတယ်။ (ရညန) ကတော့ အမြန်ရေယာဉ် အရွယ်အစားအလိုက် ဆလင်(၁)၊ ဆလင်(၂)၊ စက်ဆရာ စသည်ဖြင့်ပါရမယ် ဝန်ထမ်းအရေအတွက် သတ်မှတ်ထားပါတယ်။ ဒါပေမဲ့ အပြင်မှာ အဲဒီစည်ကမ်းတွေကို လိုက်နာတဲ့ရေယာဉ် အတော်ရှားပါတယ်။ ရေယာဉ်လိုင်စင်ဝင်ဖို့ နီးလာမှ စာအုပ်ငှားပြီး လိုင်စင်ဝင် တတ်ကြပါတယ်။ အများစုက မော်တော်သားဘဝနဲ့ လိုက်လာတဲ့သူတွေက ဆလင်လုပ်ပြီး မောင်းကြတာ များပါတယ်။
အမြန်ရေယာဉ်များတွေနဲ့ ပတ်သက်တဲ့ ရေယာဉ်မောင်း (ဆလင်) လိုင်စင်ထုတ်ပေးခြင်း၊ ရေယာဉ် လိုင်စင်ထုတ်ပေးခြင်းနဲ့ ရေယာဉ်များ လိုက်နာရမည့် စည်းကမ်းများ ထုတ်ပြန်ခြင်းတို့ကို လုပ်ဆောင်ရ ပေးရတဲ့ဌာနဟာ ရေကြောင်းညွန်ကြားမှု ဦးစီးဌာန (ရညန) ဖြစ်တဲ့အတွက် ကြည့်ကြပ် စစ်ဆေးရမည့် တာဝန်ရှိကြောင်းနဲ့ အောင်စိုးမိုးကျော် အမြန်ရေယာဉ်နစ်မြုပ်မှုမှာ (ရညန) ဟာ တာဝန်အရှိဆုံးဌာန ဖြစ်တယ်လို့ ကနီမြို့နယ် မဲဆန္ဒနယ်မြေ အမှတ်(၂) က တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းက ပြောပါတယ်။
ချင်းတွင်းမြစ်မှာ ရေယာဉ်အသင်း ငါးသင်းရှိပေမယ့် တစ်ရက်ကို ငါးသင်းလုံးမပြေးဘဲ အသင်းတွေကို ချုံ့ပြီးတော့ ပြေးဆွဲနေတာရှိတယ်၊ အသင်းငါးသင်း ပြေးဆွဲခွင့် ရှိတယ်ဆိုရင် တစ်ရက်ကို ငါးသင်းစလုံး ပြေးဆွဲဖို့သင့်တယ်။ ဒါမှ ခရီးသည်ကလည်း ရွေးချယ်ခွင့်ရှိမယ်။ ခရီးသည် လိုက်ပါတာကလည်း မျှသွားမှာဖြစ်ပြီး  ရေယာဉ်တွေ မတော်တဆ အဖြစ်များဆုံးအချိန်က သီတင်းကျွတ်ဝန်းကျင် ဖြစ်လို့ အဲဒီအချိန်မှာ ပိုပြီးဂရုစိုက်သင့်တယ်လို့ ကလေးဝမြို့နယ် ပြည်သူလွှတ်တော် ကိုယ်စားလှယ် ဦးသန်းထွန်းမြင့်က ပြောပါတယ်။

အောင်စိုမိုးကျော် အမြန်ရေယာဉ် ဆယ်ယူရရှိမှုကို အောက်တိုဘာ ၂၀ ရက်က တွေ့ရစဉ်
အောက်တိုဘာ ၂၂ ရက်က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အောင်စိုးမိုးကျော် အမြန်ရေယာဉ် ဖြစ်စဉ်မှာ တာဝန်ရှိတယ်ဆိုရင် ရာထူးက နုတ်ထွက်ပေးမယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးသန်းညွန့်ဝင်းက ပြောကြားပေမယ့် ဒီရေယာဉ်လိုင်းတွေက ၂၀၀၀ ပြည့် နှစ်ဝန်းကျင်ကတည်းက ပြေးဆွဲနေတာဖြစ်ပြီး အခုအောင်စိုးမိုးကျော် နစ်မြုပ်မှုပေါ်လာမှသာ ရေယာဉ်လိုင်းတွေကြားက အရှုပ်အထွေးတွေက ပေါ်လာတာဖြစ်ပါတယ်။ ရေယာဉ်လိုင်းတွေမှာ ခေတ်အဆက်ဆက်က အာဏာပိုင်တွေနဲ့ ပေါင်းပြီးလုပ်စားနေတဲ့ လုပ်ငန်းရှင်တွေ ပါဝင်နေသလို ရေကြောင်းညွှန်ကြားမှု ဦးစီးဌာန အနေနဲ့ကလည်း ရေယာဉ်မောင်း (ဆလင်) လိုင်စင် ရှိ မရှိ၊ ရေယာဉ်လိုင်စင် ရှိ မရှိ၊ သက်တမ်းကုန်ဆုံးခြင်း ရှိ မရှိ စသဖြင့် စိစစ်ရမယ့် တာဝန်တွေကို ပျက်ကွက်နေခဲ့ပါတယ်။
