နိုင်ငံရေးဆွေးနွေးပွဲများနှင့် ဒီမိုကရေစီနည်းကျ သဘောတူဆုံးဖြတ်ရေး

နိုင်ငံရေးဆွေးနွေးပွဲများနှင့် ဒီမိုကရေစီနည်းကျ သဘောတူဆုံးဖြတ်ရေး
Published 22 October 2016
ဒေါက်တာရန်မျိုးသိမ်း

ဒီမိုကရေစီ အပြောင်းအလဲ၊ ဒီမိုကရေစီ နိုင်ငံတော်၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကို ဦးတည်တဲ့ နိုင်ငံရေးခြေလှမ်းတွေဟာ ဒီမိုကရေစီနည်းကျဖို့၊ ဒီမိုကရေစီ စံချိန်စံညွှန်းတွေနဲ့ ကိုက်ညီဖို့ သော့ချက်ကျပါတယ်။ ခေတ်စနစ်အပြောင်းကို မောင်းနှင်မယ့် နိုင်ငံရေးဆွေးနွေးပွဲတွေမှာလည်း သဘောတူဆုံးဖြတ် ချက်တွေကို ချမှတ်တဲ့အခါ ဒီမိုကရေစီစံနှုန်းတွေနဲ့ ကိုက်ညီရမှာဖြစ်ပါတယ်။ ဒီမိုကရေစီ စနစ်ကိုသွားမယ့် နိုင်ငံရေးဆွေးနွေးပွဲတွေမှာ ဘယ်သူမှ ဗီတိုအာဏာ ရလို့မဖြစ်သလို၊  ဘယ်သူမှ လက်ဝါးကြီးအုပ်လို့လည်း မရနိုင်ပါ။ ဒီမိုကရေစီနည်းကျ အများစုဆန္ဒနဲ့အညီ ချမှတ်တဲ့ ဆုံးဖြတ်ချက်တွေဖြစ်ဖို့ ရှေးရှုနိုင်မှသာ ဒီမိုကရေစီ စပ်ကူးမပ်ကူးဟာ အားကောင်းမောင်းသန်မှာပါ။
၂၀၁၆ ခုနှစ် အောက်တိုဘာ ၁၈ ရက်တုန်းက ရန်ကုန်မြို့ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနမှာ ဆဋ္ဌမအကြိမ်မြောက် နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင် ပြန်လည်သုံးသပ်ခြင်း အစည်းအဝေး၊ ပထမနေ့ကိုကျင်းပခဲ့တယ်။ အဲဒီအစည်းအဝေးမှာ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံရဲ့ အစုအဖွဲ့တွေကို သတ်မှတ်တဲ့နေရာမှာ တပ်မတော်ကို သီးသန့်အစုအဖွဲ့အနေနဲ့မထားဘဲ၊ အစိုးရ၊ လွှတ်တော်တွေနဲ့ပေါင်းထား ဖို့တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း တွေဖက်က အကြိတ်အနယ် ဆွေးနွေးခဲ့ကြပါတယ်။ နိုင်ငံတော်နဲ့ ဂတ်ကို အဆုံးအဖြတ်လုပ်မယ့် ညီလာခံမှာ အစုအဖွဲ့ဖွဲ့စည်းတာ၊ ကိုယ်စားလှယ်ဦးရေ သတ်မှတ်တာ၊ သဘောတူဆုံးဖြတ်ချက် ချမှတ်တာတွေဟာ အရေးကြီးတာမို့ ပွဲမဝင်ခင်၊ အပြင်မှာ အကြိတ်အနယ် ဆွေးနွေးကြတာဟာ ဖြစ်ရိုးဖြစ်စဉ်ပါ။ အဲဒီလို အလေ့အထတွေ၊ နည်းနာတွေ၊ လုပ်ဟန်တွေနဲ့မယဉ်ပါးတဲ့သူတွေအတွက်တော့ ခေါင်းကိုက်စရာ ဝန်ထုပ်ဝန်ပိုး ဖြစ်နိုင်ပါတယ်။
