သက်ဆိုင်ရာမြို့နယ်၊ ခရိုင်များ၌ ပွဲလမ်းသဘင်ကို အကြောင်းပြပြီး မသမာသည့် ငွေသိမ်း ငွေယူမှုများ၊ လာဘ်ပေးလာဘ်ယူမှုများ ပေါ်ပေါက်ပါက သက်ဆိုင်ရာ တိုင်း၊ ပြည်နယ် အစိုးရများနှင့် ပေါင်းစပ်ညှိနှိုင်း အရေးယူမည်

သက်ဆိုင်ရာမြို့နယ်၊ ခရိုင်များ၌ ပွဲလမ်းသဘင်ကို အကြောင်းပြပြီး မသမာသည့် ငွေသိမ်း ငွေယူမှုများ၊ လာဘ်ပေးလာဘ်ယူမှုများ ပေါ်ပေါက်ပါက သက်ဆိုင်ရာ တိုင်း၊ ပြည်နယ် အစိုးရများနှင့် ပေါင်းစပ်ညှိနှိုင်း အရေးယူမည်
Published 9 October 2016
ငြိမ်းဇော်လင်း၊ မျိုးမင်းထက်

သက်ဆိုင်ရာမြို့နယ်၊ ခရိုင်များ၌ ပွဲလမ်းသဘင်ကို အကြောင်းပြပြီး မသမာသည့် ငွေသိမ်းငွေယူမှုများ၊ လာဘ်ပေးလာဘ်ယူမှုများ ပေါ်ပေါက်ပါက သက်ဆိုင်ရာတိုင်း၊ ပြည် နယ်အစိုးရများနှင့် ပေါင်းစပ်ညှိနှိုင်း ပြီးလိုအပ်သည့် အရေးယူမှုများ ပြုလုပ်သွားမည်ဟု ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ပြည်သူ့လွှတ်တော်၌ ရှင်းလင်းပြောကြားသည်။
ဒုဝန်ကြီးဗိုလ်ချုပ်အောင်စိုးက နေပြည်တော်တွင် အောက်တိုဘာ ၆ ရက်က ပြုလုပ်သည့် ပြည်သူ့လွှတ်တော် အစည်းအဝေး၌ ရွှေဘိုမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေဇင်လတ်၏ “ခရိုင်၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနများ အနေဖြင့် မြန်မာ့ရိုးရာ ဆယ့်နှစ်လရာသီ ပွဲတော်များ၊ နိုင်ငံတော် အထိမ်းအမှတ် အခမ်းအနားပွဲများနှင့် ဒေသတွင်း အားကစားပြိုင်ပွဲတို့အတွက် သီးသန့်ရန်ပုံငွေတစ်ရပ် ထူထောင်ပြီး ကျင်းပဆောင်ရွက်ရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းများနှင့်ပတ်သက်၍ ဖြေကြားရာတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောကြား ခဲ့ခြင်းဖြစ်သည်။
နေပြည်တော်ကောင်စီ သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့များက ဖြစ်စေ၊ ၎င်းတို့၏ တာဝန်ပေးချက်အရ အစိုးရဌာန၊ အဖွဲ့အစည်းများကဖြစ်စေ ဦးစီးကျင်းပသည့် အခမ်းအနားများ၊ ပွဲလမ်းသဘင်များ၊ သရုပ်ဖော်ပွဲများ၊ ပြိုင်ပွဲများနှင့် အခြားဖျော်ဖြေပွဲများကို ကျင်းပခြင်းဖြစ်ပါက နေပြည်တော်ကောင်စီ၊ သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့များက သတ်မှတ်ထားသည့် စည်းကမ်းများနှင့် ညီညွတ်စေရန် ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူးများက ကြပ်မတ်ထိန်းသိမ်းနိုင်ရေး အတွက် သက်ဆိုင်ရာဌာန အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါ ဒေသအလိုက် မြို့နယ်၊ ခရိုင်များတွင် ပြုလုပ်လျက်ရှိသည့် အဆိုပါ ပွဲလမ်းသဘင် အခမ်းအနားများမှာ ပြည်ထဲရေး ဝန်ကြီးဌာနမှ သက်ဆိုင်ရာမြို့နယ် ခရိုင်များသို့ တိုက်ရိုက်တာဝန်ပေး စေခိုင်းကျင်းပခြင်းများ မရှိကြောင်း ဒုဝန်ကြီးဗိုလ်ချုပ် အောင်စိုးက ရှင်းလင်းတင်ပြသည်။
