ဖိလစ်ပိုင်သမ္မတ ဒူတာတေးက အများဆိုင်ရာ နေရာများတွင် ဆေးလိပ်သောက်သုံးမှုကို ပိတ်ပင်မည်

ဖိလစ်ပိုင်သမ္မတ ဒူတာတေးက အများဆိုင်ရာ နေရာများတွင် ဆေးလိပ်သောက်သုံးမှုကို ပိတ်ပင်မည်
Published 12 October 2016

ဖိလစ်ပိုင်သမ္မတ ရိုဒရီဂိုဒူတာတေးက အများဆိုင်ရာ နေရာများတွင် ဆေးလိပ်သောက်သုံးမှုကို ယခုလအတွင်း ပိတ်ပင်သွားမည်ဖြစ်ကြောင်း ကျန်းမာရေးဌာနက အောက်တိုဘာ ၁၂ ရက်တွင် ပြောကြားခဲ့သည်။ ရာဇဝတ်မှု နှိမ်နင်းရေးကို ပြင်းပြင်းထန်ထန် ဆောင်ရွက်နေသော ဒူတာတေးသည် တောင်ပိုင်း ဒါဗာအိုမြို့တွင် မြို့တော်ဝန်အဖြစ် ထမ်းဆောင်စဉ်က အသက်မပြည့်သူများကို ညမထွက်ရ အမိန့်ထုတ်ပြန်ခြင်း၊ ညပိုင်းတွင် အရက်ရောင်းချမှုနှင့် အင်္ကျီဗလာနှင့် လမ်းထွက်မှုတို့ကို ပိတ်ပင်တားမြစ်ခဲ့သည်။
အာရှတွင် အတင်းကျပ်ဆုံးသော ဆေးလိပ်ဆန့်ကျင်ရေး ထိန်းချုပ်မှုများရှိသည့် ဖိလစ်ပိုင်တွင် ဆေးလိပ် ကြော်ငြာများအား တားမြစ်ခြင်းနှင့် အများပြည်သူဆိုင်ရာ အဆောက်အအုံတွင်း နေရာများတွင် ဆေးလိပ် သောက်သုံးမှုကို တားမြစ်ခြင်းတို့ ပါဝင်သည့် ဥပဒေအား ထပ်မံပြဋ္ဌာန်းမည်ဖြစ်သည်။
ဆေးလိပ်သောက်သုံးမှုသည် သိသိသာသာ လျော့ကျနေသော်လည်း လျော့ကျနှုန်းသည် အလွန်အမင်း နှေးကွေးနေကြောင်း ကျန်းမာရေး ဒုတိယဝန်ကြီး အဲရစ်တေရက်က ပြောကြားခဲ့သည်။ ဒူတာတေးသည် ဒါဗာအို၌ ၂၀၀၂ ခုနှစ်က အများဆိုင် နေရာအားလုံးတွင် ဆေးလိပ်သောက်သုံးမှုကို ပိတ်ပင်ခဲ့သူဖြစ်သည်။ ဖိလစ်ပိုင်တွင် ဆေးလိပ်သောက်သုံးမှု ထိန်းချုပ်ရေး ဥပဒေကို ပြဋ္ဌာန်းပြီးနောက် ၁၀ နှစ်အကြာ ၂၀၁၃ ခုနှစ်တွင် ဖိလစ်ပိုင် လူဦးရေ၏ ၂၀ ဒသမ ၆ ရာခိုင်နှုန်းသည် ဆေးလိပ်သောက်သုံးကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့က ပြောကြားခဲ့သည်။ လူဦးရေ ၁၀၁ သန်းရှိသော ဖိလစ်ပိုင်သည် ဆေးလိပ်နှင့် ဆက်နွှယ်သော ကျန်းမာရေး ပြဿနာများကြောင့် ဝန်ထုပ်ဝန်ပိုးဖြစ်နေသည့် ကမ္ဘာ့ထိပ်တန်း ၁၀ နိုင်ငံတွင် တစ်နိုင်ငံ အပါအဝင်ဖြစ်သည်။            
Ref : AFP

Most Read

Most Recent