လွန်ခဲ့တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံမှာတုန်းက စုစုပေါင်း ကိုယ်စားလှယ်ဦးရေက ၇၀၀ သတ်မှတ်ခဲ့တာပါ။ ကိုယ်စားလှယ် အရေအတွက်ကိုကြည့်ရင်၊ အစိုးရအဖွဲ့က ၇၅ ဦး၊ လွှတ်တော်က ၇၅ ဦး၊ တပ်မတော်က (၁၅၀)ဦး၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေက ၁၅၀ ဦး၊ တရားဝင် နိုင်ငံရေးပါတီတွေက ၁၅၀ ဦး၊ တိုင်းရင်းသားက ၅၀ ဦးနဲ့ ပါဝင်သင့်ပါဝင်ထိုက်သူ ၅၀ ဦးလို့သတ်မှတ်ခဲ့တာပါ။ အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ တရားဝင်နိုင်ငံ ရေးပါတီတွေလို့ အစုအဖွဲ့(၅)ဖွဲ့ပါဝင်တာပါ။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေက အစိုးရ၊ လွှတ်တော်နဲ့ တပ်မတော်ကို  အစုအဖွဲ့တစ်ခုတည်းအနေနဲ့ ကိုယ်စားပြုပါဝင်ဖို့ ဆွေးနွေးခဲ့တာ ဖြစ်နိုင်ပါတယ်။
အစိုးရ၊ လွှတ်တော်နဲ့ တပ်မတော်ကို အစုအဖွဲ့တစ်ခုတည်းအနေနဲ့ ကိုယ်စားပြုဖို့ ဆွေးနွေးတာဟာ မြန်မာ့နိုင်ငံရေး ပြဿနာတွေကို ဖြေရှင်းဖို့ကြိုးစားတဲ့အခါမှာ တပ်မတော်ကို သော့ချက်နေရာ ( Key Stakehold ) ကနေ ဖယ်ရှားဖို့ အားထုတ်တာ မဟုတ်ဘူးဆိုတာ နားလည်ဖို့လိုပါတယ်။ တကယ်တော့ ဒီမိုကရေစီ အပြောင်းအလဲလမ်းစမှာ အစိုးရ၊ လွှတ်တော်နဲ့ တပ်မတော်ဟာ တပေါင်းတစည်းတည်းဖြစ်နိုင်လေ၊ ကောင်းလေပါ။ အခု လက်ရှိ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကြည့်ပြန်ရင် တပ်မတော်ဟာ အစိုးရတွေ ထဲရော၊ လွှတ်တော် တွေထဲရောပါနေပြန်တော့ အစုအဖွဲ့တစ်ခုတည်းအဖြစ် ကိုယ်စားပြုရေးဆိုတာ ပိုအဓိပ္ပာယ်ရှိသလို ဖြစ်နေပါ တယ်။
တပ်မတော်ဟာ မြန်မာ့နိုင်ငံရေး ပြဿနာတွေကို အဖြေရှာတဲ့နေရာမှာ သော့ချက်အဖွဲ့အစည်း (Key Stakeholdar) ဆိုတာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ အပါအဝင် အားလုံးက သိမြင်ပြီးသား၊ လက်ခံပြီးသားပါ။ စားပွဲဝိုင်းမှာ ဆွေးနွေးတာပဲဖြစ်ဖြစ်၊ အလွတ်သဘော ဆွေးနွေးတာပဲဖြစ်ဖြစ်  တပ်မတော်ရဲ့အခန်းကဏ္ဍကို အားလုံးက လက်ခံပြီးသားပါ။ တပ်မတော်ဟာ သော့ချက်နေရာ (Key Stakeholdar) မှာဆိုတာ အငြင်းပွားစရာမရှိသလို၊ နိုင်ငံရေး ဆွေးနွေးပွဲတွေမှာ အခြားအစုအဖွဲ့တွေ အားလုံးဟာလည်း သော့ချက်အဖွဲ့အစည်း (Key Stakeholdar) တွေပါ။ အဲဒါကြောင့် တပ်မတော်ဟာ အစိုးရ၊  လွှတ်တော်တို့နဲ့ ပေါင်းကာ အစုအဖွဲ့ တစ်ဖွဲ့တည်းပါဝင်တာဖြစ်ဖြစ်၊ သီးခြားအစုအဖွဲ့ အဖြစ်ပါဝင်တာဖြစ်ဖြစ် သော့ချက်နေရာ (Key Stakeholdar)  ကနေ လုံးဝလျော့ မသွားဘူးဆိုတာကတော့ အသေအချာပါ။