“ခရိုင်၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနများ အနေဖြင့် မြန်မာ့ရိုးရာ ၁၂ ရာသီပွဲတော်များ၊ နိုင်ငံတော် အထိမ်းအမှတ်အခမ်း အနားပွဲများနဲ့ဒေသတွင်း အားက စားပွဲများအစရှိတဲ့ပွဲတွေကို သတ် မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်း ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရေးအတွက် သက်ဆိုင်ရာဌာန အဖွဲ့အစည်းများနဲ့ ကြပ်မတ်ထိန်း သိမ်းဆောင်ရွက်လျက်ရှိပါတယ်။ ပြည်ထဲရေး ဝန်ကြီးဌာန အနေနဲ့ကတော့ ခရိုင်၊ မြို့နယ်အထွေထွေအုပ်ချုပ် ဦးစီးဌာနများကို အဆိုပါ ပွဲလမ်းသဘင်များ ကျင်းပနိုင်ရေးအတွက် တာဝန်ပေးအပ်မှု မရှိသကဲ့သို့ ဒေသဆိုင်ရာများကိုလည်း ခွဲတမ်းချခြင်း၊ ဒေသခံစီးပွားရေး လုပ်ငန်းရှင်များထံမှ အလှူငွေ ကောက်ခံခြင်းများကိုလည်း လုပ်ဆောင်ခွင့်ပြုထားခြင်းများ မရှိပါကြောင်း တင်ပြအပ်ပါတယ်” ဟု ဗိုလ်ချုပ်အောင်စိုးက ဆိုသည်။
ခရိုင်၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနများ အနေဖြင့် မြန်မာ့ရိုးရာ ၁၂ လရာသီ ပွဲတော်များ၊ နိုင်ငံတော် အထိမ်းအမှတ် အခမ်းအနားပွဲနှင့် ဒေသတွင်း အားကစားပွဲများ ကျင်းပနိုင်ရေးအတွက် ပြည်ထဲရေး ဝန်ကြီးဌာနမှ သီးသန့်ရန်ပုံငွေတစ်ရပ် ထူထောင်ပြီး ကျင်းပဆောင်ရွက်ရန် အစီအစဉ် မရှိကြောင်းနှင့် ယင်းအခမ်းအနားများ ကျင်းပနိုင်ရေးအတွက် ကုန်ကျစရိတ်များကို သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရ အဖွဲ့များမှ သက်ဆိုင်ရာ ငွေစာရင်း ခေါင်းစဉ်အလိုက် ဆောင်ရွက်သော လုပ်ငန်းများဖြစ်သည့် အတွက် အချို့တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရ အဖွဲ့များမှလည်း ခေါင်းစဉ်များ ရေးဆွဲဆောင်ရွက်လျက် ရှိကြောင်း ၎င်းကဆက်လက် ရှင်းလင်းသည်။
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေဇင်လတ်က “ထပ်ဆင့်မေးချင်တာက လက်ရှိရှေ့ လျှောက်မှာရော ကျွန်မတို့ရဲ့ ဝန်ထမ်း တွေမှာ ခွဲတမ်းချအလှူခံတာမျိုးလုပ် ခဲ့တာမျိုးဖြစ်စေ၊ ပြည်သူများဆီမှ အလှူခံ၍ ကျင်းပတာမျိုးဖြစ်ခဲ့လို့ရှိရင် ဝန်ကြီးဌာနအနေနဲ့ ထိရောက်တဲ့ အရေးယူမှုတွေ ပြုလုပ်ပေးဖို့ အစီအစဉ် ရှိပါသလား” ဟု ထပ်ဆင့် မေးမြန်းခဲ့သည်။
“ဒီမေးခွန်းနှင့် ပတ်သက်ပြီးတော့လည်း လွှတ်တော်ကိုယ်စားလှယ်ကြီး ဆွေးနွေးခဲ့သလိုပဲ သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရအသီးသီးကိုလည်း မေးသလို၊ သက်ဆိုင်ရာ အထွေထွေအုပ်ချုပ်ရေး ဌာနမှာရှိတဲ့ မြို့နယ်ခရိုင်အဆင့် တွေကိုလည်း မေးမြန်းခဲ့ပါတယ်။ ဒီလို မေးမြန်းခဲ့တဲ့ အခါမှာ ကျွန်တော်တို့ ရရှိခဲ့တဲ့ အချက်အလက်တွေအရ တိုင်းဒေသကြီးအစိုးရအဖွဲ့တွေရဲ့ တင်ပြချက်မှာလည်း ဒါနဲ့ပတ်သက် ပြီး သဘောထားတွေမေးတဲ့အခါမှာ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရရဲ့ ဘတ်ဂျက်နဲ့ဆောင်ရွက်နေတဲ့ တိုင်း စုစုပေါင်း