ကန်ထရိုက်သီအိုရီကို ဖော်ထုတ်မှုဖြင့် ဗြိတိန်-အမေရိကန် စီးပွားရေးပညာရှင်နှင့် ဖင်လန် စီးပွားရေး ပညာရှင်တို့ နိုဘယ်ဆုရရှိ

ကန်ထရိုက်သီအိုရီကို ဖော်ထုတ်မှုဖြင့် ဗြိတိန်-အမေရိကန် စီးပွားရေးပညာရှင်နှင့် ဖင်လန် စီးပွားရေး ပညာရှင်တို့ နိုဘယ်ဆုရရှိ
Published 10 October 2016

ကန်ထရိုက်သီအိုရီကို ဖော်ထုတ်ဆောင်ရွက်မှုအတွက် ဗြိတိန်-အမေရိကန် စီးပွားရေးပညာရှင် အိုလီဘာဟတ်နှင့် ဖင်လန် စီးပွားရေးပညာရှင် ဘင်ဟိုစတွန်းတို့သည် စီးပွားရေး နိုဘယ်ဆုကို ရရှိခဲ့ကြောင်း ဂျူရီအဖွဲ့က အောက်တိုဘာ ၁၀ ရက်တွင် ကြေညာခဲ့သည်။
ထိပ်တန်း အမှုဆောင်အရာရှိများ အတွက် စွမ်းဆောင်ရည် အခြေခံ၊ လစာပေးမှု၊ အာမခံစနစ်ဖြင့် လစာကို ပူးတွဲပေးချေမှု၊ နုတ်ပယ်မှု၊ အများဆိုင် ကဏ္ဍများကို ပုဂ္ဂလိက ပိုင်ပြုမှုကဲ့သို့သော ကိစ္စအမျိုးမျိုးတွင် ကန်ထရိုက်စာချုပ်ဖြင့် လုပ်ကိုင်မှုဆိုင်ရာ သီအိုရီကို ဖော်ထုတ်နိုင်ခဲ့မှု အတွက်ကြောင့် ယင်းပညာရှင်များအား နိုဘယ်ဆုချီးမြှင့်ကြောင်း ဂျူရီအဖွဲ့က ပြောကြားခဲ့သည်။
ဟတ်နှင့် ဟိုစတွန်းတို့က တည်ဆောက် ဖန်တီးခဲ့သော သီအိုရီ၏ နည်းလမ်းများကြောင့် ပြင်ပလက်တွေ့ အခြေအနေရှိ ကန်ထရိုက်စာချုပ်နှင့် အဖွဲ့အစည်းများကို အဖိုးမဖြတ်နိုင်သော နားလည်မှုရရှိခဲ့ပြီး ကန်ထရိုက်စာချုပ်နှင့် ပတ်သက်သော မမျှော်လင့်ထားသည့် အန္တရာယ် အလားအလာများကို သိရှိနားလည်ခဲ့ရကြောင်း ဂျူရီများက ပြောကြားခဲ့သည်။ ၎င်းတို့၏ သီအိုရီကြောင့် ဒေဝါလီခံမှုအတွက် ဥပဒေပြဋ္ဌာန်းမှုမှသည် နိုင်ငံရေးဖွဲ့စည်းပုံ အခြေခံဥပဒေများအထိ နယ်ပယ်မျိုးစုံတွင် မူဝါဒများနှင့် အဖွဲ့အစည်းများ တည်ဆောက်နိုင်ရန် အတွက် ပညာအခြေခံအုတ်မြစ်ကို ချမှတ်နိုင်ခဲ့ကြောင်း ဂျူရီများက အသိအမှတ် ပြုခဲ့သည်။
၁၉၄၈ ခုနှစ်တွင် မွေးဖွားခဲ့သော ဟတ်သည် အမေရိကန်ရှိ ဟားဗတ်တက္ကသိုလ်တွင် စီးပွားရေးပါမောက္ခဖြစ်ပြီး ဟိုစတွန်းသည် မက်ဆာချူးဆက် နည်းပညာတက္ကသိုလ်တွင် စီးပွားရေးနှင့် စီမံခန့်ခွဲမှုဆိုင်ရာ ပါမောက္ခ ဖြစ်သည်။ ၎င်းတို့နှစ်ဦးသည် နိုဘယ်ငြိမ်းချမ်းရေးဆုအတွက် ဆွီဒင်ငွေ ခရိုနာ ရှစ်သန်း (ဒေါ်လာ ၉၂၅၀၀၀) ကို ခွဲဝေရရှိမည်ဖြစ်သည်။
ဆင်းရဲမွဲတေမှုနှင့် ပတ်သက်သော ထူးခြားပြောင်မြောက်သည့် ဆောင်ရွက်ချက်ကြောင့် အမေရိကန်-ဗြိတိန် သုတေသန ပညာရှင် အင်ဂတ်ဒီယာတန်သည် စီးပွားရေး နိုဘယ်ထူးချွန်ဆုကို ယမန်နှစ်က ရရှိခဲ့သည်။ ဆွီဒင်တီထွင်သူနှင့် အများအကျိုးဆောင်သူ အဲလ်ဖရက်နိုဘယ်၏ ၁၈၉၅ ခုနှစ် သေတမ်းစာအတိုင်း နိုဘယ်ဆုများကို ၁၉၀၁ ခုနှစ်တွင်ချီးမြှင့် ပေးအပ်ခဲ့သော်လည်း စီးပွားရေး နိုဘယ်ဆုကိုမူ ၁၉၆၈ ခုနှစ်တွင် ဆွီဒင်ဗဟိုဘဏ်က ဖန်တီးချီးမြှင့်ခဲ့ခြင်းဖြစ်သည်။ ယခုနှစ်အတွက် ချီးမြှင့်မည့် နိုဘယ်ဆု ခြောက်မျိုးအနက် စီးပွားရေး နိုဘယ်ဆုသည် ငါးခုမြောက် ကြေညာခဲ့သည့် ဆုဖြစ်သည်။ ဆေးပညာ၊ ရူပဗေဒ၊ ဓာတုဗေဒနှင့် ငြိမ်းချမ်းရေး နိုဘယ်ဆုတို့ ပြီးခဲ့သည့်တစ်ပတ်က ကြေညာခဲ့ပြီးဖြစ်သည်။
နိုဘယ်ဆုများအနက် နောက်ဆုံးဆုအဖြစ် စာပေနိုဘယ်ဆုကို အောက်တိုဘာ ၁၃ ရက်တွင် ကြေညာမည်ဖြစ်သည်။ နိုဘယ်ဆု ရရှိသူများသည် ဒီဇင်ဘာ ၁၀ ရက်တွင် စတော့ဟုမ်း၌ အခမ်းအနားဖြင့် ဆုကို လက်ခံရယူကြမည် ဖြစ်သည်။
Ref : AFP

Most Read

Most Recent