ဘိုကိုဟာရမ်တို့က ချီဘော့မိန်းကလေး ၂၁ ဦးကို ပြန်လွှတ်ပေးခဲ့သဖြင့် ကျန်မိန်းကလေးများ လွတ်မြောက်ရန် မျှော်လင့်ချက် မြင့်တက်

ဘိုကိုဟာရမ်တို့က ချီဘော့မိန်းကလေး ၂၁ ဦးကို ပြန်လွှတ်ပေးခဲ့သဖြင့် ကျန်မိန်းကလေးများ လွတ်မြောက်ရန် မျှော်လင့်ချက် မြင့်တက်
Published 14 October 2016

ဘိုကိုဟာရမ် ဂျီဟတ်အဖွဲ့သည် လွန်ခဲ့သည့် နှစ်နှစ်ကျော်ခန့်က ချီဘော့မြို့မှ ၎င်းတို့ ဖမ်းဆီးခဲ့ကြသည့် ကျောင်းသူ ၂၀၀ ကျော်အနက် ၂၁ ဦးကို အောက်တိုဘာ ၁၃ ရက်က ပြန်လွှတ်ပေးလိုက်သည်ဟု နိုင်ဂျီးရီးယား အစိုးရ အရာရှိများက ပြောကြားခဲ့သည်။ ထို့ကြောင့် ကျန်သော ကျောင်းသူများပါ ပြန်လည်လွတ်မြောက်လာရန် မျှော်လင့်ချက်များ မြင့်တက်လာခဲ့ကြသည်။
နိုင်ဂျီးရီးယား ဒုတိယ သမ္မတ ယီမီအိုစင်ဘာဂျိုသည် မြို့တော်အဘူဂျာတွင် ဝမ်းမြောက်ပျော်ရွှင်စွာဖြင့် ပြန်လွတ်လာသည့် မိန်းကလေးများနှင့် တွေ့ဆုံခဲ့ပြီးနောက် “ဒါဟာ တစ်နိုင်ငံလုံးအတွက် အရမ်း စိတ်လှုပ်ရှားစရာကောင်းတဲ့ သတင်းပါပဲ။ ပြန်လွတ်လာတဲ့ မိန်းကလေး ၂၁ ဦးဟာ ကျန်းမာရေး ကောင်းမွန်ကြတဲ့အတွက် သူတို့ နေထိုင်ခဲ့ရတဲ့ အခြေအနေကို ခန့်မှန်းနိုင်ပါတယ်” ဟု ဒုသမ္မတက ပြောကြားခဲ့သည်။ ဒုသမ္မတရုံးက ပြန်လွတ်လာသော မိန်းကလေးများ၏ အမည်ကို ထုတ်ပြန်ခဲ့ပြီး ၎င်းတို့အနက် မိန်းကလေး တစ်ဦးသည် ကလေးတစ်ဦးအား ချီထားသည်ကိုလည်း တွေ့ရသည်။
ပြည်တွင်းသတင်းရင်းမြစ်များက မိန်းကလေးများ ပြန်လွတ်လာခြင်းသည် နိုင်ဂျီးရီးယား အစိုးရက အကျဉ်းသားချင်း လဲလှယ်ခဲ့သောကြောင့်သာ ဖြစ်သည်ဟု ပြောကြားခဲ့ ကြသည်။ သို့သော် အာဏာပိုင်များကမူ ဘိုကိုဟာရမ်တို့နှင့် မည်သည့် သဘောတူညီချက်မျှ မပြုလုပ်ခဲ့ကြောင်း ငြင်းဆိုခဲ့ပြီး ယခု မိန်းကလေး ၂၁ ဦး ပြန်လည်လွတ်မြောက်လာသည့် မကြုံစဖူးဖြစ်ရပ်သည် ထိန်းသိမ်းခံထားရသေးသည့် ကျန် မိန်းကလေး ၁၉၇  ဦး ထပ်မံလွတ်မြောက်လာစေရေးအတွက် ကူညီပေးနိုင်လိမ့်မည်ဟု ကြေညာခဲ့သည်။
“ဒီမိန်းကလေးတွေ ပြန်လွတ်လာတာဟာ စစ်ဆင်ရေးတွေ ပြီးဆုံးသွားတဲ့ အဓိပ္ပာယ်တော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒါဟာ အကြမ်းဖက်မှုကို ဆန့်ကျင်တဲ့ စစ်ပွဲရဲ့ မျက်နှာစာအသစ် ဖြစ်လာနိုင်ပါတယ်” ဟု နိုင်ဂျီးရီးယား ပြန်ကြားရေးဝန်ကြီး လိုင်မိုဟာမက်က ပြောကြားခဲ့သည်။
နိုင်ဂျီးရီးယား သမ္မတရုံး၏ ထုတ်ပြန်ချက်ထဲတွင်မူ နိုင်ငံတကာ အဖွဲ့အစည်း ကြက်ခြေနီနှင့် ဆွစ်ဇာလန် အစိုးရတို့၏ ဝင်ရောက် စေ့စပ်ပေးမှုတို့ဖြင့် ဘိုကိုဟာရမ်နှင့် နိုင်ဂျီးရီးယား အစိုးရတို့ ကြားတွင် ညှိနှိုင်း ဆွေးနွေးမှုများ ပြုလုပ်ပြီးနောက် မိန်းကလေးများ ပြန်လွတ်လာကြသည်ဟု ဖော်ပြထားသည်။ ပြည်တွင်း သတင်းရင်းမြစ်များကမူ ထိုမိန်းကလေးများကို ကင်မရွန်းနယ်စပ်အနီး ဘန်ကီမြို့တွင် ဘိုကိုဟာရမ် စစ်သွေးကြွ လေးဦးနှင့် လဲလှယ်ခဲ့ခြင်း ဖြစ်သည်ဟု ပြောကြားခဲ့ကြသည်။
၂၀၁၄ ခုနှစ် ဧပြီလက ချီဘော့မိန်းကလေးများ ပြန်ပေးဆွဲခံရသည့် ကိစ္စကြောင့် ဘိုကိုဟာရမ် သူပုန်အဖွဲ့သည် တစ်ကမ္ဘာလုံး၏ အာရုံစိုက်ခြင်း ခံခဲ့ရသည်။ ဘိုကိုဟာရမ်သည် အစောပိုင်းက မိန်းကလေး ၂၇၆ ဦးကို ဖမ်းဆီးသွားခဲ့ခြင်း ဖြစ်သော်လည်း နာရီပိုင်းအကြာတွင် မိန်းကလေးများစွာ ပြန်လည်လွတ်မြောက်ခဲ့ကာ ယခုနှစ် အစောပိုင်းကလည်း အသက် ၁၉ နှစ်အရွယ် ချီဘော့မိန်းကလေး တစ်ဦးကို လေးလအရွယ် သားတစ်ဦးနှင့်အတူ ပြန်လည် တွေ့ရှိခဲ့သည်။
Ref: AFP

Most Read

Most Recent