စကားစစ်ထိုးပွဲ၌ ထရန့်က သွေးထိုးလှုံ့ဆော်မှုများနှင့် ဒေါသတကြီး ဝေဖန်ကာ ခြိမ်းခြောက်မှုများ ပြုလုပ်

စကားစစ်ထိုးပွဲ၌ ထရန့်က သွေးထိုးလှုံ့ဆော်မှုများနှင့် ဒေါသတကြီး ဝေဖန်ကာ ခြိမ်းခြောက်မှုများ ပြုလုပ်
Published 10 October 2016

အောက်တိုဘာ ၉ ရက်က ပြင်းထန်သော သမ္မတလောင်း စကားစစ်ထိုးပွဲတွင် ဒေါ်နယ်ထရန့်သည် ရမ်းရမ်းကားကား ပြောဆိုခဲ့သည့် သူ၏မဲဆွယ်မှုများကို အဖတ်ဆယ်ရန်အတွက် မြေလှန်ထိုးစစ် တစ်ရပ်ကို စတင်လိုက်ပြီး သမ္မတရွေးကောက်ပွဲ၌ သူအနိုင်ရရှိပါက ပြိုင်ဘက် ဟီလာရီကလင်တန်ကို ထောင်ချပစ်မည်ဟု ကတိပြုပြောကြားလျက် ဟီလာရီ၏ ခင်ပွန်းကိုလည်း လိင်ပိုင်းဆိုင်ရာ မတော်တလျော်မှုများ ပြုလုပ်ခဲ့သည်ဟု စွပ်စွဲခဲ့သည်။
ဘီကလင်တန်နှင့် သူ၏မတော်တလျော် ပြုလုပ်မှုခံခဲ့ရဖူးသည်ဟု စွပ်စွဲထားသော အမျိုးသမီးသုံးဦး အပါအဝင် စကားစစ်ထိုးပွဲသို့ တက်ရောက်သည့် ပရိသတ်များနှင့် ရုပ်သံမှတစ်ဆင့် ကြည့်ရှုသော သန်းပေါင်း ဆယ်ဂဏန်းချီသည့် ပရိသတ်များ၏ ရှေ့မှောက်တွင် ရီပက်ဘလီကင် သမ္မတလောင်းသည် နိုင်ငံရေးဣန္ဒြေနှင့် ပတ်သက်သော နောက်ဆုံး အကြွင်းအကျန်များကို အစိတ်စိတ်အမြွှာမြွှာ ဖြိုခွဲလျက် သမ္မတဟောင်းအား သွေးထိုးလှုံ့ဆော်သည့် စွပ်စွဲမှုများ ပြုလုပ်ခဲ့သည်။
ထရန့်သည် မဲဆွယ်မှုများ ပြုလုပ်ရာ၌ ရမ်းရမ်းကားကား ပြောဆိုမှုများအပြင် ဆွေးနွေးခန်းတစ်ခု၌ အမျိုးသမီးများကို ကိုင်ပစ်လိုက်၍ရကြောင်း ကြွားဝါပြောဆိုခဲ့မှုအတွက် ပြန်လည်တောင်းပန် ခဲ့ရသော်လည်း သမ္မတဟောင်း ဘီကလင်တန်ကို အမျိုးသမီးများကို မတော်တလျော် ပြုခဲ့သည်ဟု ဆိုးဆိုးရွားရွား ပြောဆိုခဲ့သည်။
“ခင်ဗျားတို့ ဘီကလင်တန်ကိုကြည့်ရင် အများကြီး ပိုဆိုးပါတယ်။ ကျွန်တော်က စကားအဖြစ်ပဲ ပြောတာပါ။ သူကမှ တကယ်လုပ်တာ” ဟု ထရန့်က ပြောကြားခဲ့သည်။
အသက် ၇၀ အရွယ် အိမ်ခြံမြေရောင်းဝယ်ရေး သူဌေးကြီးက နောက်တစ်ဆင့်တက်လျက် သူ၏ ၂၀၁၆ ဒီမိုကရက်တစ် ပြိုင်ဘက်ကို ခြိမ်းခြောက်မှု ပြုလုပ်ခဲ့သည်။ ထရန့်က ဟီလာရီ၏ နှလုံးသားထဲ၌ အမုန်းများဖြင့်သာ ပြည့်နှက်နေသည်ဟု စွပ်စွဲခဲ့ပြီး သူသမ္မတ ဖြစ်လာပါက ဟီလာရီကလင်တန်ကို ထောင်ချပစ်မည်ဟု ခြိမ်းခြောက်ခဲ့သည်။
“ကျွန်တော် နိုင်ခဲ့ရင် ရှေ့နေချုပ်ကို အထူးတရားစွဲဆိုသူတစ်ဦး ခေါ်ခိုင်းပြီး ခင်ဗျားရဲ့ အနေအထားကို စစ်ဆေးခိုင်းပါမယ်။ ဒီလောက်များတဲ့ မုသားတွေ၊ ဒီလောက်များတဲ့ လိမ်လည် လှည့်ဖျားမှုတွေ မကြုံဖူးဘူး” ဟု ထရန့်က ပြောကြားခဲ့သည်။
ရွေးကောက်ပွဲရက် မတိုင်မီ တစ်လအလို၌ ဟီလာရီကလင်တန်သည် ကျားနာခဲ ခဲနေသော ပြိုင်ဘက်ကို ရင်ဆိုင်နေရပြီး သူက ထရန့်၏ ရိုင်းပျသည့် ပြောချင်ရာ ပြောနေသော စကားများသည် သူ၏ စစ်မှန်သည့် အတ္တကို ထုတ်ဖော်ပြနေခြင်းသာ ဖြစ်ကြောင်း ပြန်လှန်ပြောကြားခဲ့သည်။
“ဒါက ဒေါ်နယ်ထရန့်ဆိုတာ ဘာလဲလို့ ပြနေတာပါ။ ကျွန်မတို့အတွက် မေးခွန်း၊ ကျွန်မတို့ နိုင်ငံအတွက် မေးခွန်းအတွက် အဖြေကတော့ ဒါက ကျွန်မတို့ ဘယ်သူလဲဆိုတာမျိုး ပြနေတာ မဟုတ်ဘူး ဆိုတာပါပဲ” ဟု ကလင်တန်က ပြောကြားခဲ့သည်။
ကလင်တန်က “ထရန့်လို စိတ်ထားမျိုး ရှိတဲ့သူက နိုင်ငံကို ဦးဆောင်နေတာမျိုး မဟုတ်တာ သိပ်ကိုကောင်းပါတယ်” ဟု ပြောကြားသည့်အခါ ထရန့်က “ခင်ဗျား ထောင်ကျမှာမို့ မဟုတ်လား” ဟု ပြန်ပက်ခဲ့သည်။
သမ္မတ ဘာရက်အိုဘားမား၏ ရှေ့နေချုပ်ဟောင်း အဲရစ်ဟိုဒါသည် ထရန့်၏ ခြိမ်းခြောက်မှုနှင့် ပတ်သက်၍ ပြစ်တင်ဝေဖန်သူများထဲတွင် ထိပ်ဆုံးမှပါဝင်ခဲ့ပြီး ဝေဖန်သူများက ထရန့်ကို ဆုံးဖြတ်ချက်ချမှတ်ရာ၌ အာဏာရှင်တစ်ဦး ဖြစ်သည်ဟု သရုပ်ဖော်ခဲ့ကြသည်။
Ref : AFP

Most Read

Most Recent