သြစတြေးလျတွင် IS ကို အားကျသော ဆယ်ကျော်သက်များအား စွဲချက်တင်

သြစတြေးလျတွင် IS ကို အားကျသော ဆယ်ကျော်သက်များအား စွဲချက်တင်
Published 13 October 2016

သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့တွင် လှံစွပ် ဓားပုံစံ ဓားများနှင့်အတူ ဖမ်းဆီးခံခဲ့ရသော အသက် ၁၆ နှစ်အရွယ် ဆယ်ကျော်သက် ယောက်ျားလေးနှစ်ဦးကို ဖြစ်အံ့ဆဲဆဲ အကြမ်းဖက်တိုက်ခိုက်မှု တစ်ခုအား ပြုလုပ်ရန် စီစဉ်ခဲ့မှု စွဲချက်ဖြင့် အောက်တိုဘာ ၁၃ ရက်တွင် စွဲချက်တင်ခဲ့ကြောင်း သိရသည်။ အမည် မထုတ်ပြန်ခဲ့သော ယင်းနှစ်ဦးသည် IS အဖွဲ့ကို အားကျခဲ့ကြောင်း၊ ၎င်းတို့သည် ဆိုင်တစ်ဆိုင်တွင် ယင်းဓားများကို ဝယ်ယူခဲ့ပြီးနောက် ဆစ်ဒနီ အနောက်တောင်ပိုင်းတွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့ရာ လူငယ်များ အစွန်းရောက်လာမှုအတွက် စိုးရိမ်မှုများ ပြန်လည်ဖြစ်ပေါ်စေခဲ့သည်။
အကြမ်းဖက် တိုက်ခိုက်မှုတစ်ခု လုပ်ဆောင်ရန်အတွက် ကြိုတင်ပြင်ဆင်ခြင်းသို့ မဟုတ် စီစဉ်နေခြင်းနှင့် အကြမ်းဖက်အဖွဲ့၏ အဖွဲ့ဝင်ဖြစ်နေခြင်း စသည့် စွဲချက်များတွင် ပြစ်မှုထင်ရှားပါက ၎င်းတို့သည် ထောင်ဒဏ် တစ်သက် ကျခံရနိုင်ကြောင်း သိရသည်။ ၎င်းတို့နှစ်ဦးအား ကလေးတရားရုံးက အာမခံပေးရန် ငြင်းဆန်ခဲ့သည်။ နယူးဆောက်ဝေး ဒုတိယ ရဲမင်းကြီး ကက်သရင်းဘန်းက ဖြစ်အံ့ဆဲဆဲ ယင်းအကြမ်းဖက်တိုက်ခိုက်မှုသည် မည်သည့်နေရာတွင် ဖြစ်ပွားမည်နှင့် ပတ်သက်၍ အထူးပြုသည့် သတင်းအချက်အလက်များ မရရှိသေးကြောင်း ပြောကြားခဲ့သည်။ သို့သော် ယင်းလူငယ်နှစ်ဦး၏ လုပ်ဆောင်မှုများသည် အကြမ်းဖက်တိုက်ခိုက်မှု ပြုလုပ်ရန် ကြိုတင်ပြင်ဆင်နေသည်ဟု ပြောကြားရန်အတွက် လုံလောက်နေကြောင်း ၎င်းက ပြောကြားခဲ့သည်။
သြစတြေးလျ အစိုးရက ပြီးခဲ့သော နှစ်နှစ်အတွင်း နိုင်ငံထဲတွင် အကြမ်းဖက် တိုက်ခိုက်ရန် အစီအစဉ် ၁၁ ခုကို ကြိုတင်ဟန့်တားနိုင်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။ သို့သော် ပြီးခဲ့သောနှစ်တွင် ဆစ်ဒနီ၌ ရဲတပ်ဖွဲ့ဝန်ထမ်း တစ်ဦး အသတ်ခံရမှု အပါအဝင် အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ် အများအပြား ဖြစ်ပွားခဲ့သည်။ ၂၀၁၄ ခုနှစ်နှောင်းပိုင်းတွင် အကြမ်းဖက်မှု တန်ပြန်ရေး တာဝန်ရှိသူများက ဖမ်းဆီးမှုများစွာ လုပ်ဆောင်ခဲ့ပြီး လူငယ်များ ပါဝင်နေမှုနှင့် ထိန်းသိမ်းခံခဲ့ရသူ အများအပြားသည် အစွန်းရောက်နေကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။
ပြည်တွင်း၌ အစွန်းရောက်မှု ပြဿနာ ကို စိုးရိမ်မှု မြင့်တက်လာနေပြီး သြစတြေးလျ အစိုးရသည် ၂၀၁၄ ခုနှစ် စက်တင်ဘာတွင် အကြမ်းဖက် တိုက်ခိုက်မှုအန္တရာယ် ခြိမ်းခြောက်ခံရမှု အဆင့်ကို တိုးမြှင့်ခဲ့သည်။
Ref: AFP

Most Read

Most Recent