တပ်မတော်ကို အစိုးရ၊ လွှတ်တော်နဲ့ တစ်ဖွဲ့တည်းဖြစ်စေချင်တာက နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင်မှာပါတဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေမှာ သဘောတူ ဆုံးဖြတ်ချက်ချမှတ်တဲ့ ပြဋ္ဌာန်းချက်နဲ့လည်း ဆက်စပ်နိုင်ပါတယ်။ အဲဒီမူဘောင်ရဲ့သဘောတူဆုံးဖြတ်ချက် ချမှတ်တဲ့အခန်း (၆) မှာ ညီလာခံတက်ရောက်သူ အစုအဖွဲ့ တစ်ဖွဲ့ချင်းစီလို့ ဖော်ပြထားတဲ့ အတွက် အစုအဖွဲ့တစ်ဖွဲ့စီက အရေးပါနေတာပါ။ အစုအဖွဲ့ တစ်ဖွဲ့ချင်းစီကနေ ၇၅ ရာ ခိုင်နှုန်း အထက်၊  ရာခိုင်နှုန်း ၅၀ အထက် ထောက်ခံမဲအသီးသီးရမှ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံမှာ ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်မှာဖြစ်ပါတယ်။ ပြန်လည်သုံးသပ်ဆဲနိုင်ငံ ရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်အရ တပ်မတော်ဟာ ညီလာခံတက်ရောက်သူ အစုအဖွဲ့ ငါးဖွဲ့မှာ တစ်ဖွဲ့ဖြစ်နေတာမို့ တပ်မတော်အစုအဖွဲ့က သဘောမတူရင် ဘာဆုံးဖြတ်ချက်မှ ချနိုင်မှာမဟုတ်တဲ့အတွက် တပ်မတော်အစု အဖွဲ့ဟာ နိုင်ငံရေး ဆွေးနွေးပွဲတွေမှာ ဗီတိုအာဏာကိုင်ထားတဲ့ သဘောဘက်ကဲနေတယ်လို့ သုံးသပ်ရမယ့် သဘောဖြစ်နေပါတယ်။
လာမယ့်နိုင်ငံရေး ဆွေးနွေးပွဲတွေမှာ  တပ်မတော်က မထောက်ခံရင် ဘယ်လိုသဘောတူညီချက်မှ ချမှတ်နိုင်မှာမဟုတ်တဲ့ အခင်းအကျင်းကို မပြင်မဆင်နိုင်ဘဲ အမျိုးသား အဆင့်နိုင်ငံရေး ဆွေးနွေးပွဲတွေ၊ ပြည်ထောင် စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံတွေမှာ နိုင်ငံရေး သဘောတူညီချက်တွေကို ဆုံးဖြတ်ဖို့ဆိုတာ အတော့်ကိုခဲယဉ်းမှာဖြစ်ပါတယ်။ ဒီမိုကရေစီအပြောင်းအလဲကို ရှေးရှုတဲ့ ဆုံးဖြတ်ချက်တွေ ချလာနိုင်ဖို့ဆိုတာမဖြစ် နိုင်သလောက်ကို အလားအလာနည်းဦးမယ် ထင်ပါတယ်။ အဲဒါကြောင့် နိုင်ငံရေးဆွေးနွေးပွဲတွေမှာ တပ်မတော်အနေနဲ့ ဗီတိုအာဏာနဲ့ လုပ်ပိုင်ခွင့်တွေ ချုပ်ကိုင်ထားတဲ့ အစိတ်အ ပိုင်းတွေကို နိုင်ငံရေးဆွေးနွေးမှု ဆိုင်ရာမူဘောင်မှာ ကနဦးဆွေးနွေး၊ ညှိနှိုင်း၊ ပြင်ဆင်ရမှာ ဖြစ်ပါတယ်။ အဲဒီလိုညှိနှိုင်း၊ ပြင်ဆင်နိုင်မှ ဒီမိုကရေစီ အကူးအပြောင်းကာလဟာလည်း ခြေခင်း၊ လက်ခင်းသာနိုင်မှာ ဖြစ်ပါတယ်။
တပ်မတော်နဲ့ ပြေပြေလည်လည်ညှိနှိုင်းပြီး အဖြေရှာမှ အဖြေထွက်မယ်ဆိုတဲ့ သုံးသပ်ချက်ကတော့ တစ်ဖက်သတ်ဆန်လွန်းတဲ့အပြင်၊ တပ်မတော်က သဘောမတူရင်၊ တပ်မတော်နဲ့မပြေလည်ရင် ဘာမှအလုပ်မဖြစ်နိုင်ဘူးဆိုတဲ့သဘောကနေ တပ်မတော်ဟာ မြန်မာ့နိုင်ငံရေး အပြောင်းအလဲမှာ ဗီတိုအာဏာ ကိုင်စွဲထားတယ်ဆိုတဲ့သဘောအထိ တာသွားနိုင်ပါတယ်။ တကယ်တော့ တပ်မတော်အပါအဝင် အစုအဖွဲ့အားလုံးအနေနဲ့  ညှိနှိုင်းဆွေးနွေးကာ အဖြေရှာနိုင်ဖို့ အရေးကြီးတာပါ။ တပ်မတော်ဟာ အခြားအစုအဖွဲ့တွေထက် ပိုမိုဆုံးဖြတ်ပိုင်ခွင့်ရနေမယ်၊ ပိုမိုအရေးပါနေမယ်ဆိုရင် နိုင်ငံရေးဆွေးနွေးပွဲတွေဟာ တစ်ဖက်စောင်းနင်း ဖြစ်သွားနိုင်ပါတယ်။ ဒီမိုကရေစီနိုင်ငံရေးမှာ ပြည်သူသာ အရှင်သခင်၊ ပြည်သူသာ အမိအဖဖြစ်တဲ့အတွက် ပြည်သူလူထုအများစုရဲ့ ဆန္ဒသဘောထားနဲ့အညီပဲ အဆုံးအဖြတ် ခံယူရမှာဖြစ်ပါတယ်။ အဲဒါကြောင့် တပ်မတော်နဲ့ ပြေပြေလည်လည်ညှိနှိုင်းပြီး အဖြေရှာမှ အဖြေထွက်မယ်ဆိုတဲ့ သုံးသပ်ချက်ဟာ အာဏာရှင်ဆန်တဲ့ဘက်ကို ယိမ်းလွန်းတဲ့အမြင ်သက်သက်အဖြစ် ကန့်ကွက်ရမှာဖြစ်ပါတယ်။
နိုင်ငံရေး ဆွေးနွေးပွဲတွေမှာ သဘောတူ ဆုံးဖြတ်ချက်ချမှတ်တဲ့အခါ ညီလာခံတက်ရောက်တဲ့ အစုအဖွဲ့တစ်ဖွဲ့ချင်းစီက သဘောတူမှဆိုတာထက်၊ ဒီမိုကရေစီနည်းကျ အများဆန္ဒနဲ့  အဆုံးအဖြတ်ပြုနိုင်ဖို့ ပဓာနကျပါတယ်။ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံနဲ့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေမှာ ဒီမိုကရေစီ နည်းကျအများစုဆန္ဒနဲ့ သဘောတူဆုံးဖြတ်နိုင်ဖို့ ဦးစားပေးသင့်ပါတယ်။ အဲဒါမှ တိုင်းရင်းသား ပြည်သူလူထုအများစုရဲ့ ဆန္ဒသဘောထားတွေနဲ့ ထင်ဟပ်တဲ့ ဒီမိုကရေစီနိုင်ငံရေး ခြေလှမ်းတွေလည်း အားကောင်းမောင်းသန် လာမှာဖြစ်ပါတယ်။
နိုင်ငံရေး ဆွေးနွေးမှု ဆိုင်ရာမူဘောင်မှာ အစုအဖွဲ့ တွေဖွဲ့စည်းတဲ့ပုံစံကို မပြင်ဘဲ၊ တပ်မတော်ကိုအစုအဖွဲ့တစ်ခုအဖြစ် ဆက်သတ်မှတ်မယ်ဆိုရင်တောင် နိုင်ငံရေးဆွေး နွေးပွဲတွေမှာ သဘောတူဆုံးဖြတ်ချက်ချမှတ် တာနဲ့ပတ်သက်လို့ အကြိတ်အနယ်ညှိနှိုင်း ဆွေးနွေးပြင်ဆင်နိုင်ဖို့ လိုအပ်ပါတယ်။ အဲဒီ လိုပြင်ဆင်နိုင်မှ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ၊ အမျိုးသားအဆင့်နိုင်ငံရေးဆွေး နွေးပွဲတွေဟာ အသက်ဝင်လာမှာဖြစ်ပါတယ်။  ဒီမိုကရေစီ နည်းကျ လျှို့ဝှက်ဆန္ဒမဲပေးကာ သဘောတူဆုံးဖြတ်နိုင်ဖို့ လိုပါတယ်။ အဲဒါမှ လည်း ဒီမိုကရေစီစပ်ကူးမပ်ကူးဟာ ရင်ခုန် စိတ်လှုပ်ရှားစရာဖြစ်လာမှာပါ။
နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင်၊  အခန်း(၆)၊ အပိုဒ်(၆)၊ အပိုဒ်ခွဲ (၆.၂) နဲ့စပ် လျဉ်းရင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ တွင် လုပ်ငန်းကော်မတီအသီးသီးမှ တင်ပြလာသော ကိစ္စရပ်များအနက် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုဆိုင်ရာကိစ္စရပ်များ၊ နိုင်ငံတော် လုံခြုံရေးဆိုင်ရာကိစ္စရပ်များနှင့် လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်း စည်းရေးကိစ္စရပ်များအပါအဝင် အရေးကြီးသော