အောင်စိုးမိုးကျော် ရေယာဉ်ဟာ အရပ်သား အစိုးရလက်ထက်မှာ နစ်မြုပ်ခဲ့တဲ့အတွက် အခုလို အသံ ကျယ်ကျယ်လောင်လောင် ထွက်လာခဲ့တာပါ။ ၂၀၁၅ ခုနှစ် နိုဝင်ဘာ ၁ ရက်က ချင်းတွင်းမြစ်ထဲက လောင်းဂရိတ်ဝဲနားမှာ အမြန်ရေယာဉ်တစ်စင်း မှောက်ခဲ့ပါသေးတယ်။ လူ ၆၀ လောက်သေခဲ့ပေမယ့် အရေးယူမှုသတင်း ဘာမှတက်မလာပါဘူး။
အဲဒီအမြန်ရေယာဉ်ကို ဆယ်လည်း မဆယ်ခဲ့ကြပါဘူး။ သေဆုံးသူတွေရဲ့ ကျန်ခဲ့တဲ့ မိသားစုတွေဆိုရင် အခုအထိ နစ်နာကြေး မရကြသေးဘူးလို့ သိရပါတယ်။
အခုနစ်မြုပ်တဲ့ အောင်စိုးမိုးကျော် အမြန်ရေယာဉ်က ဆယ်ယူရတဲ့ သေဆုံးသူအလောင်း ၇၃ လောင်း အတွက် တစ်ယောက်ကို ထောက်ပံ့ကြေး ၂၂  သိန်းပေးမယ်လို့ အောက်တိုဘာ ၂၂ ရက်က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။ အဲဒီ ၂၂ သိန်းမှာ ပြည်ထောင်စုအစိုးရအဖွဲ့က ငါးသိန်း၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့က သုံးသိန်း၊ အေးငြိမ်းချမ်းသာ ရေယာဉ်အသင်းက လေးသိန်းနဲ့ အသက်အာမခံကြေး ၁၀ သိန်းလို့ ဆိုပါတယ်။ ပြေးဆွဲခွင့် လိုင်စင်မရှိဘဲ ပြေးဆွဲနေတဲ့ရေယာဉ်က အသက်အာမခံရနိုင်ခြင်း မရှိပါဘူး။ နောက်ပြီး အခုဖြစ်စဉ်မှာ အလောင်းရှာဖွေ  မတွေ့ရှိတော့တဲ့ သေဆုံးသူတွေအတွက် ဘာတွေလုပ်ပေးဖို့ ရှိသလဲဆိုတာ မသိရသေးပါဘူး။ သေဆုံးသွားကြတဲ့ သူတွေထဲမှာ ဌာနဆိုင်ရာဝန်ထမ်းတွေ အများကြီးပါပါတယ်။ သူတို့တွေဟာ အလောင်းပြန်မတွေ့ရင် ပင်စင်တို့၊ လျော်ကြေးတို့ ရဖို့မလွယ်ပါဘူး။
အောင်စိုးမိုးကျော် နစ်မြုပ်မှုဖြစ်စဉ်ကို ကြည့်မယ်ဆိုရင် ပရဟိတ အဖွဲ့အစည်းတွေက တက်တက်ကြွကြွနဲ့ ကယ်ဆယ်ခဲ့ကြသလောက် သက်ဆိုင်ရာဌာနတွေရဲ့ တုံ့ပြန်မှုက ကျေနပ်စရာ မရှိပါဘူး။ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနက မုံရွာ-ဟုမ္မလင်း ခရီးစဉ်ဟာ တိုင်းဒေသကြီး အစိုးရအဖွဲ့က ပြေးဆွဲခွင့်ပေးတာဖြစ်လို့ သူတို့မှာ တာဝန်မရှိဘူးဆိုပြီး သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားပါတယ်။
