ပေါ်တူဂီနိုင်ငံတွင် အချိုရည်များအား သကြားအခွန် စတင် ကောက်ခံမည်

ပေါ်တူဂီနိုင်ငံတွင် အချိုရည်များအား သကြားအခွန် စတင် ကောက်ခံမည်
Published 15 October 2016

ပေါ်တူဂီနိုင်ငံတွင် ဆိုရှယ်လစ် အစိုးရက ၂၀၁၇ ခုနှစ်မှစ၍ အချိုရည်များအား သကြားအခွန် စတင်ကောက်ခံတော့မည်ဟု သိရသည်။ အောက်တိုဘာ ၁၄ ရက်က ထွက်ပေါ်လာသည့် ဘတ်ဂျက်ဥပဒေကြမ်း တစ်ခုထဲ၌ သကြားအခွန် ကောက်ခံမှုက ပေါ်တူဂီ ကျန်းမာရေးဌာနအတွက် ယူရိုသန်း ၈၀ (ဒေါ်လာ ၈၈ သန်း) ရရှိစေနိုင်မည်ဟု ဖော်ပြခဲ့သည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က အချိုရည်များအပေါ် အခွန်များ စတင် ကောက်ခံရန် နိုင်ငံများကို တိုက်တွန်းခဲ့ပြီး သုံးရက်အကြာတွင် ပေါ်တူဂီ၌ သကြားအခွန် ကောက်ခံမည့် ကြေညာချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။ ထိုသို့ သကြားအခွန် ကောက်ခံမှုကြောင့် အချိုရည်များ၏ ဈေးနှုန်းများ မြင့်တက်လာကာ သောက်သုံးမှုများကိုလည်း လျော့ကျစေမည်ဖြစ်သည်။
ပေါ်တူဂီအစိုးရ၏ အစီအစဉ်အရတစ် လီတာလျှင် သကြား ၈၀ ဂရမ်နှင့်အထက် ပါဝင်သည့် အချိုရည်များကို တစ်ဟက်တိုလီတာ (၁၀၀ လီတာ) လျှင် အခွန် ၁၆ ဒသမ ၄၆ ယူရိုကောက်ခံမည်ဟု သိရသည်။ တစ်လီတာလျှင် သကြား ၈၀ ဂရမ်အောက်လျော့သည့် အချိုရည်များကိုမူ တစ်ဟက်တိုလီတာအတွက် အခွန် ၈ ဒသမ ၂၂ ယူရို ကောက်ခံမည်ဖြစ်သည်။
ထိုအခွန်ကောက်ခံမှုကြောင့် သကြား ၃၅ ဂရမ် ပါဝင်သည့် ၃၃၀ မီလီလီတာရှိသော ကိုကာကိုလာ သံဗူးတစ်ဗူး၏ ဈေးနှုန်းသည် ၅ ဒသမ ၅ ယူရိုဆင့် မြင့်တက်သွားလိမ့်မည် ဖြစ်သည်။ ပေါ်တူဂီ၏ သကြားအခွန် ကောက်ခံမှုသည် အချိုရည်များပေါ်တွင်သာ သက်ရောက်မည်ဖြစ်ပြီး နို့နှင့် သစ်သီးများကို အခြေခံထားသော အချိုရည်များအပေါ်၌ သက်ရောက်မည် မဟုတ်ဟု သိရသည်။
၂၀၁၅ နိုဝင်ဘာလအထိ အာဏာရှိခဲ့သော ယခင်ပေါ်တူဂီ လက်ယာယိမ်း အစိုးရ လက်ထက် အတွင်းကလည်း သကြားနှင့် ဆားများလွန်းသော အချိုရည်နှင့် စားသောက်ကုန်များအပေါ် သကြားခွန် ကောက်ခံမည်ဟု စီစဉ်ခဲ့ကြဖူးသော်လည်း မအောင်မြင်ခဲ့ပေ။
လက်ရှိ ကမ္ဘာပေါ်၌ သကြားအခွန် ကောက်ခံနေသော နိုင်ငံများမှာ ပြင်သစ်၊ မက္ကဆီကိုနှင့် တောင်အာဖရိက နိုင်ငံတို့ ဖြစ်သည်။ ဗြိတိန်တွင်လည်း ကလေးများ အဝလွန်ခြင်းကို ဟန့်တားရန်အတွက် ဝန်ကြီးချုပ် ထရီဇာမေ၏ ကွန်ဆာဗေးတစ် အစိုးရအဖွဲ့သည် သြဂုတ်လက ယင်းကဲ့သို့ သကြားအခွန် ကောက်ခံရန် အဆိုပြုချက်များ တင်သွင်းခဲ့ကြသေးသည်။
ပေါ်တူဂီနိုင်ငံတွင် ဆိုရှယ်လစ်များသည် ကွန်မြူနစ်များ၊ လက်ဝဲစွန်းရောက်များနှင့် ပူးပေါင်း၍ ဗဟိုလက်ယာယိမ်း အစိုးရကို ဖြုတ်ချကာ ပြီးခဲ့သည့်နှစ်ကမှ အာဏာ ရလာခဲ့ခြင်း ဖြစ်သည်။
Ref: AFP

Most Read

Most Recent