ကိစ္စရပ်များကို ညီလာခံတက်ရောက် သူအစုအဖွဲ့တစ်ဖွဲ့ချင်းစီမှ အနည်းဆုံး ၇၅ ရာခိုင်နှုန်းအထက် ထောက်ခံမဲရရှိ၍ တက် ရောက်သူစုစုပေါင်း၏ အနည်းဆုံး ၇၅ ရာခိုင်နှုန်း အထက် ထောက်ခံမဲဖြင့် ဆုံးဖြတ်နိုင်သည်အစား ညီလာခံတက်ရောက်သူ စုစုပေါင်း၏  ၆၅ ရာခိုင်နှုန်းအထက် ထောက်ခံမဲဖြင့်ဆုံး ဖြတ်နိုင်သည်လို့ ပြင်ဆင်နိုင်ဖို့ ညှိနှိုင်းဆွေးနွေး သင့်ပါတယ်။ ဒါ့အပြင် အပိုဒ်ခွဲ(၆.၂)မှာ ဖော်ပြထားတဲ့ အရေးကြီးတဲ့ ကိစ္စရပ်တွေကိုလည်း တိတိကျကျ ကြိုတင်သတ်မှတ်နိုင်ဖို့ ညှိနှိုင်းဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။
နောက် နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင်၊ အပိုဒ်ခွဲ (၆.၃) မှာ အခြားကိစ္စရပ်များနှင့် စပ်လျဉ်း၍ ညီလာခံတက်ရောက်သူ အစုအဖွဲ့ တစ်ဖွဲ့ချင်းစီမှ အနည်းဆုံး ရာခိုင်နှုန်း ၅၀ အထက် ထောက်ခံမဲရရှိ၍ တက်ရောက်သူ စုစုပေါင်း၏ အနည်းဆုံး ၆၅ ရာခိုင်နှုန်း အထက်ထောက်ခံမဲဖြင့် ဆုံးဖြတ်နိုင်သည်လို့ ဖော်ပြထားတာကို ညီလာခံတက်ရောက်သူ စုစုပေါင်း၏ ရာခိုင်နှုန်း ၅၀ အထက် ထောက်ခံမဲဖြင့်ဆုံးဖြတ်နိုင်သည်လို့ အစားထိုးပြင် ဆင်နိုင်ဖို့ ဆွေးနွေး၊ ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။ အဲဒါမှ နိုင်ငံရေး ဆွေးနွေးပွဲတွေမှာ သဘောတူညီချက် ဆုံးဖြတ်တာဟာ ဒီမိုကရေစီစံနှုန်းတွေနဲ့ တိတိကျကျ ကိုက်ညီလာမှာ ဖြစ်ပါတယ်။
အချုပ်ပြောရရင်တော့ လာမယ့်ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ၊ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲတွေမှာ သဘောတူ ဆုံးဖြတ်ချက်တွေ ချမှတ်တဲ့အခါ တပ်မတော်က ဗီတိုအာဏာရထားသလို သူသဘောမတူရင် ဘာမှဆုံးဖြတ်လို့ မရနိုင်သလိုဖြစ်နေတဲ့ နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင်ကို ဦးစွာအကြိတ်အနယ် ဆွေးနွေး၊ ဆုံးဖြတ်၊ ပြင်ဆင်နိုင်ဖို့ အရေးကြီးပါတယ်။ ဒီမိုကရေစီ နည်းကျ၊ သဘောတူ ဆုံးဖြတ်နိုင်ဖို့လည်း ပဓာနကျပါတယ်။ နိုင်ငံတော်နဲ့ နိုင်ငံသားတွေအတွက် စစ်မှန်တဲ့ ငြိမ်းချမ်းရေးရဖို့ ဟိုလူ့ဖားရ၊ ဒီလူ့ဖားရ၊ ဟိုလူ့မျက်နှာကြည့်ရ၊ ဒီလူ့မျက်နှာကြည့်ရ၊ ဟိုလူ့မျက်နှာချိုသွေးရ၊ ဒီလူ့မျက်နှာချိုသွေးရ၊ ဟိုလူနဲ့ပြေလည်မှ၊ ဒီလူနဲ့ပြေလည်မှဆိုတဲ့ အသွင်သဏ္ဌာန်တွေ အားကောင်းနေဦးမယ် ဆိုရင်တော့ မြန်မာ့ငြိမ်းချမ်းရေး ရှေ့ခရီးဟာ ေ၀ဝါးထွေပြားကာ၊ လမ်းပျောက်နိုင်ဖွယ်ရှိတဲ့အကြောင်း သုံးသပ် တင်ပြလိုက်ရပါတယ်။