စစ်ဆေးရေးအဖွဲ့ကလည်း တာဝန်ရှိသူတွေ ဖွဲ့စည်းပေးထားတဲ့ အသင်းအဖွဲ့တွေရဲ့ အားနည်းချက်တွေ ကိုစစ်ဆေးရမယ်။ ပြဋ္ဌာန်းထားတဲ့ ဥပဒေရဲ့ အားနည်းချက်တွေကိုလည်း စစ်ဆေးရမယ်။ ဘယ်နေ့ပြီးမယ်ဆိုတာ ရက်ကန့်သတ်ပြီး ပြောလို့မရသေးဘူး။ အားနည်းချက် ချို့ယွင်းချက်တွေ အားလုံးကို စစ်ဆေးရမယ်။ ရေယာဉ် တည်ဆောက်မှုကစလို့ ဘယ်လို အားနည်းတယ် ဆိုတာ စစ်ဆေးရမယ် လို့ပဲပြောသွားပါတယ်။
ရေလမ်းခရီးဆိုတာ ကုန်းလမ်းထက်ပိုပြီး အန္တရာယ်များတယ်ဆိုတာ လက်ခံလို့ရပါတယ်။ ဒါပေမဲ့ သဘာဝဘေးအန္တရာယ်ကြောင့် မဟုတ်ဘဲ လူတွေကြောင့်ဖြစ်တဲ့ ဘေးဒုက္ခတွေကိုတော့ မတော်တဆ စာရင်းထဲမှာ ထည့်မယ်ဆိုရင် ခံစားခဲ့ရသူတွေ အများကြီး နစ်နာပါလိမ့်မယ်။
ချင်းတွင်းမြစ်ဘေးတစ်လျှောက်က လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ပြောကြားချက်အရဆိုရင် ၂၀၀၀ ပြည့်နှစ်နောက်ပိုင်း လူအသေအပျောက်များတဲ့ အမြန်ရေယာဉ်တိမ်းမှောက်မှု လေးကြိမ်လောက်ရှိပြီလို့ ဆိုပါတယ်။ ဖြစ်ပြီးစအချိန်မှာတော့ စည်းကမ်းတင်းကျပ်တာတွေ လုပ်ပေမယ့် သိပ်မကြာခင်မှာပဲ အရင်လို စည်းမဲ့ကမ်းမဲ့ ပြန်ဖြစ်သွားတယ်လို့ ဆိုကြပါတယ်။ ဒါ အခုနစ်မြုပ်တဲ့ အောင်စိုးမိုးကျော်က သက်သေပြလိုက်တာပါပဲ။ မနှစ်က နိုဝင်ဘာမှာ ရာဇာထွန်း အမြန်ရေယာဉ်နစ်မြုပ်ပြီး တစ်နှစ် မပြည့်မီမှာပဲ လူဦးရေ ၁၀၀ ကျော်လောက် သေဆုံးနိုင်တဲ့ အောင်စိုးမိုးကျော် တိမ်းမှောက်မှု ဖြစ်ခဲ့တာပါ။ သက်ဆိုင်ရာ ဌာနအသီးသီးရဲ့ တာဝန်ပျက်ကွက်မှုကြောင့် ဒီလိုဖြစ်ရတာပါ။
ဒီဖြစ်စဉ်မှာ အမြန်ရေယာဉ်ဂိတ်မှာ စထွက်ကတည်းက တင်ဆောင်နိုင်တဲ့ ခရီးသည်ဦးရေ၊ ကုန်စည်တွေကို ပိုမိုတင်ဆောင်ခြင်း ရှိ မရှိ စစ်ဆေးရမယ့် တာဝန်ရှိတဲ့ ပုဂ္ဂလိက ရေယာဉ်များ စနစ်တကျ ပြေးဆွဲရေးကော်မတီ (ရစက) က စစ်ဆေးရမှာဖြစ်တယ်။ နောက်တစ်ခုက ရေကြောင်းညွှန်ကြားမှုဦးစီးဌာန (ရညန)အနေနဲ့လည်း ရေယာဉ်မောင်းလိုင်စင်ရှိမရှိ၊ ရေယာဉ်လိုင်စင် ရှိမရှိ၊ သက်တမ်း ကုန်ဆုံးခြင်း ရှိ မရှိ စသဖြင့် စိစစ်ရမယ့် တာဝန်ရှိတယ်။ အားလုံးရဲ့ စိစစ်မှုညံ့ဖျင်းခဲ့လို့ အခုလို အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ရတာလို့ စစ်ကိုင်းတိုင်း လမ်းပန်း ဆက်သွယ်ရေးဝန်ကြီးက ပြောကြားမယ့် ဒါဟာ လူအစုလိုက် အပြုံလိုက် သေစေခဲ့တဲ့ ရာဇဝတ်မှုဆိုတာ ဘယ်သူကမှ ထည့်သွင်း မပြောကြားခဲ့တာ ဝမ်းနည်းစရာပါ။