ငါးခုရှိပြီးဖြစ်ပါတယ်။ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရရဲ့ ဘတ်ဂျက်နဲ့ ဆက်လက်ဆောင်ရွက် သွားမယ်လို့ ဖြေကြားထားတဲ့ ညှိနှိုင်း ဖြေကြားချက်ပို့ထားတာ ငါးခုရှိပါတယ်။ တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရဘတ်ဂျက်အပြင် စေတနာရှင်တွေရဲ့ စေတနာအလျောက်ပါဝင် ထည့်ဝင်လှူဒါန်းငွေနဲ့လည်း လက်ခံပြီးတော့ ရိုးရာပွဲလမ်း သဘင်တွေကို စည်းကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးကိုလည်း ဆောင်ရွက်သွားမယ်လို့ တင်ပြထားတဲ့ တိုင်းဒေသကြီးလည်း တွေ့ရပါတယ်။ ဒေသတွင်း ဘာသာရေးဆိုင်ရာ ပွဲလမ်းသဘင်တွေမှာလည်း ဒေသခံ စေတနာရှင် ပြည်သူတွေရဲ့ ပူးပေါင်း ပါဝင်ဆောင်ရွက်မှုကို ကြိုဆိုလက်ခံတဲ့ အနေနဲ့ ဒီလိုလည်း ညှိနှိုင်းချက်တွေ တွေ့ရပါတယ်။ တိုင်းဒေသကြီး တစ်ခုကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနကနေ ဘတ်ဂျက်ရေးဆွဲသင့်တယ်လို့ ညှိနှိုင်းတင်ပြလာခဲ့တာ လည်းရှိပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော့်အနေနဲ့ တင်ပြလိုတာက တော့ ကျွန်တော်တို့ ဝန်ကြီးဌာနက တော့ တင်ပြခဲ့သလိုပဲ အထွေထွေ အုပ်ချုပ်ရေးဌာနရဲ့ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့တွေရဲ့ နယ်မြေ တွေမှာရှိတဲ့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနဝန်ထမ်းများရဲ့ လစာ၊ စရိတ်အပါအဝင် ဘတ်ဂျက်ရန်ပုံ ငွေ စာရင်းအားလုံးကို သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရတွေ ဆီကပဲ တင်ပြတောင်းခံသုံးစွဲတာ ဖြစ်တဲ့အတွက် ကျွန်တော်တို့ ဝန်ကြီး ဌာနအနေနဲ့ကတော့ ရန်ပုံငွေထူ ထောင်ဖို့ မရှိဘူးဆိုတာလည်း သက်ဆိုင်ရာတိုင်းကို ပြန်ကြားခဲ့ပြီးဖြစ်ပါတယ်။ အလားတူပဲ ကျွန်တော်တို့က တိုင်းဒေသကြီး အစိုးရတွေရဲ့ တင်ပြခဲ့တဲ့ မတူညီတဲ့အချက် (၃)ချက်ပေါ်မှာလည်း လွှတ်တော်ကိုယ်စားလှယ်ရဲ့ မေးခွန်းဖြစ်ပေါ်မှုကိုသာ သက်ဆိုင်ရာ တိုင်းဒေသကြီးကို ချပြခဲ့တာဖြစ်ပြီး လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်မှုကတော့ သက်ဆိုင်ရာ တိုင်းဒေသကြီး အစီအမံနဲ့ ဆောင်ရွက်နေခြင်းပဲ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ သက်ဆိုင်ရာ မြို့နယ်၊ ခရိုင်တွေမှာ ပွဲလမ်းသဘင်တွေကို အကြောင်းပြပြီး မသမာတဲ့ ငွေသိမ်းငွေယူမှုတွေ၊ လာဘ်ပေး လာဘ်ယူမှုတွေ ပေါ်ပေါက်လာမယ် ဆိုရင်လည်း ဒီပေါ်ပေါက်မှု အပေါ်မှာ ကျွန်တော်တို့ ဝန်ကြီးဌာန အနေနဲ့ကတော့ သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရတွေနဲ့ ပေါင်းစပ်ညှိနှိုင်းပြီး လိုအပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေနဲ့ လိုအပ်တဲ့ အရေးယူ ဆောင်ရွက်မှုတွေကို ဆက်လက် ပြုလုပ်သွားမှာ ဖြစ်ကြောင်း တင်ပြအပ်ပါတယ်” ဟု ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ဆက်လက် ဖြေကြားသည်။ 
 

Most Read

Most Recent