အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများသည် NCA ကို အခြေခံ ဆောင်ရွက်သောကြောင့် NCA လက်မှတ် ရေးထိုးထားခြင်း မရှိသည့် အဖွဲ့များ ပါဝင်ခွင့်ရမည် မဟုတ်ကြောင်း CNF ဒုတိယဥက္ကဋ္ဌ ပြောကြား

အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများသည် NCA ကို အခြေခံ ဆောင်ရွက်သောကြောင့် NCA လက်မှတ် ရေးထိုးထားခြင်း မရှိသည့် အဖွဲ့များ ပါဝင်ခွင့်ရမည် မဟုတ်ကြောင်း CNF ဒုတိယဥက္ကဋ္ဌ ပြောကြား
Published 20 October 2016
ကျော်ဇင်ဝင်း၊ ဇာလီမြင့်ဦး

အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများသည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို အခြေခံ ဆောင်ရွက်သောကြောင့် NCA လက်မှတ် ရေးထိုးထားခြင်း မရှိသည့် အဖွဲ့များ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများတွင် ပါဝင်ခွင့်ရရှိမည် မဟုတ်ကြောင်း NCA လက်မှတ်ရေးထိုးထားသည့် ချင်းအမျိုးသားတပ်ဦး (CNF) ဒုတိယဥက္ကဋ္ဌ ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းက ပြောကြားသည်။
ရန်ကုန်မြို့ရှိ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) တွင် အောက်တိုဘာ ၁၈ ရက်မှ ၂၁ ရက်ထိ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်သုံးသပ်ခြင်းနှင့် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပရန်အတွက် လုပ်ငန်းလမ်းညွှန်များ အတည်ပြုနိုင်ရန် ဆွေးနွေးပွဲ ကျင်းပလျက်ရှိပြီး အဆိုပါ ဆွေးနွေးပွဲ အခြေအနေများနှင့် ပတ်သက်၍ ပြောကြားရာတွင် ၎င်းက ထိုသု့ိပြောကြားခြင်း ဖြစ်သည်။
အဆိုပါ NRPC ၌ကျင်းပသည့် နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်သုံးသပ်ခြင်း အစည်းအဝေးသို့ NCA လက်မှတ် မရေးထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ပါဝင်ဖွဲ့စည်းထားသည့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ၏ နိုင်ငံရေးဆိုင်ရာ ဆွေးနွေးညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ (DPN) အဖွဲ့ တက်ရောက်ခဲ့သည်။
နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်စဉ်အားလုံး၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဖြစ်စဉ်အားလုံးသည် NCA ပေါ် အခြေခံ ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ NCA စာချုပ်အပိုဒ် ၂၁၊ အပိုဒ် ၂၂ တွင် နိုင်ငံရေး ဆွေးနွေးပွဲဆိုင်ရာ ကိစ္စကို ဖော်ပြထားရာတွင် ဤစာချုပ်ကို လက်မှတ်ရေးထိုးသော အဖွဲ့များသည်ဟု ဖော်ပြထားကြောင်း ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းက ပြောကြားသည်။ “ဆက်ပြီးတော့ ဆောင်ရွက်ရမယ့် ကိစ္စအားလုံးက NCA ကို အခြေခံပြီးတော့ ဆောင်ရွက်ရမှာ ဖြစ်တဲ့အတွက် တကယ်လို့ သူတို့အနေနဲ့ လက်မှတ်မထိုးဖြစ်ဘူး ဆိုရင်တော့ ဒါကတော့ သူတို့အနေနဲ့ ပါလို့ရမှာ မဟုတ်ဘူး။ ထို့အတွက်ကြောင့်ပဲ သူတို့ပါနိုင်ရေးကိစ္စကို ကျွန်တော်တို့ ကြိုးစားပြီးတော့ ပြီးခဲ့တဲ့ ၂၁ ရာစုပင်လုံမှာ သူတို့ကို လက်မှတ်မထိုး သေးသော်လည်း ပါခိုင်းတယ်။ အခု Review လုပ်တဲ့နေရာမှာလည်း လက်မှတ်မထိုး သေးသော်လည်း ပါခိုင်းတယ်။ဘာဖြစ်လို့ ဒီအချိန်မှာ ပါခိုင်းသလဲဆိုတော့ ကျွန်တော်တို့ Review လုပ်နေတဲ့အခါ ပြင်ဆင်တဲ့နေရာမှာ အားလုံးသူတို့ ပါလို့ရှိရင် သူတို့လက်မှတ်ထိုးပြီးပြီးခြင်း အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲမှာ သူတို့ပါလို့ရမယ်။ ပါဝင်ပတ်သက်လို့ ရမယ်။ သူတို့ပိုင်ဆိုင်မှုလေး ရှိမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျွန်တော်တို့ လုပ်တာဖြစ်တယ်။ ဒါပေမဲ့ တကယ်စပြီးတော့ ပွဲလုပ်တဲ့ အချိန်ထိ သူတို့လက်မှတ် မထိုးသေးဘူး ဆိုရင်တော့ ကျွန်တော်တို့ ဝမ်းနည်းစွာနဲ့ပဲ သူတို့ကို ချန်ထားရမှာ ဖြစ်ပါတယ်။ သို့သော် အဲဒီလို မဖြစ်ဖို့အတွက် ဘက်ပေါင်းစုံကနေ ကျွန်တော်တို့ ကြိုးစားနေတာ ဖြစ်ပါတယ်။ ကြိုးစားပြီးတော့မှ တကယ်အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲတွေ စတင်ကျင်းပတဲ့ အခါကျလို့ရှိရင် သူတို့ပါနိုင်ဖို့ ကြိုးစားပြီးတော့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းက ပြောကြားသည်။
ထို့ပြင် NCA စာချုပ်အရ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများ ဦးဆောင်ကျင်းပခွင့်ရှိသူများမှာ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၊ နိုင်ငံရေးပါတီများ ဖြစ်သဖြင့် NCA လက်မှတ်ရေးထိုးထားခြင်း မရှိသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များရှိရာ ဒေသများတွင်လည်း အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပနိုင်ကြောင်း ၎င်းက ပြောကြားသည်။
“သို့သော် ကျွန်တော်တို့အနေနဲ့ အဲဒီလို မလုပ်ချင်ဘူး။ ဒီတိုင်းပြည်မှာ ဒီငြိမ်းချမ်းရေး ဆွေးနွေးပွဲတစ်ခု လုပ်နေတာ၊ ဒီနိုင်ငံရေး ဆွေးနွေးပွဲဆိုင်ရာ မူဘောင်ကို ရေးဆွဲနေတာ၊ နိုင်ငံရေး ဆွေးနွေးပွဲကို ကျင်းပတယ်ဆိုတာ အနှစ် ၆၀ ပြည်တွင်းစစ်ကို ချုပ်ငြိမ်းစေဖို့ ဖြစ်ပါတယ်။ ပြည်တွင်းစစ် ချုပ်ငြိမ်းရေးနဲ့ တိုင်းပြည်ငြိမ်းချမ်းရေးဟာ ကျွန်တော်တို့ရဲ့အဓိက ဦးတည်ချက်ဖြစ်တယ်။ ဒီဦးတည်ချက် ပြည့်မီဖို့ဆိုရင် လက်မှတ်မထိုးတဲ့ အဖွဲ့တွေ အမြန်ဆုံး ပါလာနိုင်ရင် သူတို့ကနေပြီးတော့ နိုင်ငံရေးဆွေးနွေးပွဲ အဆင့်ဆင့်မှာ ပါလာနိုင်ရေးက အင်မတန် အရေးကြီးတာ ဖြစ်ပါတယ်။ ထို့အတွက်ကြောင့် သူတို့မပါပါအောင် ကျွန်တော်တို့ အားလုံးက ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ အဲဒါကတော့ ကျွန်တော်တို့ ကြိုးစားနေပါတယ်” ဟု ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းက ပြောကြားသည်။
နိုင်ငံရေးဆွေးနွေးပွဲ အဆင့်ဆင့် အားလုံးသည် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) က ဦးဆောင်ကျင်းပမည် ဖြစ်ကြောင်း၊ UPDJC အောက်တွင် လုပ်ငန်းကော်မတီများ ရှိမည်ဖြစ်ကြောင်း၊ အဆိုပါ လုပ်ငန်းကော်မတီများနှင့် သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီးတွင် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပမှုဆိုင်ရာ ကြီးကြပ်ရေးကော်မတီများ ဖွဲ့စည်းမည် ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
NCA လက်မှတ်ရေးထိုးမှသာ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများတွင် ပါဝင်ခွင့်ရမည် ဆိုပါက NCA တွင် ပါဝင်ခြင်း မရှိသည့် လက်နက်ကိုင် အဖွဲ့များရှိရာ ဒေသများရှိ ဆွေးနွေးမှုများ၌ အခက်အခဲရှိနိုင်ဟု DPN အဖွဲ့ ခေါင်းဆောင် ခူဦးရယ်က သုံးသပ်ပြောကြားသည်။
ထို့ပြင် NCA လက်မှတ်ရေးထိုးရခြင်း မရှိသေးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များရှိရာ ဒေသများတွင် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများအား ကျင်းပရန် ရှိ၊ မရှိမှာ UPDJC ကသာ ဆုံးဖြတ်မည်ဖြစ်ကြောင်း NRPC အကြီးတန်း အကြံပေး ဦးလှမောင်ရွှေက ပြောကြားသည်။
UPDJC တွင် အစိုးရ၊ လွှတ်တော်၊ တပ်မတော် စုစုပေါင်း ၁၆ ဦး၊ NCA လက်မှတ် ရေးထိုးထားသည့် လက်နက်ကိုင် အဖွဲ့များမှ ၁၆ ဦး၊ ရွေးကောက်ပွဲ အနိုင်ရရှိထားသည့် နိုင်ငံရေးပါတီများမှ ၁၆ ဦးဖြင့် ပါဝင်ဖွဲ့စည်းထားသည်။
 

Most Read

Most Recent